အမျိုးသားရင်ကြားစေ့နိုင်ဖို့ မြန်မာအတွက် အချိန်လိုတယ်

အမျိုးသားရင်ကြားစေ့နိုင်ဖို့ မြန်မာအတွက် အချိန်လိုတယ်
သမ္မတဦးထင်ကျော် ဧပြီလ ၇ရက်က တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် / ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး

ဧပြီ ၈ ။              ။ ပြီးခဲ့တဲ့လတွေတုန်းက မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံထားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အနောက်နိုင်ငံတွေကြားမှာ ထွက်ပေါ်ထားခဲ့ပါတယ်။ ဒါကို ပြန်လည် တုန့်ပြန်တဲ့အနေနဲ့ မြန်မာရဲ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမတို့နိုင်ငံမှာ မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံထားရမျိုး ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံဘဲ ငြင်းဆိုသွားခဲ့ပါတယ်။

မိမိတို့ နိုင်ငံ ရခိုင်ပြည်နယ်မှာ ပြဿနာတွေရှိနေတာ လက်ခံပါကြောင်း၊ ဒါပေမယ့် ဘင်္ဂါလီတွေ လူမျိုးတုံး သတ်ဖြတ်ခံထားရတယ်ဆိုတာမျိုးတော့ မရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်က ဘီဘီစီ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီ ပြဿနာနဲ့ပတ်သက်လို့ နိုင်ငံတကာဖိအားပေးမှုတွေနဲ့  ပြီးခဲ့တဲ့ နှစ်တွေကတည်းက ရင်ဆိုင်ထားခဲ့ပါတယ်။ အာဏာရလာပြီး တစ်နှစ်အကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခုလို ဘင်္ဂါလီကိစ္စမှာ ကောင်းကောင်းမကိုင်တွယ်နိုင်ကောင်းလား ဆိုပြီး အနောက်အုပ်စုဘက်က ဝေဖန်ပြစ်တင်ထားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံမှာ စီးပွားရေးတိုးတက်မှုနှေးကွေးနေတာနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း မငြိမ်းချမ်းနိုင်ဘဲ တိုက်ပွဲတွေပဲ ဆက်ဖြစ်နေတာ၊ အရှိန်ပိုမြင့်လာတာတွေကြောင့်လည်း အစိုးရအပေါ် ဝေဖန်သံတွေ ညံလာခဲ့ရပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဆိုတာမျိုးက ဘယ်လိုပဲဖြစ်ဖြစ် လွယ်လင့်တကူ လုပ်လို့ရနိုင်တဲ့ အလုပ်တစ်ခုမဟုတ်ဘူးဆိုတဲ့ ကိစ္စကို ဒီလိုမျိုး စွပ်စွဲချက်တွေ၊ စောဒကတက်ချက်တွေထဲမှာ လျစ်လျူရှု ဘေးဖယ်ထားတာကို တွေ့ရပါတယ်။ ဘင်္ဂါလီ ပြဿနာဆိုတာက ကာလရှည် ဖြစ်နေခဲ့တဲ့ ပြဿနာဖြစ်ပြီး နေ့ချင်းညချင်း ဟပ်ချလောင်း ဆိုပြီး ရှင်းလို့မရနိုင်သလို နိုင်ငံမြောက်ခြမ်းက တိုင်းရင်းသား ပဋိပက္ခတိုက်ပွဲတွေကို ဖြေရှင်းဖို့ လုပ်တဲ့ အခါမှာလည်း ဒီအတိုင်းပါပဲ၊ ဘယ်လိုမှ မလွယ်ကူတဲ့ အလုပ်တွေပါ။ ဒီလို ခက်ခဲတဲ့အလုပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် အချိန်ယူရမှာ ဖြစ်သလို မဆုတ်မနစ် အလေးထား အားထုတ်မှုမျိုးလည်း လိုအပ်ပါတယ်။ အစိုးရနဲ့ တစ်ဘက်က သက်ဆိုင်သူအဖွဲ့အစည်းတွေအကြား အပြန်အလှန် ယုံကြည်မှုကိုလည်း တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမး်မှု မရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်မလာနိုင်သလို ဖွံ့ဖြိုးတိုးတက်မှု မရှိပဲနဲ့လည်း ငြိမ်းချမ်းနိုင်မှာမဟုတ်ဘူးဆိုတာ သတိချပ်ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရအနေနဲ့ကတော့ အမျိုးသား ရင်ကြားစေ့ရေးကို သူတို့ရဲ့ နံပါတ်တစ် ဦးစားပေးအဖြစ် သတ်မှတ်ထားတာကို တွေ့ရပါတယ်။ ဒါကို အောင်မြင်စွာ ဆောင်ကျဉ်းနိုင်ဖို့အတွက်ကလည်း မနားမနေ အားထုတ်မှုတွေလည်း လုပ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို အချိန်ပိုပေးရမှာ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာက နိုင်ငံအများစုမှာလည်း အဓိက ကြံုတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရဘက်က ဒီ ခက်ခဲလှတဲ့ အလုပ်ကို ကြိုးစားပမ်းစား ကိုုင်တွယ်အားထုတ်နေသလောက် အနောက်အုပ်စုကတော့ လူ့အခွင့်အရေးပြဿနာ ကို အရေးတင်ပြီး နိုင်ငံကို အရေးယူဒဏ်ခတ်ဖို့ ခြိမ်းခြောက်နေတာတွေ့ရပါတယ်။ ဒီလိုလုပ်ခြင်းက မြန်မာရဲ့ အမျိုးသားရင်ကြားစေ့ရေးအားထုတ်မှုတွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ တကယ်ဆိုရင် ဒီလိုလုပ်တာထက်စာရင် နိုင်ငံရေးအရ ထောက်ခံပေးသင့်တာဖြစ်ပါတယ်။ ခုချိန်မှာ မြန်မာတို့လိုအပ်နေတာက အကူ့အညီထောက်ခံအားပေးမှုတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလတစ်ခုတုန်းကလည်း ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ မြန်မာအပေါ် ကုလလုံခြံုရေးကောင်စီ ထုတ်ပြန်ချက် ထုတ်မယ့်ကိစ္စအဆိုပြုချက်ကို ရုရှနဲ့အတူ တရုတ်တို့က ၀င်ကန့်ကွက်ပေးထားခဲ့ရပါတယ်။

တရုတ်တို့အနေနဲ့ကတော့ မြန်မာရဲ့ ပြည်တွင်းရေးမှာ ၀င်မစွက်ဖက်ဘူး၊ နိုင်ငံတစ်နိုင်ငံရဲ့ သူတို့တိုးတက်မှုလမ်းကြောင်းအတိုင်း ရွေးချယ်လုပ်ဆောင်နေတာကိုလေးစားလိုက်နာမယ်ဆိုတဲ့ မူဝါဒကို အစဉ်အမြဲလိုက်နာထားခဲ့ပါတယ်၊ အခြား နိုင်ငံအများအပြားမှာ တွေ့ကြံုထားခဲ့ရတဲ့ ဥပမာတွေကို ကြည့်လိုက်ရင်လည်း ပြည်ပအင်အားစုတွေရဲ့ ဖိအားပေးမှုတွေက နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း စည်းလုံးညီညွတ်မှုပိုင်းမှာ ကန့်သတ်မှုတွေ ရှိသွားနိုင်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာတို့အနေနဲ့ သူတို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးကို အောင်မြင်စွာ ရရှိနိုင်စေဖို့အတွက် လွတ်လပ်မှု ရှိသင့်ပါတယ်။

ခုဆိုရင် မြန်မာသမ္မတ ဦးထင်ကျော်ဟာ ဧပြီ ၆ ရက်ကစပြီး တရုတ်နိုင်ငံမှာ ခြောက်ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေပါတယ်။ ယခု ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အပြန်အလှန် ပြောဆိုဆက်ဆံမှုတွေကနေတဆင့် တရုတ်တို့ဘက်က မြန်မာရဲ့ အမျိုးသားရင်ကြားစေ့ရေး အားထုတ်မှုတွေမှာ ဘယ်လိုမျိုး ဆက်လက်ကူညီပေးနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးသွားနို်င်မယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်တို့အနေနဲ့ကတော့ မြန်မာရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နီးနီးကပ်ကပ် အထူးအလေးထားနေသလို အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ဆက်လက်ပါ၀င်ပေးလိုစိတ် ရှိနေပါတယ်။

(ယခုဆောင်းပါးသည် တရုတ်အစိုးရပိုင် Global Times သတင်းစာမှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပြီး မဇ္ဈိမသတင်းဌာန၏ အာဘော်မဟုတ်ပါ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly