သင်္ကြန်ဖျော်ဖြေရေးပုံစံ ကျင်းပလိုပါက တိုင်းအစိုးရထံ တိုက်ရိုက်လျှောက်ထားနိုင်

သင်္ကြန်ဖျော်ဖြေရေးပုံစံ ကျင်းပလိုပါက တိုင်းအစိုးရထံ တိုက်ရိုက်လျှောက်ထားနိုင်

ရန်ကုန်၊ဧပြီ ရ ။            ။ ၂၀၁၇ သင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်အနေနှင့် လျှောက်ထားမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးထံသို့ လာရောက်လျှောက်ထားနိုင်ပြီး Festival (ဖျော်ဖြေပွဲ)များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်ရိုက်လျှောက်ထား ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး အင်ဂျင်နီယာဌာန လမ်း/တံတားက ဌာနစုမှူး ဦးသန်းဟုတ်က ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲများအတွက် လက်မှတ်ရောင်းချနိုင်ပြီး ကွင်းအတွင်းမှာ သီးသန့်ဖျော်ဖြေပွဲပုံစံ ပြုလုပ်မှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။

"မဏ္ဍပ်နေရာချထားရေး ကော်မတီအနေနဲ့ အဲ့လို လက်မှတ်ရောင်းချပြီးတော့ ကွင်းအတွင်းမှာ ပွဲပါမစ်သဘောမျိုးနဲ့လုပ်မယ့်မဏ္ဍပ်တွေကျတော့ ဒီကနေပြီးတော့ ခွင့်မပြုဘူး။ တိုင်းဒေသကြီးကနေ ခွင့်ပြုပေးတယ်"ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန လမ်း/တံတားက ဌာနစုမှူး ဦးသန်းဟုတ်က ဆိုသည်။

ယခင်နှစ်တွင် မဏ္ဍပ်စုစုပေါင်း ၉၁ ခုရှိခဲ့ပြီး ယခုနှစ်တွင်မူ မဏ္ဍပ်စုစုပေါင်း ၈၂ခု ရှိမည်ဖြစ်ကာ မဏ္ဍပ်ကြီး အရေအတွက် လျော့နည်းမလာဘဲ မဏ္ဍပ်အသေးများ လျော့နည်းသွားကြောင်း သူက ဆက်ပြောသည်။

မဏ္ဍပ်တွေကို စီးပွားဖြစ်မဏ္ဍပ်ဖြစ်၊ မဖြစ် ခွဲခြားပုံနဲ့ ပတ်သတ်ပြီး ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန လမ်း/တံတားမှ ဒုဌာနမှူး ဦးစိုးသိန်းအောင်က "လက်မှတ်ရောင်းနေတဲ့ မှန်သမျှကတော့ ငါတို့သိတာကတော့ စီးပွားဖြစ်မဏ္ဍပ်ပဲပေါ့နော်" ဟု ဆိုသည်။

မဏ္ဍပ်နေရာချထားရေးနှင့် ကြံခိုင်မှုစစ်ဆေးရေး ကော်မတီအနေဖြင့် ရန်ကုန်မြို့ရှိ အဓိက လမ်းမများပေါ်တွင် စီးပွားဖြစ်မဏ္ဍပ်တွေကို ခွင့်မပြုပဲ ရန်ကုန်စည်ပင်က ထုတ်ပြန်ထားသော မဏ္ဍပ်ဆောက်လုပ်လိုသူများ လိုက်နာရန် အချက် ၄၅ ချက်နှင့် ကိုက်ညီသော မိသားစု ရေကစားမဏ္ဍပ်များကိုပဲ ခွင့်ပြုချက်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly