အမှိုက်မှ လျှပ်စစ်ထုတ်နိုင်သည့်စက်ရုံ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်

အမှိုက်မှ လျှပ်စစ်ထုတ်နိုင်သည့်စက်ရုံ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်

ရန်ကုန် ဧပြီ ရ ။              ။ မြန်မာနိုင်ငံတွင် အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်နိုင်သည့် စက်ရုံကို ယနေ့ ဧပြီလ ရ ရက်နေ့၊  ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ကြားလှော်ကားလမ်းတွင် ပထမဆုံး စတင်ဖွင့်လှစ်လိုက်သည်။

ယင်းစက်ရုံတွင် တစ်ရက်ကို အမှိုက် တန် ၆ဝ မီးရှို့ပြီး လျှပ်စစ်ဓာတ်အား တစ်နာရီကို ရဝဝ ကီလိုဝပ် ထွက်မည်ဖြစ်သည်။ ထိုသို့ ထွက်လာသည့် တစ်နာရီလျှပ်စစ်ဓာတ်အားမှ ၄ဝဝ ကီလိုဝပ်ကို စက်ရုံလည်ပတ်ရန်အတွက် ပြန်လည် အသုံးပြုမည်ဖြစ်ပြီး ၃ဝဝ ကီလိုဝပ်ကို မဟာဓာတ်အားလိုင်းတွင် ထည့်သွင်းပြီး ပြန်လည်ရောင်းချ သွားမည်ဖြစ်သည်။

မင်္ဂလာဒုံမြို့နယ်က နေ့စဉ်ထွက်ရှိသည့် အမှိုက် ရ၂ တန်ကို အမှိုက်မီးရှို့စက် ပုံမှန်လည်ပတ်ရန် အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံသည် ရေထုနှင့် မြေထုညစ်ညမ်းမှုကို သုညခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ဆိုသည်။

"အမှိုက်ကို ရိုးရိုးမြေကြီးပေါ်မှာ ပုံတာထက်စာရင် စက်နဲ့လုပ်တာက လေထုညစ်ညမ်းမှုကို ရ၅ရာခိုင်နှုန်း လျှော့ချနိုင်တယ်။ ရေညစ်ညမ်းမှုက မိုးတွေရွာတဲ့အခါ အမှိုက်ထဲက အမည်းရည်တွေ ဆင်းသွားတယ်။ အမှိုက်ပုံ အနီးနားတဝိုက်မှာ ဘာမှလုပ်လို့ မရဘူး။ ဒီမှာ ကျွန်တော်တို့ စက်ရုံ တည်လိုက်တဲ့အတွက် မြေထုညစ်ညမ်းမှုက လုံးဝမရှိတော့ဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှုထဲက လေထုညစ်ညမ်းမှုကို အနည်းငယ်ပဲ ဖြစ်စေနိုင်တယ်။ ကျန်တဲ့ ရေထု၊ မြေထုညစ်ညမ်းမှုတွေကို သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်တဲ့အတွက် ရန်ကုန်မြို့တင်မဟုတ်ဘဲ အခြားနေရာတွေမှာလည်း လက်တွေ့ကျကျ ဒီစက်ရုံတွေ တည်ဆောက်သွားသင့်တယ်" ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။

ယင်းစက်ရုံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ ၁၆ သန်းခန့် ဖြင့် ၂ဝ၁၅ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည််။

အမှိုက်မှလျှပ်စစ်စွမ်းအင်ထုတ်နိုင်သည့်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဂျပန်နိုင်ငံသံအမတ်ကြီးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly