Beauty Blogger မဝင်းမင်းသန်းနှင့် တွေ့ဆုံခြင်း

Beauty Blogger မဝင်းမင်းသန်းနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံ- Yangon In My Heart

Mizzima TV ကိုကြည့်ရှု့နေကြတဲ့ ပရိသတ်များ မင်္ဂလာပါခင်ဗျာ။

အလှအပကို လူတိုင်းနီးပါး မြတ်နိုးကြပါတယ်။ အလှအပ မပြင်တတ်ဘူးဆိုရင်တောင် အလှအပရေးရာ ကျွမ်းကျင်သူတွေဆီမှာ အကြံဉာဏ်တောင်းတတ်ကြပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် အလှအပကို မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ စိတ်ဝင်စားလာကြပါတယ်။ ဒါကြောင့် ကျွန်တော်က အလှအပနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံက အကြံဉာဏ်ပေးနိုင်တဲ့ အလှအပရေးရာအတိုင်ပင်ခံ Beauty Blogger တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ပရိသတ်တွေကလည်း ကျွန်တော်မိတ်ဆက်ပေးမှာ ဘယ်သူဆိုတာကို သိနေလောက်ပါပြီ။ သူကတော့ ကျွန်တော်တို့အားလုံး အားထားရတဲ့ Yangon In My Heart မဝင်းမင်းသန်း ပဲဖြစ်ပါတယ်ခင်ဗျာ။ မဝင်းမင်းသန်းနဲ့ တွေ့ဆုံပြီး ဘယ်အချိန်လောက်တည်းက အလှအပရေးရာတွေကို အကျွမ်းတဝင်လေ့လာပြီး အကြံဉာဏ်တွေပေးဖြစ်တယ် ပရိသတ်တွေအတွက် အလှအပတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။

မေး -  ပထမဆုံးမေးခွန်းကတော့ Beauty Blogger တစ်ယောက်ဖြစ်လာပုံကို သိချင်ပါတယ်ခင်ဗျ။

ဖြေ - အစ်မက ကနေဒါနိုင်ငံ Toronto မြို့မှာ ဆယ်နှစ်နေခဲ့တယ်။ ဆယ်နှစ်နေခဲ့တဲ့ထဲမှာ ရှစ်နှစ်က အစ်မက Fashion လောကထဲမှာ အလုပ်လုပ်ခဲ့တယ်။ Fashion လောကထဲမှာ အလုပ်လုပ်ခဲ့တဲ့အခါကျတော့ ကိုယ်က အလှအပရေးရာကို အင်မတန်ဝါသနာပါတယ်။ အရမ်းကြိုက်တယ်။ အဲဒီတော့ သူငယ်ချင်းတွေက ကိုယ့်ကို မြှောက်ပေးကြတယ်။ ကနေဒါနိုင်ငံကလူတွေက တစ်ခုခုတော့လုပ်သင့်တယ်၊ လျော့ဈေးလေးဆိုလည်း သိလိုက်တာပဲ။ ပစ္စည်းအကောင်းလေးတွေဆိုလည်း ဝေမျှပြီး ပြောနေတာ တစ်ချိန်လုံး။ အဲဒီတော့ သူတို့က တစ်ခုခုလုပ်၊ တစ်ခုခုလုပ်လို့ပြောရင်းနဲ့ အဲဒီအချိန်မှာ ဘာဖြစ်လာလဲဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း You Tube တို့ တစ်ခြား အင်တာနက်မှာရှိသမျှ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ Blogger တွေ ၊ Make Up Artist တွေကို တစ်ချိန်လုံးလိုက်ကြည့်ပြီးတော့ လိုက်လေ့လာတယ်။ လိုက်သင်ယူနေတော့ အဲဒီအချိန်မှာ စဉ်းစားမိတာက ငါတို့မြန်မာပြည်မှာ မြန်မာလိုပြောတဲ့ မြန်မာ Blogger မရှိသေးဘူး။ Blogger ဆိုတာ Beauty နဲ့ပတ်သက်တာပေါ့နော်။ Beauty Blogger မရှိသေးပါလားဆိုတဲ့ အဲဒီအတွေးကိုရလိုက်တော့ အဲဒီအချိန်မှာ မြန်မာလိုစလုပ်တော့ ဟိုကသူငယ်ချင်းတွေက စိတ်ဆိုးရော။ နင်ဘာဖြစ်လို့ ဘိုလိုမပြောဘဲ မြန်မာလိုပြောလဲပေါ့ ။ အဲဒါနဲ့ သူတို့ကိုပြောလိုက်တယ် တစ်ကမ္ဘာလုံးမှာ ကိုယ့်ထက်တော်တဲ့ Beauty Blogger တွေ၊ ကိုယ်ကလည်း မြင်ဆရာတွေဖြစ်ခဲ့တဲ့ Beauty Blogger တွေအများကြီးရှိတယ်။ ကမ္ဘာပေါ်မှာ နောက်ထပ် အင်္ဂလိပ်လိုပြောတဲ့ Beauty Blogger တွေ အမှန်အတိုင်းပြောရရင် မလိုအပ်တော့ဘူး။ မလိုအပ်တော့ဘူးတော့ မဟုတ်ဘူးပေါ့နော် ။ အဲဒီလောက်ကြီးအထိမလိုဘူး။ ကိုယ့်ထက်တော်တဲ့သူတွေ အများကြီးရှိတယ်။ မြန်မာပြည်မှာ ကြည့်လိုက်တဲ့အခါကျတော့ တစ်ယောက်မှမလုပ်သေးဘူး။ ပြီးတော့အစ်မက မိန်းကလေးတွေနဲ့ ရင်းရင်းနှီးနှီးရှိတယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးကျောင်းမှာ တက်ခဲ့တယ်။ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကလည်း မိန်းကလေးတွေ။ မိန်းကလေးတွေနဲ့ တရင်းတနှီးရှိတဲ့ အခါကျတော့ Blog လေးတစ်ခု စလိုက်မယ်။ ဒီ Blog လေးသည် အလှအပရေးရာကို အကြံပေးတဲ့ အစ်မလို ညီမလို ပြောလို့ရတဲ့ လူတစ်ယောက်အနေနဲ့ ရပ်တည်ချင်တယ်ဆိုပြီးတော့ ၂၀၁၃ ဇူလိုင်တည်းကစခဲ့တာပါ။

မေး - နောက်တစ်ခုက ဒီလို Beauty Blogger တစ်ယောက်ဖြစ်ဖို့အတွက် အစ်မအနေနဲ့ လေ့လာခဲ့ရတဲ့ အရာတွေဆိုရင် ဘာတွေဖြစ်မလဲဗျ။

ဖြေ - ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အခုလက်ရှိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဘာလို့လဲဆိုတော့ အစ်မတို့တွေက ဒါ အလှအပပြင်တယ်ဆိုတာ ယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းတာ။ Egyptian တွေ ခေတ်တုန်းကလည်း အီဂျစ်ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တုန်းကလည်း အီဂျစ်တွေ ပြင်တဲ့ပုံစံရှိခဲ့တယ်။ Eye Liner တွေဆိုးတယ်။ သူတို့ရွှေရောင်တွေ ဝတ်တယ်။ ဒါယဉ်ကျေးမှုတစ်ခုပဲ။ အစ်မတို့အနေနဲ့ ဟိုးကျောက်ခေတ်ကလူသားတွေနဲ့ ယှဉ်လိုက်ရင် အရမ်းကိုတိုးတက်ဖွံ့ဖြိုးတဲ့ အနေအထားမှာရှိတဲ့အခါမှာ ကိုယ့်ရဲ့ ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေလည်း တိုးတက်လာပြီးတော့ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ပြောင်းလဲလာရတော့မယ်။ အဲဒီတော့ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ တစ်ကမ္ဘာလုံးလက်ခံတဲ့ အခုခေတ်ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ပြင်ဆင်မှုတွေ ဆင်ယင်ထုံးဖွဲ့မှုတွေ တစ်ကိုယ်ရေသန့်ရှင်းမှု ထိန်းသိမ်းမှုတွေ အားလုံးကို အစ်မက အမြဲမပြတ်လိုက်ပြီးတော့ လေ့လာတယ်။ လေ့လာပြီးတော့ မြန်မာမှုပြုပြီးတော့ ပြန်ပြောရတာတွေရှိတယ်။ တစ်ချို့တစ်လေ တစ်ကမ္ဘာလုံးမှာ လက်ခံပြီးတော့ မြန်မာပြည်မှာ လက်မခံတဲ့ဟာမျိုးလေးတွေကလည်း ရှိသေးတယ်။ ကမ္ဘာမှာဖြစ်ပျက်နေတာကို မြန်မာမှုပြုပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ပြန်ပြောရတာလေးတွေလည်းရှိတယ်။ အဲဒီလိုမျိုးတွေလည်း တစ်ချိန်လုံးလေ့လာရတယ်။ မြန်မာပြည်မှာ ဖြစ်နေတာတွေလည်းလေ့လာရတယ်။ ကမ္ဘာပေါ်မှာ ဖြစ်နေတာတွေလည်း လေ့လာရတယ်။ အဲဒါမှကိုယ်သည် သူများရဲ့ စံနမူနာယူစရာ ကိုယ့်ဆီက စံနမူနာယူစရာ ပြီးတော့ လိုက်လုပ်လို့လည်းရတဲ့ စံနမူနာယူပြီး လိုက်မလုပ်လို့လည်းရတယ်။ နှစ်မျိုးရှိတယ် ဘယ်လိုနည်းနဲ့ပဲ ကိုယ့်ဆီကယူယူ သူတို့ဆီမှာ ကောင်းတာလေးကျန်ခဲ့ရမယ်ပေါ့။ အဲဒီလိုမျိုးဖြစ်ဖို့ ကိုယ်ကလည်း အမြဲလိုက်လေ့လာနေရပါတယ်။

မေး - ပြီးတော့ ကနေဒါကို သွားဖြစ်ပုံလေးနဲ့ ဒီ မြန်မာပြည်ကို ပြန်လာဖြစ်ဖို့ ဖြစ်လာပုံလည်း သိချင်ပါတယ်။

ဖြေ - တကယ်တမ်းတော့ ကနေဒါသွားတာ ကျောင်းတက်ဖို့သွားခဲ့တာ။ ကျောင်းတက်ဖို့သွားရာကနေပြီးတော့ Accounting နဲ့ ကျောင်းသွားတက်နေရင်းကနေပြီးတော့ Fashion ကိစ္စတွေကို ဟိုဘက်နိုင်ငံကို ရောက်သွားတော့ သူတို့တွေနေပုံထိုင်ပုံ ဝတ်ပုံစားပုံတွေကြည့်ပြီး ကိုယ်လည်းဖြစ်ချင်တယ်၊ သိချင်တယ် ၊ လုပ်ချင်တယ်။ အဲဒီလိုသိချင်တာကနေ ကျောင်းဆက်မတက်ပဲ ဖက်ရှင်လောကထဲကိုဝင်ခဲ့တယ်။

မေး - တစ်ချို့တွေကကျတော့ အလှအပနဲ့ ကျန်းမာရေးကို လွဲမှားစွာ ယူဆတတ်ကြတယ်။ အဲဒါကိုရော အစ်မအနေနဲ့ ဘာတွေပြောချင်ပါသလဲဗျ။

ဖြေ - မြန်မာမှုအသိုင်းအဝိုင်းထဲမှာဆိုရင် အရမ်းအလှပြင်တယ်ဆိုရင် အောင်မလေး အရမ်းအလှကြိုက်တာပဲ စကားပုံတောင်ရှိတယ်။ လှတာမက်ရင် ညစာခက်တယ် ဆိုတာရှိသေးတယ်။ ဒါပေမယ့် အခုခေတ်ကြီးမှာက မိန်းကလေးတစ်ယောက် မိတ်ကပ်ပြင်တယ်ဆိုတာက အပိုကိစ္စမဟုတ်တော့ဘူး။ မဖြစ်မနေလုပ်ရမယ့် ကိစ္စဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့ အစ်မတို့ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းပြီးတော့ အလုပ်လုပ်ရတယ်။ သွားရတယ် လာရတယ်။ အဲဒီအချိန်မှာ ဘယ်လိုနည်းနဲ့မှ မျက်နှာပြောင်နဲ့ မရတော့ဘူး။ သနပ်ခါးဘဲကျားနဲ့လည်း မရတော့ဘူး။ မျက်နှာမှာ ဆေးဆိုးပန်းရိုက် အရောင်ခြယ်ထားတာ မဟုတ်ဘဲနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု ကိုယ့်ရဲ့သပ်သပ်ရပ်ရပ် နေထိုင်တတ်မှု ဒီလူကြားထဲမှာ တင့်တယ်အောင် နေထိုင်တတ်မှုဆိုတာက ဒါဟာ အလှအပဆိုတဲ့ အရောင်တွေနဲ့ မျက်နှာမှာ ခြယ်ထားတာထက် အများကြီးနက်နဲပါတယ် ။ နက်ရှိုင်းပါတယ်။

မေး - နောက်တစ်ခုကတော့ အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အလှအပပစ္စည်းမျိုးစုံ နိုင်ငံတကာက ဝင်လာတယ်။ အလှအပ ပစ္စည်းတွေကို ရွေးချယ်သုံးစွဲတဲ့နေရာမှာ ဘယ်လို ရွေးချယ်သုံးစွဲသင့်ပါသလဲဗျ။

အလှအပပစ္စည်းနဲ့ပတ်သတ်ပြီး ရွေးချယ်တဲ့အခါမှာကျတော့ ယုံကြည်စိတ်ချရတယ် မှန်ကန်တဲ့ တရားဝင်လည်းသွင်းလာတယ်။ မြန်မာနိုင်ငံရဲ့ FDA လည်းရထားတဲ့ ပစ္စည်းတွေပဲသုံးပါလို့ ဒါမျိုးပြောရတာ Myanmar Cosmetic Association ရဲ့ Special Advisor တစ်ယောက်အနေနဲ့ ပြောတာပါ။

မေး - ဟုတ်ကဲ့ပါ။ နောက်တစ်ခုကကျတော့ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလည်း နွေရာသီက အရမ်းပူတယ်။ အဲဒီအခါကျတော့ ဘယ်လိုမျိုး ဝတ်စားဆင်ယင်သင့်လဲ။ အသားအရေကျန်းမာရေးအတွက် ဘယ်လိုမျိုးပစ္စည်းတွေသုံးသင့်တယ်လို့ အကြံပြုချင်ပါသလဲဗျ။

ဖြေ - မြန်မာပြည်သည် နေ တစ်နှစ်ပတ်လုံးရရှိတဲ့ အပူပိုင်း အီကွေတာနဲ့ နီးတဲ့ အပူပိုင်းဇုန်မှာရှိတယ်။ အဲဒီအတွက် လူကြီး၊ လူငယ်၊ ကျား/မ မရွေး ကလေးလေးတွေကအစ အပြင်သွားတော့မယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ Sun Cream၊ Sun Protector သုံးကို သုံးသင့်ပါတယ်။ ဒါဟာ အလှအပနဲ့ မဆိုင်ပါဘူး။ အလှအပထက် ကျန်းမာရေးကို ဦးစားပေးတာပါ။ ဘာလို့လဲဆိုတော့ ဝက်ခြံထွက်တဲ့သူတွေ ဆိုလည်း နေလောင်ဒဏ်ခံရင် ဝက်ခြံပိုထွက်တယ်။ တင်းတိပ်ဖြစ်မယ် ၊ မှဲ့ခြောက်ဖြစ်မယ်။ တင်းတိပ် မှဲ့ခြောက်ဆိုတာ ကုရအရမ်းခက်ပါတယ်။ မှဲ့ခြောက်ကမှ နည်းနည်းတော်သေးတယ်။ တင်းတိပ်ဖြစ်သွားရင် လုံးဝကုလို့မရတော့ဘူး။ အသားက လုံးဝလောင်သွားပြီပေါ့နော်။ နောက်တစ်ခုက တဖြည်းဖြည်းနဲ့ ကမ္ဘာကြီးရဲ့ ပူနွေးဆတွေကလည်းများလာပြီ အိုဇုန်းလွှာတွေကလည်း ပေါက်ပြဲလာပြီဆိုတော့ အိုဇုန်းလွှာက ဒီ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ အလွှာတစ်ခု ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့နှုန်းက အခုတော်တော်လေး နည်းလာပြီ။ နည်းလာတော့ အစ်မတို့တွေက ကိုယ်ကိုယ်တိုင် ကာကွယ်မှုတွေ ယူရတော့မယ်။ ကိုယ်ကိုယ်တိုင် ကာကွယ်မှုယူတဲ့အခါကျတော့ ဒီ Sun Cream တွေကို လက်တွေ့မှာသုံးရမယ်။ မျက်နှာတွေမှာသုံးရမယ်။ ဒါမှလည်း ဒီအရေပြားရောဂါတွေ အရေပြားရောဂါနဲ့ ပတ်သက်ပြီးဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ ဒါမျိုးတွေမဖြစ်အောင် အစ်မတို့တွေက ကြိုတင်ကာကွယ်မှုတွေ ယူသင့်တယ်။ UV Sun Cream၊  Sun Protector ဆိုတာ မိန်းကလေးရော ယောကျ်ားလေးရော လိမ်းသင့်တယ်။ အင်္ကျီအဝတ်အစားအနေနဲ့ကတော့ ပေါ့ပါးတဲ့ အရောင်ဖျော့တဲ့ ချည်သားတွေ လေဝင်လေထွက်ကောင်းတဲ့ဟာတွေ အရမ်းကြီးကိုယ်မှာ ကပ်နေတာ ကြပ်နေတာတွေ မဝတ်ဘဲနဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ နွေရာသီမှာ ကိုယ့်ရဲ့ တစ်ကိုယ်ရည် သက်တောင့်သက်သာရှိဖို့ ပိုပြိးတော့ အလေးပေးသင့်တယ်။ တစ်ခါတစ်လေ အင်္ကျီအရမ်းကြပ်တာတွေ ဘာတွေဝတ်ရင် အသက်ရှူကြပ်တာတွေ အသက်ရှူလို့မရတာတွေ ဘာတွေဖြစ်တဲ့အတွက်ကြောင့် ချွေးတွေထွက်လာမယ်။ ပြီးရင် ရေဓါတ်တွေ ကုန်ခမ်းမယ်။ မူးတာတွေ မေ့တာတွေဖြစ်တတ်တယ်။ အဲဒီတော့ အင်္ကျီကြပ်ကြပ်ကြီးတွေ ဝတ်တာတွေ ၊ အင်္ကျီအရောင်ရင့်ရင့် ဝတ်တာတွေကို နည်းနည်းရှောင်သင့်ပါတယ်။

မေး - နောက်တစ်ခုကတော့ မြန်မာနိုင်ငံက အမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံတကာက အမျိုးသမီးတစ်ယောက်နဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဘာတွေများလိုအပ်မယ်လို့ ထင်ပါသလဲဗျ။

ဖြေ - အဲဒါကတော့လေ လူတစ်ယောက်ရဲ့ ဇွဲ၊လုံ့လ၊ ဝီရိယရယ် ပြီးတော့ ကိုယ့်ရဲ့ စူးစမ်းလေ့လာမှုအပေါ်မှာလည်း အရမ်းမူတည်ပါတယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းချင်တယ်ဆိုရင် မြန်မာ့ရေးရာနဲ့ မြန်မာမှုတွေတင် မဟုတ်ဘဲနဲ့ ကမ္ဘာ့ရေးရာနဲ့ ကမ္ဘာ့ယဉ်ကျေးမှုတွေကိုပါ ကိုယ်ကလိုက်ပြီးတော့ လေ့လာရမယ်။ လိုက်ပြီးတော့ တီးမိခေါက်မိရှိနေရမယ်။ အမြဲတမ်းအဆက်မပြတ် သတင်းတွေ စီးပွားရေးသတင်း၊ နိုင်ငံရေးသတင်း၊ မြန်မာ ကမ္ဘာ အကုန်လုံးကို တီးမိခေါက်မိရှိနေပြီးတော့ ဗဟုသုတ တော်တော်ပြည့်စုံအောင် လုပ်မှရမယ်။ အဲဒီလို ဗဟုသုတပြည့်စုံအောင်လုပ်ဖို့ကလည်း မခက်ပါဘူး။ အခုအစ်မတို့ဆီမှာ လက်ဝါးတစ်ခုထဲမှာရှိနေတဲ့ ဖုန်းတစ်လုံးနဲ့ လိုချင်တာမှန်သမျှကို သိအောင်လုပ်လို့ရတဲ့ အနေအထားမှာ လေ့လာပါ၊ စူးစမ်းပါ။ ကြိုးစားပါ။ ကိုယ်ကိုယ်တိုင်လည်း အခုအချိန်ထိ လေ့လာနေတုန်း စူးစမ်းနေတုန်း ကြိုးစားနေတုန်း အနေအထားမှာရှိပါတယ်။ ကိုယ်လည်းလိုချင်တဲ့အနေအထားကို မရောက်သေးပါဘူး။ အဲဒီတော့ အရမ်းကိုကြိုးစားရပါတယ်။ သူများထက် အရှေ့ကိုရောက်ချင်ရင် သူများမရောက်တဲ့နေရာကို ရောက်ချင်ရင် သူများမလုပ်ချင်တာကို လုပ်ရတယ်ဆိုတဲ့အတိုင်းပဲ သူများအိပ်နေတဲ့အချိန်မှာ ကိုယ်ကအိပ်လို့မရဘူး။ သူများနားနေတဲ့အချိန်မှာ ကိုယ်ကနားလို့မရဘူး။ အဲဒီတော့ ကြိုးစားပါ။ ကြိုးစားတဲ့အတိုင်း တကယ့်ကို ရရှိနိုင်တဲ့ အသီးအပွင့်တွေအများကြီးရှိပါတယ်။

ဟုတ်ကဲ့ပါ။ အခုလို မအားတဲ့အချိန်တွေကြားထဲကနေ ကျွန်တော်တို့ရဲ့ အစီအစဉ်လေးမှာ ပါဝင်ကူညီပေးတဲ့ အစ်မကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။

ဒါမျိုးကအမြဲတမ်းအားပေးရမှာပေါ့။ ဒီလိုမျိုးတကူးတက လာပြီးတော့အင်တာဗျူးတဲ့ မဇ္စျိမကိုလည်းကျေးဇူးပါ။ ကျွန်တော့်ရဲ့ ပရိုဂရမ်လေးကိုကြည့်နေတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly