ကားသုံးစီးအပြည့် တရားမဝင်ပိတောက်သစ်များနှင့် ပိုင်ရှင်တစ်ဦးပါ ဖမ်းဆီးရမိ

ကားသုံးစီးအပြည့် တရားမဝင်ပိတောက်သစ်များနှင့် ပိုင်ရှင်တစ်ဦးပါ ဖမ်းဆီးရမိ

ရန်ကုန်၊ ဧပြီလ ရ ။              ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးရှိ ၁၉၅ မိုင်တွင် ရပ်ထားသည့် ကားသုံးစီးပေါ်မှ ကားအပြည့်တင်ဆောင်လာသည့် တရားမဝင် ပိတောက်သစ်များနှင့် ပိုင်ရှင်တစ်ဦးကို ယနေ့(ဧပြီလ ရ ရက်) မနက် ၁ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့  အတည်ပြုပြောသည်။

 ၁၉၅ မိုင်တွင် ကားသုံးစီးရပ်ထားသည်ဟု သတင်းပေးချက်အရ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့် ပိန်းဆာပြည်သူစစ်များဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ပါဂျဒိုးကားတစ်စီး၊ SURF အမျိုးအစားကားနှစ်စီးနှင့် လူ ၆ ဦးတွေ့ရှိခဲ့ပြီး ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

လူ ၅ ဦး ထွက်ပြေးသွားပြီး  ၁ ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်ရှိတွင် သိန္နီမြို့နယ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 “ ဒီသစ်တွေကတော့ မနက် ၁ နာရီမှာ ဖမ်းမိတာပေါ့။ ၂ နာရီလောက်မှာလည်း အခွန်မဲ့ပစ္စည်း သယ်လာတဲ့ ကားတွေ၊ ဘီယာတွေသယ်လာတဲ့ ကားတွေ ဖမ်းဆီးရမိခဲ့တယ်။ ဖမ်းဆီးရမိတာ အားလုံးကို ဒီမနက် ၈ နာရီမှာ တော့ လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးနဲ့ သစ်တောကို လွှဲလိုက်ပါပြီ” ဟု ဦးတက်ထွန်းအောင်က ၎င်းတို့ ဖမ်းဆီးရမိခဲ့သည့်ပစ္စည်းများ ဆောင်ရွက်ထားသည့် အခြေအနေနှင့်ပတ်သက်ပြီး ရှင်းပြသည်။

အဆိုပါ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ အထိ ဖြတ်သန်းသွားလာနေပြီး တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေးလုပ်ငန်း အနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ ဧပြီလ ရ ရက်ထိ တရားမဝင် ကုန်တင်ကားများ၊ ကျောက် စိမ်းရိုင်းများ၊ သစ်များစသဖြင့် ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများမှာ ခန့်မှန်းငွေတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်း (၃ဝ,ဝဝဝ) ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly