မသန်စွမ်းမှုနှင့်မသန်စွမ်းသူများ အခွင့်အရေးဥပဒေဆိုင်ရာ ကိစ္စရပ်များဆွေးနွေးပွဲပြုလုပ်

မသန်စွမ်းမှုနှင့်မသန်စွမ်းသူများ အခွင့်အရေးဥပဒေဆိုင်ရာ ကိစ္စရပ်များဆွေးနွေးပွဲပြုလုပ်

ရန်ကုန်၊ ဧပြီ ရ ။            ။ မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ အခွင့်အရေးဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ခုကို ယနေ့့ ကျင်းပခဲ့ပြီး မသန်စွမ်းသူများအနေနှင့် သာမန်လူများနည်းတူ အခွင့်အရေးများ မရရှိခဲ့လျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း The Leprosy Mission Myanmar မှ ဒေါက်တာမြတ်သီတာက ပြောသည်။

"ဥပဒေထွက်ရုံ သက်သက်နဲ့ကတော့ အကျိုးရှိတာတော့ မဟုတ်ဘူးပေါ့။ ဥပဒေကို လိုက်နာတာတွေ ဥပဒေကို ချိုးဖောက်မယ်ဆိုရင် အရေးယူတာတွေပေါ့။ ဥပဒေလိုက်နာဖို့အတွက် တွန်းအားပေးတာတွေ ပါလာတော့မှသာ ကျွန်မတို့မသန်စွမ်းသူတွေအတွက် အကျိုးရှိတာဖြစ်ပါတယ်။ ဒီအတိုင်းဥပဒေကို ဥပဒေအတိုင်းချည်းပဲ ထားထားပြီး အသုံးမချရင်တော့လည်း ဘယ်သူမှအကျိုးရှိမှာ မဟုတ်ပါဘူး"ဟု The Leprosy Mission Myanmar က Field Operation Manager ဖြစ်သူ ဒေါက်တာမြတ်သီတာ က ဆိုသည်။

ဧပြီလ ရ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သော ပွဲသို့  တက်ရောက်လာသော အမြင်အာရုံမသန်စွမ်းသူ တစ်ဦးဖြစ်သည့် ရွှေလင်းယုန် မသန်စွမ်းသူများ တိုးတက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုက နည်းဥပဒေနဲ့ ပတ်သတ်ပြီး ပြောသည်။

"Mother Law (ဥပဒေ) တော့ ထွက်ပြီပေါ့နော်။ By-Law (နည်းဥပဒေ) မထွက်သေးတော့ By-Law ကို စောင့်နေသလို လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ မသန်စွမ်းသူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ တိတိပပ မသိသလို ခံစားရတယ်ပေ့ါ။ အခုချိန်မှာ နည်းဥပဒေသာ ထွက်လာခဲ့ပြီဆိုရင် မသန်စွမ်းသူတွေဘဝက ပိုပြီးတော့ လုံခြံုမှုရှိလာမယ်လို့ ကျွန်တော် ခံစားရပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ်၌ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဌာန်းခဲ့ပြီး ဥပဒေသက်တမ်း နှစ်နှစ်ကြာချိန် အထိ အဆိုပါ ဥပဒေနဲ့ပတ်သတ်၍ တိုင်ကြားမှုနှင့် အရေးယူမှုများ မရှိသေးခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် The Leprosy Mission Myanmar အဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly