ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း တွေ့ဆုံ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း တွေ့ဆုံ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ ဆွေးနွေး
(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

နေပြည်တော်(ဧပြီ ရရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးမူဝါဒရေးရာ ကော်မရှင်(GCDP)၏ဥက္ကဌဖြစ်သူ ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း Ms. Ruth Dreifuss တို့ ဧပြီလ ရရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံစဉ် GCDP အဖွဲ့မှ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတွင် ကြံုတွေ့လျက်ရှိသည့် ပြဿနာများ၏ အခြေခံ အကြောင်းတရားများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ms. Ruth Dreifuss သည် ၁၉၉၉ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်ထိ တစ်နှစ်ကြာ ဆွစ်ဇာလန်နိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးမူဝါဒရေးရာ ကော်မရှင်(GCDP)တွင် ဥက္ကဌတစ်ဦး ဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ကျော်ကြားသူဖြစ်သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးမှာလည်း ပြီးခဲ့သည့် မတ်လ ၂၀ရက်က မြန်မာနိုင််ငံသို့ ရောက်ရှိစဉ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထိုစဉ် သတင်းထုတ်ပြန်ထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly