မန္တလေးတောင်အဆင်းလမ်းတွင် စုံတွဲတစ်တွဲအား ဓားထောက်လုသူ ဖမ်းဆီးရမိ

မန္တလေးတောင်အဆင်းလမ်းတွင် စုံတွဲတစ်တွဲအား ဓားထောက်လုသူ ဖမ်းဆီးရမိ
(ဓာတ်ပုံ၊အမှတ်(၂)နယ်မြေ ရဲစခန်း)

မန္တလေး၊ ဧပြီ ရ ။             ။ မန္တလေးတောင်အဆင်းလမ်းတွင် ဧပြီလ ၆ ရက်၊ မွန်းတည့် ၁၂ နာရီက စုံတွဲတစ်တွဲအား ဓားထောက်၍ လုယက်သူတစ်ဦးကို အမှတ်(၂)နယ်မြေရဲစခန်းမှ အချိန်နှင့်တပြေးညီ ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းစခန်းမှူး ရဲအုပ် မျိုးညွှန့်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ လုယက်တယ်ဆိုတဲ့ သတင်းရတာနဲ့ အချိန်နဲ့တပြေးညီ ပိတ်ဆို့ရှှာဖွေမှုတွေလုပ်လို့ ဖမ်းဆီးနိုင်ခဲ့တယ်။ အခုလို အချိန်နဲ့အညီ ဖမ်းဆီးရမိဖို့ ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့လည်း လိုပါတယ်"ဟု ရဲအုပ်မျိုးညွှန့်က ဧပြီလ ရ ရက်တွင် ပြောသည်။

မန္တလေးတောင်အဆင်းလမ်း၊ ပတ္တမြားတောင်စေတီအနီးတွင် သမီးရည်းစားချိန်းတွေ့နေသည်ကို သိန်းဇော်ဦးဆိုသူက ဓားဖြင့်ထောက်၍ ဖုန်း၊ ဆွဲကြိုးနှင့်ပိုက်ဆံအိတ်တို့အား လုယူခဲ့ခြင်းဖြစ်သည်။

လုယက်မှုကျူးလွန်သူမှာ ပုသိမ်ကြီးမြို့နယ်  ရွှေကျင်သံလမ်းအနီးတွင်နေထိုင်သူဖြစ်ပြီး အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၄၄/၂၀၁၇၊ပုဒ်မ ၃၉၂ဖြင့် ဖမ်းဆီးအရေးယူထားသည်ဟု ရဲအုပ် မျိုးညွှန့်က ဆိုသည်။

"ပုဒ်မ ၃၉၂ဆိုတာ ထောင်ဒဏ် ၁၀နှစ်အထိ ချလို့ရတယ်။ ညပိုင်းကျူးလွန်ရင် ပြစ်ဒဏ် ဒီထက်ပိုချလို့ ရပါတယ်"ဟု ရဲအုပ် မျိုးညွှန့်က ပြောသည်။

ဖမ်းဆီးရမိထားသူအား နောက်ဆက်တွဲကျူးလွန်ထားသည့် အမှုများရှိမရှိကိုလည်း စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။

အမှတ် ၂ နယ်မြေရဲစခန်း အပိုင်နယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရန်အတွက် လှည့်ကင်းများဖြင့် နယ်မြေစိုးမိုးထားသည်ဟု ရဲအုပ်မျိုးညွှန့်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly