မြန်မာနိုင်ငံမှ တရားမဝင်သစ်တွေနဲ့ ကမ္ဘာ့အကြီးဆုံးသော ရွက်သင်္ဘောကို တည်ဆောက်

မြန်မာနိုင်ငံမှ တရားမဝင်သစ်တွေနဲ့ ကမ္ဘာ့အကြီးဆုံးသော ရွက်သင်္ဘောကို တည်ဆောက်

ဧပြီ ရ ။             ။ ဂျာမနီသင်္ဘောကျင်းတစ်ခုဟာ ကမ္ဘာ့အကြီးဆုံး အပျော်စီးဇိမ်ခံရွက်သင်္ဘောတစ်စင်းကို တည်ဆောက်ခဲ့ရာမှာတော့ မြန်မာနိုင်ငံကနေ ထွက်ရှိပြီး တရားမဝင် တင်သွင်းရယူထားတဲ့ သစ်တွေကို အသုံးပြုထားခဲ့တယ်ဆိုပြီး ဂျာမနီအစိုးရရှေ့နေတစ်ဦးက ထုတ်ဖော်စွပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါ သင်္ဘောကျင်းအနေနဲ့ ရုရှ ဘီလျံနာ သူဌေးကြီးတစ်ဦးအတွက် အဆိုပါ အပျော်စီး ဇိမ်ခံရွက်သင်္ဘောကို တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ သစ်လုပ်ငန်းတစ်ခုဆီကနေ တင်သွင်းလာတဲ့ သစ်တွေကို ဂျာမနီ ရဲ့ Nobiskrug သင်္ဘောကျင်းက အသုံးပြုထားခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရပိုင် လုပ်ငန်းဟာဆိုရင်လည်း ယခုနှစ်အစောပိုင်းကတည်းက ပြည်ပကို ကျွန်းသစ်တင်ပို့မှု ပိတ်ပင်ခံထားရတဲ့လုပ်ငန်းဖြစ်တယ်လို့ ဂျာမနီအစိုးရရှေ့နေ Axel Bieler က ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး ရွက်သင်္ဘောဖြစ်တယ်ဆိုတဲ့ ၁၄၃ မီတာ ရှိ Sailing Yatcht A ရွက်သင်္ဘောကို တည်ဆောက်ရာမှာ သုံးထားခဲ့တဲ့ သစ်နမူနာတွေကို သစ်လုပ်ငန်း ကျွမ်းကျင်ပညာရှင်တွေက အကဲဖြတ်ခွဲခြမ်းစိတ်ဖြာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလို လေ့လာခဲ့ရာမှာတော့ သင်္ဘောတည်ဆောက်ရာမှာ သုံးထားတဲ့ သစ်တွေဟာ မြန်မာနိုင်ငံက သစ်တောတွေကနေ လာတဲ့ အပူပိုင်းသစ်မာအမျိုးအစား ဖြစ်ဖို့ အလားအလာများနေခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ Mr Bieler က ဂျာမနီ သတင်းအေဂျင်စီ DPA က ပြောသွားပါတယ်။

လက်တလောမှာ မြန်မာနိုင်ငံအနေနဲ့ ကျွန်းသစ် ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားတယ်ဆိုပေမယ့်လည်း အပူပိုင်းသစ်မာတွေကိုတော့ ကြောက်စရာကောင်းလောက်တဲ့ အတိုင်းအတာထိ ခုတ်လှဲနေကြဆဲ ဖြစ်တယ် လို့လည်း ၎င်းက ပြောပါတယ်။

ယခုဖြစ်စဉ်မှာလည်း စပိန်သစ်ကုမ္ပဏီ Teak Solutions ကနေတဆင့် မြန်မာ့သစ်လုပ်ငန်းက ရောင်းချထားခဲ့တယ်ဆိုတဲ့ ယင်းသစ်တွေဟာ မူလဘယ်ကနေ လာတယ်ဆိုတာကို ယခု ရွက်သဘောင်္တည်ဆောက်ခဲ့တဲ့ သင်္ဘောကျင်းက သိရှိခဲ့ခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း၎င်း ထပ်လောင်းပြောပါတယ်။

ယခုအခါမှာ ယင်းကိစ္စနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို Mr Bieler ဦးဆောင်ပြီး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၀ နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို ပျမ်းမျှ သစ်တောဧကပေါင်း ၁ ဒသမ ၃ သန်းကျော် ဆုံးရှုံးနေခဲ့ရတယ်ဆိုပြီးတော့လည်း ကုလသမဂ္ဂရဲ့ အစားအသောက်နဲ့ စိုက်ပျိုးရေး အဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်ထဲမှာ ဖော်ပြထားပါတယ်။

Sailing Yacht A ရွက်သင်္ဘောကိုတော့ တည်ဆောက်မှုကုန်ကျစရိတ် ပေါင် သန်း ၃၅၀ ကုန်ကျမယ်လို့ ခန့်မှန်းရပြီး ယင်းကိုတော့ ရုရှဘီလျံနာသူဌေး Andrey Igorevich Melnichenko အတွက် တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly