"နန်းဆန်ဆန် မန်းသင်္ကြန်"

"နန်းဆန်ဆန် မန်းသင်္ကြန်"
၂၀၁၆ခုနှစ် သြင်္ကန်၊ဈေးချို၊နာရီစင်အနီး  နွေဦးအိုးဝေ ရေသဘင်မဏ္ဍပ်

မန္တလေး၊ဧပြီ ရ ။           ။ မကြာခင် မြန်မာ့ရိုးရာသင်္ကြန်သည် ရောက်ရှိလာပေတော့မည်။ခေတ်တစ်ခေတ်ပြောင်းတိုင်း သင်္ကြန်သည်လည်း လိုက်၍ ပြောင်းလဲခဲ့ရသည်။

ရိုးရာသင်္ကြန်သည်လည်း တစတစဖြင့် ယဉ်ကျေးမှုနှင့်ဝေးကွာလာတော့သည်။ အစိုးရအလိုကျသင်္ကြန်ဖြစ်ခဲ့ရသည်။ စစ်အစိုးရတက်လာပြီးနောက်ပိုင်း သင်္ကြန်သည် ထိန်းချုပ်မှုအောက်တွင် သိသိသာသာပြောင်းလဲလာသည်။

အစားထိုးမှုတွေများလာသည်။ ဝတ်စားဆင်ယင်မှု၊အဆို၊အက၊အတီး အားလုံးအစားထိုးခံလာရသည်။ သံချပ်တွေပျောက်ကွယ်သွားသည်။ အလှပြယာဉ်တွေပျောက်ကွယ်သွားသည်။ ရပ်ထဲ၊ရွာထဲက မဏ္ဍပ်တွေပျောက်ကွယ်သွားသည်။ အစိုးရသင်္ကြန်ဖြစ်မှန်းမသိဖြစ်ခဲ့ခြင်းကြောင့် ပြည်သူတွေ၏ သင်္ကြန်စိတ်များသည်လည်း ဆိတ်သုဉ်းခဲ့တော့သည်။

ထိန်းချုပ်မှုအောက်ကနေ ဆွဲထုတ်ပြီး ပြည်သူတွေရဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖြစ်ဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့က စတင်စွမ်းဆောင်လိုက်သည်။ ထိုသို့ ပြောင်းလဲမှုကို ရုတ်ချည်း ပြုလုပ်လိုက်သည်နှင့်   ဝေဖန်မှုတို့သည်လည်း ညံလာသည်။

ညံလာသည်နှင့်အမျှ လွန်ဆွဲမှုများလည်းရှိလာသည်။ မည်သို့ပင်ရှိစေ တိုင်းအစိုးရအဖွဲ့သည် ရှေ့သို့သာချီတက်ဆောင်ရွက်ခဲ့ကြသည်။

ဝေဖန်မှုတွေ၊အားပြိုင်နေမှုတွေကို မျက်နှာလွှဲနိုင်ခဲ့သည်။ မန္တလေးသင်္ကြန်ကို မြန်မာ့ရိုးရာမဟာသင်္ကြင်္န် အဖြစ်ကျင်းပနိုင်ရန် ပညာရှင်တွေနှင့်တိုင်ပင်ကာ မူဝါဒတွေချမှတ်ပြီး ဆောင်ရွက်ခဲ့ကြသည်။

ရှေးယခင်ကကဲ့သို့ နန်းဆန်ဆန် သင်္ကြန်ကို ကျင်းပလိုခြင်းသည် တိုင်းအစိုးရ၏ စေတနာပင်ဖြစ်သည်။ ယဉ်ကျေးသည့်မန္တလေး၊ရှေးဟောင်းသမိုင်းအမွေအနှစ်များပြည့်နေသည့် မန္တလေး။

မန္တလေးကို မန္တလေးပီပီသသ မန္တလေးသင်္ကြန်ဖြစ်ဖို့ အခက်အခဲ အဝေအဖန်တွေကြားမှ ယနေ့ ဆောင်ရွက်နေကြရသည်။

 လမ်းလျှောက်သင်္ကြန်နှင့်လူငယ်တွေအတွက် သီးသန့်သင်္ကြန်ထည့်သွင်းလိုက်ခြင်းမှာ ယခုနှစ်အတွက် ထူးခြားမှုပင်ဖြစ်သည်။

မန္တလေးသင်္ကြန်သည် မန္တလေးအစိုးရ၏ စိန်ခေါ်မှုပင်ဖြစ်သည်။ စိန်ခေါ်မှုသည် အလျော်အစားကြီးသည်။ယခုနှစ်သင်္ကြန်တွင် ချွတ်ယွင်းမှု တစ်စုံတရာဖြစ်ပွားခဲ့ပါက အစိုးရ၏ ရလဒ်သည် တစ်မျိုးဖြစ်သွားနိုင်သည်။

အမြင်တစ်မျိုး၊ အသွင်တစ်မျိုးဖြင့် သင်္ကြန်အသစ်တစ်ခုထဲ တိုးဝင်သလိုခံစားကြရမည်မှာမလွဲ။အဘယ်ကြောင့်ဆိုသော် ဆယ်စုနှစ် နှစ်စုကျော်ကျော် စည်းလွတ်ဝါး ရိုးရာပျက်၊ ယဉ်ကျေးမှုပျက်   ပျော်ရွှင်ခဲ့ကြရတော့ ယခုလိုရိုးရာယဉ်ကျေးမှု သင်္ကြန်ကို ဝင့်ဝင့်ထည်ထည်မြင်တွေ့ ကြံုဆုံရမှာဆိုတော့လည်း ရွ့ံတုံ့တုံ့ ဖြစ်လာမည်မှှာလည်းမလွဲ။

ယခုနှစ်တွင် အသားမကျသော်လည်း နောက်နှစ်သင်္ကြန်တွင် အသားကျလာမည်ဖြစ်သည်။သပြေခက်ဖြင့် ရေပက်သည့် အလေ့အထပြန်လည် ထွန်းကားလာပြီဆိုလျှင်   ခေတ်သစ်လူငယ်တွေနှင့် သင်္ကြန်သည် တစ်သားတည်းကျလာမည်ဖြစ်သည်။

အတိုအပြတ်၊အဟိုက် သင်္ကြန်၊ဒီဂျေသံတွေ လွှမ်းသည့်သင်္ကြန်၊လုပ်ငန်းရှင်သင်္ကြန်၊အာဏာရှင်သင်္ကြန်၊သင်္ကြန်ကို အလိုကျပုံစံအမျိုးမျိုးဖြင့် အသုံးချခဲ့ကြသည်။

အသုံးချခံသင်္ကြန်ကို မန္တလေးတိုင်းအစိုးရက ပြည်သူ့လက်ထဲ၊ပြည်သူ့စိတ်ထဲ၊ပြည်သူ့ရင်ထဲ နန်းဆန်ဆန် မန်းသင်္ကြန်ကို ထည့်ပေးလိုက်တော့မည်ဖြစ်သည်။

တစ်ခုတော့ရှိသည် ယခင်ကဲ့သို့ အမိန့်ပေး၍ သင်္ကြန်ကို စည်ကားအောင်တော့ မလုပ်စေချင်ပေ။

မန္တလေးလူထုနှင့် မန္တလေးသင်္ကြန်ကို လာရောက်ကြမည့် မြန်မာပြည်အနှံ့ကပြည်သူလူထုသည်လည်း ယဉ်ယဉ်ကျေးကျေး ရိုးရာသင်္ကြန်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲလိုက်ကြရအောင်။     

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly