KNU ခေါင်းဆောင်သစ် ရွေးချယ်ရန် ကိုယ်စားလှယ်လောင်း ၆၀ ဦးကို ရွေးချယ်ပြီးစီး

KNU ခေါင်းဆောင်သစ် ရွေးချယ်ရန် ကိုယ်စားလှယ်လောင်း ၆၀ ဦးကို ရွေးချယ်ပြီးစီး
KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား တွေ့ရစဉ်။

ချင်းမိုင်၊ဧပြီလ ၆ ။         ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ခေါင်းဆောင်သစ်များ ရွေးချယ်ရန်အတွက် ကိုယ်စားလှယ်လောင်း ၆၀ ဦးကို ပထမဆုံးရွေးချယ်မှုကို မတ်လ ၆ ရက်နေ့တွင် လျို့ဝှက်မဲများဖြင့် ရွေးချယ်ခဲ့ပြီး  ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ တက်ရောက်နေသော KNU ကိုယ်စားလှယ် ၂၁၇ ဦးထဲမှ ကိုယ်စားလှယ်လောင်း ၆၀ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မနက်ဖြန် ဧပြီလ ရ ရက်နေ့တွင် KNU ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူး၊ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁)နှင့် တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) တို့ ၅ ဦး အပါအဝင် ဗဟိုကော်မတီဝင် ၅၅ ဦးကို လျို့ဝှက်မဲများဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က ကိုယ်စားလှယ်လောင်း ၆၀ ကို လျို့ဝှက်မဲနဲ့ ရွေးပြိီးတော့ မနက်ဖြန်က အဲဒီထဲက ဗဟိုကော်မတီဝင် ၅၅ ဦးနဲ့ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးကို ရွေးချယ်မယ်”ဟု KNU ဗဟိုဌာနချုပ်ရုံးမှ အရာရှိ တစ်ဦးက ပြောသည်။  

၁၆ ကြိမ်မြောက် ညီလာခံမှ တိုးချဲ့ဖွဲ့လိုက်သော ဗဟိုကော်မတီဝင် ၅၅ ဦးကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိပ်သီးခေါင်းဆောင် ၅ ဦးက နောက်ထပ် ကိုယ်စားလှယ်လောင်း ၆ ဦးကို ထပ်မံ ရွေးချယ်တင်မြှောက်လိုက်သဖြင့် KNU ၏ အလုပ်အမှုဆောင်ကော်မတီ ၁၁ ဦး ဖြစ်သွားမည် ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် KNU ၏ ဌာန ၁၄ ခုအတွက် ဌာနမှူးများကို ဆက်လက် ရွေးချယ်သွားမည် ဖြစ်ကြောင်း KNU ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့က ဧပြီလ ၅ ရက်နေ့က မဇ္စျိမကို ပြောဆိုထားသည်။ 

“အဲဒီ ၅၅ ဦးထဲမှာက ကျွန်တော်တို့ ခရိုင်နဲ့ တပ်မဟာ ရ ခုအတွင်းမှာရှိတဲ့ KNU ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ လူတွေက သူတို့ခရိုင်အတွင်းမှာ ရွေးချယ် တင်မြောက်ထားပြီး ဖြစ်တဲ့အတွက် သူတို့မှာ အမြဲတမ်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ ဖြစ်သွားတယ်။ ဆိုလိုတာကတော့ ၁၄ ဦးက ရွေးချယ်စရာမလိုတော့ဘဲနဲ့ သူတို့ဟာ အလိုအလောက်ဖြစ်သွားပြီ”ဟု သူက ပြောသည်။ 

ယမန်နေ့က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌအဖြစ် ပြည်တွင်းမှ ဖလုံ-စဝေါ်ဒီမို ကရက်တစ်ပါတီမှ ဒုဥက္ကဌ မန်းအောင်ပြည်စိုးနှင့် အတွင်းရေးမှူးအဖြစ် ကရင်သတင်းစဉ်၏ အယ်ဒီတာ နန်းဖောဂေ အပါအဝင် ရ ဦးဖြင့် ဖွဲ့စည်းထားပြီး လျို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ပြီးသွားပါက ရွေးချယ်တင်မြောက်ခြင်း ခံရသည့် ခေါင်းဆောင်များမှ ရှေ့ဆက် အကောင်အထည်ဖော်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ပြန်လည် တာဝန်ခွဲဝေ သွားမည် ဖြစ်ပြီး မည်သည့် ခေါင်းဆောင်တက်လာတက်လာ KNU ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်သည်ဟု သူက ဆက် ပြောသည်။

“ကျွန်တော်တို့က ဘယ်ခေါင်းဆောင်ပဲ တက်လာတက်လာ။ ကျွန်တော်တို့ ကွန်ကရပ်အပေါ်မှာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် အပေါ်မှာပဲ အခြေခံပါလိမ့်မယ်။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့နေရာမှာ ခေါင်းဆောင်အသီးသီးက ငြိမ်းချမ်းရေးကို တော်တော်လိုလားတဲ့ ပုဂ္ဂိုလ်တွေ အားလုံးပါပါတယ်” ပဒိုစောသောသီဘွဲ့က ပြောသည် 

KNU ၏ ၁၆ ကြိမ်မြောက် ညီလာခံကို မတ်လ ၁၄ ရက်နေ့မှစတင်ကျင်းပခဲ့ပြီး ၄ နှစ်ကာလအတွင်း လုပ်ဆောင်ခဲ့သော လုပ်ငန်း အစီရင်ခံစာများ သုံးသပ်ခြင်း၊ အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်း၊ နိုင်ငံရေး အစီရင်ခံစာများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

၁၉၄၇ ခုနှစ်တွင် KNU ကို စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တော်လှန်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အောက်တိုဘာလက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags