စစ်တွေက CCTV ဖြုတ်သိမ်းခိုင်းသည့်ကိစ္စ မြို့နယ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများကြား ဖြေကြားချက် ကွဲလွဲနေ

စစ်တွေက CCTV ဖြုတ်သိမ်းခိုင်းသည့်ကိစ္စ မြို့နယ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများကြား ဖြေကြားချက် ကွဲလွဲနေ
သတင်းထောက် ကိုမင်းမင်း၏ ယခင် နေအိမ်အား ၂၀၁၆ ခုနှစ် မတ်လ (၁၀) ရက် ညသန်းခေါင်ယံတွင် ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရစဉ်က လုံခြုံရေးအဖွဲ့များ လာရောက်စစ်ဆေးခဲ့စဉ်

ရန်ကုန်၊ ဧပြီ ၆ ။           ။  လုံခြုံရေးအခြေအနေအရ စစ်တွေက သတင်းသမားနေအိမ်တွင် တပ်ဆင်ထားရှိသည့် CCTV ကင်မရာများ ဖြုတ်သိမ်းခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများကြား ဖြေကြားချက်များသည် ကွဲလွဲမှုများ ရှိနေသည်။

“ စီစီတီဗီက တပ်လို့ရပါတယ်။ ဒါပေမဲ့ တခြား ဘာအကြောင်းအရာကြောင့် ဖြုတ်ခိုင်းသလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်က ခု နေပြည်တော်ကို ရောက်နေပါတယ်။ ၉ ရက်နေ့မှ ပြန်ရောက်မှာပါ ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဝင်းက မဇ္စျိမသို့ ပြောသည်။

ယမန်နေ့ ဧပြီ ၅ ရက်နေ့တွင်  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (စစ်တွေမြို့နယ် ဦးစီးမှူး) ဦးမျိုးမြတ်ဟိန်းကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အိမ်ငှားစာချူပ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှု မရှိကြောင်းဟု အကြောင်းပြကာ ၎င်း ကင်မရာများကို ဖြုတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁) ရဲစခန်း စခန်းမှူး ဒုရဲမှူး ရန်နိုင်လတ်ကလည်း “ စီစီတီဗီတပ်တာ ဘာမှ တားစရာ အကြောင်းမရှိပါဘူး။ အခြားအကြောင်းပြချက်တစ်ခု ရှိပါလိမ့်မယ်။ ဒါကို သူတို့နဲ့ တွေ့ပြီးမှ ပြောကြည့်ပါ။ ကျွန်တော်လည်း ခု နေပြည်တော်ကို ရောက်နေပါတယ်။ ဒီရက်ပိုင်း ပြန်ရောက်မှာပါ။ ယခု ဖြစ်နေတဲ့ ကိစ္စတွေကလည်း ကျွန်တော် နေပြည်တော်ကို ရောက်နေတော့ ဘာမှ မသိပါ။ ခေတ္တစခန်းမှူးနဲ့ တာဝန်တွေ လွှဲခဲ့ပြီးသား ဖြစ်နေပါတယ်။ မြို့နယ် အိုးအိမ်က ဘာကြောင်းပြန်လာမလဲ စောင့်ကြည့်ပါ” ဟု ပြောသည်။

အဆိုပါအိမ်မှာ ကိုမင်းမင်းနေထိုင်ပြီး ၎င်းအနေဖြင့် စီစီတီဗီတပ်ဆင်ခြင်းသည် အိမ်ငှားစာချုပ်ပါ စည်းကမ်းများအား ညီညွတ်မှုမရှိဟု ပြောသည့်အပေါ် ရှင်းလင်းစွာ မသိရှိသေးကြောင်း ပြောသည်။

“ ကျွန်တော်လည်း ဒီကိစ္စကို မရှင်းလင်းဘူး ဖြစ်နေတယ်။ အိမ်ငှားစာချူပ်ပါ စည်းကမ်းချက်ဆိုတာ ဘာလဲလို့ ယခုအချိန်ထိ ကျွန်တော်ကို ရှင်းရှင်းလင်းလင်း မပြောသေးတာပါ။ မြို့နယ်အဆင့်က ဖြုတ်ခိုင်းတယ်။ ပြည်နယ်အဆင့်နဲ့ မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေကိုယ်တိုင်က ဒီကိစ္စက ဥပဒေနဲ့ မဆိုင်ဘူး ဆိုတယ် ” ဟု သတင်းထောက် ကိုမင်းမင်းက ပြောသည်။

လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှုအပေါ် ဖြုတ်သိမ်းခြင်း မရှိသည့်အတွက် ယနေ့ ဧပြီ ၆ ရက်နေ့တွင် မြို့နယ် အိုးအိမ်ဌာနမှ နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး အဆိုပါ နေအိမ်ပိုင်ရှင် ဖြစ်သူအား ဧပြီ ရ ရက်နေ့တွင် ပြည်နယ် အိုးအိမ်ရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။

 “ အိမ်ကို လာခေါ်တဲ့အခါမှာလည်း သတင်းသမား မင်းမင်းကို ရုံးကို လာစရာမလိုဘဲ အိမ်ရှင်ဖြစ်သူသာ လာရောက်ဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ အိုးအိမ် ပြည်နယ် ဦးစီးမှူးကတော့ လူချင်းသွားတွေ့ပြီး ပြောကြည့်ပါလို့ပဲ ကျွန်တော့ကို ဖုန်းကနေတဆင့် ပြောပါတယ် ” ဟု ကိုမင်းမင်း က မဇ္ဈိမသို့ ဧပြီလ ၆ ရက်တွင် ပြောသည်။

အဆိုပါ လုံခြုံရေးကင်မရာများ ဖြုတ်သိမ်းခိုင်းမှုအပေါ် ဆက်လက် တပ်ဆင်ထားရှိနိုင်ရေး အတွက် သတင်းသမား မင်းမင်းက ယနေ့ ဧပြီ ၆ ရက်နေ့တွင် မြို့နယ်အိုးအိမ်ဦးစီးမှူးအပါအဝင် ပြည်နယ် အိုးအိမ်ဦးစီးမှူး၊ ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲစခန်း (၁)၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတို့ကို စာပေးပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လ (၁၀) ရက်နေ့ညက ကိုမင်းမင်းနေထိုင်ခဲ့သော နေအိမ်အား ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး စစ်တွေမြို့မရဲစခန်းတွင် ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္တု ပစ္စည်း အက်ဥပဒေ ပုဒ်မ (၃) ဖြင့် အမှုဖွင့် ဆက်လက်စုံစမ်းနေဆဲလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly