အမိုက်စား MTV တွေ ဖန်တီးသူ လူငယ်ဒါရိုက်တာအောင်မြတ် နှင့်တွေ့ဆုံခြင်း အပိုင်း ၂

အမိုက်စား MTV တွေ ဖန်တီးသူ လူငယ်ဒါရိုက်တာအောင်မြတ် နှင့်တွေ့ဆုံခြင်း အပိုင်း ၂

Mizzima TV ကိုကြည့်ရှု့နေကြတဲ့ ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။

အခုဆိုရင်တော့ လူငယ်ဒါရိုက်တာအောင်မြတ်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဒုတိယပိုင်းအနေနဲ့ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မေး - အခုမေးခွန်းလေးက လူတိုင်းလူတိုင်းပါပဲ။ ကျွန်တော်တို့အားလုံး အချိန်ဆိုရင် ၂၄ နာရီပဲ ပိုင်တယ်။ အဲဒီ ၂၄နာရီ ပိုင်တဲ့အပေါ်မှာ ကိုယ်ဝါသနာပါတာတွေ ကိုယ်လုပ်ချင်တဲ့အရာတွေ အဲဒါတွေအကုန်လုပ်နိုင်ဖို့ အချိန် ကို Management ဘယ်လိုလုပ်လဲ။

ဖြေ - ကျွန်တော့်အလုပ်ကကြတော့ နှလုံးသားနဲ့ လုပ်ရတဲ့အလုပ်ဆိုတော့ နှလုံးသားရယ်၊ ဦးနှောက်ရယ် လုပ်ဖြစ်တာများတဲ့အတွက် အချိန်ကတော့ စက်ရုပ်လို လုပ်လို့မရဘူး ကျွန်တော်အလုပ်က။ ဒါပေမယ့် တာဝန်ယူထားတဲ့ Responsibility တစ်ခုကလည်း ရှိနေတဲ့အတွက် ကိုယ်လုပ်ထားတဲ့ဟာက အချိန်မီပြီးဖို့ တာဝန်ယူထားတယ်ဆိုရင် တာဝန်ကျေအောင်လုပ်ဖို့ တာဝန်တွေကတော့ ခေါင်းထဲမှာ အမြဲတမ်း ထည့်ထားရတယ်။ အဲဒီတော့ ကိုယ်တာဝန်ယူနိုင်တဲ့အလုပ်ကိုတော့ လုပ်ဖြစ်တာများတယ်။ လုပ်တဲ့အလုပ်မှာလည်း နှလုံးသားနဲ့ စိတ် နှစ်ပြီးတော့လုပ်ရတဲ့အလုပ် ဖြစ်တဲ့အတွက် ကျွန်တော့်အတွက်က ဒီဟာကို ပြီးပြီးမပြီးပြီး တော်ပြီ ရပ်မယ်လို့။ ပြီးရင်ဘယ်သွားမယ် Gym ဆော့မယ်။ အဲဒီလိုမျိုးတော့ လုပ်ထားလို့တော့မရဘူး။ ဒါပေမယ့်ပြီးလို့ရှိရင် မဖြစ်ဘူး။ အဲဒီအတွက် ညဆိုလည်း စဉ်းစားတယ်။ အိပ်တယ်။ အိပ်လို့ရှိရင် အိပ်မက်ထဲမှာလည်း ဆက်စဉ်းစားတယ်။ မနက်ဆို တစ်ခါတစ်လေ Story တွေရသွားတယ်။ အိပ်မက်ထဲမှာ။ အဲဒါဆိုတော့ သိပ်ပြီးတော့ အချိန်ကိုတော့ သတ်သတ်မှတ်မှတ် ခွဲပြီးတော့ သူ့အချိန်နဲ့သူ လုပ်တယ်ဆိုတာမျိုးတော့ မရှိပါဘူးဗျ။ ကိုယ်လုပ်ရမယ့်အလုပ် အရေးကြီးတဲ့အလုပ်ကိုပဲ ဦးစားပေးလုပ်တယ်။ ပြီးရင် အလုပ်ပြီးအောင် တာဝန်ကျေအောင် အဲဒါမျိုးပဲလုပ်ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့၊ နောက်တစ်ခုက လူငယ်တစ်ယောက်က မိဘက ဖြစ်စေချင်တာမျိုးရှိတယ်။ နောက် ကိုယ်လုပ်ချင်တဲ့အရာတွေလည်းရှိတယ်။ အဲဒီအချိန် လမ်းကြောင်းရွေးချယ်တဲ့အချိန်မှာ ဘယ်လိုမျိုး အရေးကြီးလဲ။

ဖြေ - အဓိက ကတော့ မိဘတိုင်းက ကိုယ့်သားသမီးကို ကောင်းစေချင်တယ်။ ကောင်းစေချင်တဲ့အတွက် ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့အရာတွေကို အားကျတယ်၊ ဖြစ်စေချင်တယ်။ အဲဒီအခါမှာ ကိုယ့်သားသမီးက ဖြစ်ချင်တဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းမကျတဲ့ အခြေအနေက အများကြီးရှိပါတယ်။ ကျွန်တော့်အနေနဲ့ကကျတော့ ကျွန်တော့မိဘက Flexible ဖြစ်တယ်လို့ ပြောလို့ရတယ်။ ကျွန်တော်ဖြစ်ချင်တဲ့အရာကို သေသေချာချာ ကိုယ့်ဘက်ကလည်း ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင် ရှိဖို့လည်း လိုတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘနဲ့ သားသမီးတွေ ကြားထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေအရဆိုရင် မိဘကလည်း ကောင်းစေချင်လို့ ပြောပေမယ့်လည်း သားသမီးကလည်း ကိုယ်လုပ်ချင်တာ မဟုတ်တဲ့အတွက် လုံးဝကန့်လန့်ပေါ့နော်။ အဲဒီလိုမျိုး အချိန်တွေမှာဆိုရင် အမြဲတမ်း အခက်အခဲတွေက ရှိကြပါတယ်။ ပြီးတော့ သားသမီးတွေအနေနဲ့ကလည်း ကိုယ်လုပ်ချင်တဲ့အရာတွေကို သေသေချာချာ ပွင့်ပွင့်လင်းလင်းနဲ့ အဲဒီအရာကို မိဘနဲ့ တိုင်တိုင်ပင်ပင်ပြောမယ်။ ပြီးတော့ ဒါရဲ့ ကောင်းမွန်တဲ့ Result တွေကိုလည်း မိဘကိုနားလည်အောင် ရှင်းပြနိုင်မယ်ဆိုရင်တော့ အခက်အခဲတွေကတော့ သိပ်မရှိနိုင်ဘူးထင်ပါတယ်။

မေး - နောက်တစ်ခုက အခုလို Directing လောကကို ဖြတ်သန်းလာရင်းနဲ့ လုံးဝစွန့်လွှတ်တော့မယ်ဆိုတဲ့ အချိန်တွေရောကြံုဖူးလား။

ဖြေ - ဘဝမှာတော့ အခက်အခဲကလူတိုင်းနီးပါးရှိကြပါတယ်။ ဒါ ကျွန်တော် တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ ကိုယ်ခံနိုင်တဲ့အပေါ်မူတည်ပြီးတော့မှ အသေးအကြီးကတော့ ကွာသွားကြတာပဲ။ ကိုယ်က များများပြေးတယ်ဆိုရင် များများတော့ချော်လဲမှာပဲ။ ခလုတ်ကတော့ တိုက်ကြမှာပဲ။ ကိုယ်ကတော့ ရှေ့များများပြေးချင်တယ် ဆိုရင်တော့ ဒါတွေကိုတော ့ဂရုစိုက်ပြီးတော့မှ ပြန်လှည့်ပြေးတာတွေ အဲဒီမှာ ထိုင်ငိုနေတာတွေ မရဘူးထင်ပါတယ်။ ပြီးတော့ကျွန်တော့်မှာ နောက်ထပ်ခံယူချက်တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ဘယ်လိုပဲဖြစ်လာဖြစ်လာ ကျွန်တော်တို့ဖြစ်ပျက်နေတဲ့ ဒီအဖြစ်အပျက်တွေအားလုံးက ကျွန်တေ်ာတို့ဘဝအတွက် ပိုပြီးတော့ကောင်းမယ့်အကြောင်းပြချက်တစ်ခုလို့ ကျွန်တော်ကထင်တယ်။ ပိုပြီးတော့ကောင်းအောင်ဖြစ်လာမယ့် အချက်အလက်တွေအတွက်ကို ပိုပြီးတော့ကောင်းမယ့်ဘဝအတွက် ဒါတွေအကုန်လုံးက တစ်နည်းတစ်ဖုံနဲ့ Support လုပ်နေတယ်လို့့ပဲ ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တစ်ခုခုကြောင့် အခက်အခဲဖြစ်နေတယ်။ စိတ်ဓါတ်ကျစရာဖြစ်သွားတယ်။ အခက်အခဲတွေ ရှိနေတယ်ဆိုရင် ဒီလိုအခက်အခဲကြောင့်သာ နောက်ထပ်ပိုပြီးတော့ တစ်ဆင့်မြင့်တဲ့ နေရာရောက်ဖို့သာ လမ်းစရတယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်ဗျ။ အဲဒီအတွက် အခက်အခဲတွေရှိမယ်ဆိုရင်လည်း ကျွန်တော်က ဒါကိုလက်ခံပါတယ်။ အဲဒီအတွက် သင်ခန်းစာယူပြီးတော့မှ ပိုကောင်းတဲ့ ဘဝတက်လမ်းအတွက်ကို ကြိုးစားဖို့ပဲ လိုအပ်မယ်လို့ ယုံကြည်ပါတယ်ဗျ။

မေး - လူငယ်တစ်ယောက်အနေနဲ့ အောင်မြင်မှုရဖို့အတွက် ဘာတွေလိုအပ်မလဲဗျ။

ဖြေ - လူငယ်လူကြီးရယ်လို့တော့ မဟုတ်ပါဘူးဗျ။ လူတစ်ယောက် အောင်မြင်မှုရဖို့ဆိုရင်တော့ ကျွန်တော်ကတော့ ဖြစ်ချင်တဲ့စိတ်ရယ် ပြီးတော့ကိုယ်က ဖြစ်ချင်တဲ့စိတ်ပေါ်မှာ ချက်ချင်း အချိန်အခါ သင့်တဲ့အခါမှာ ကောက်ပြီးတော့ ချက်ချင်းလုပ်နိုင်ဖို့ရယ်၊ အဲဒါအရေးကြီးတယ်လို့ ထင်ပါတယ်။ ပြီးတော့ နောက်တစ်ချက်ကတော့ စေတနာ။ ကိုယ်က အလုပ်တစ်ခု လုပ်တဲ့အချိန်မှာ အလုပ်ရယ်လို့မဟုတ်ဘဲနဲ့ ဒီအလုပ်ကရမယ့် အသီးအပွင့်ဟာ ဘယ်လိုမျိုးအကျိုးရှိမလဲ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မဟုတ်ဘူး။ ဒီလူတွေအားလုံးအတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာပါ စဉ်းစားပြီးတော့ စေတနာထည့်ပြီးတော့ လုပ်မယ်ဆိုရင် ပိုပြီးတော့မှ အကျိုးရှိမယ်လို့ထင်သလို ကိုယ့်စိတ်ကိုလည်းပိုပြီးတော့မှ လိပ်ပြာသန့်စေပါတယ်။

မေး - နောက်တစ်ခုက ရုပ်ရှင်တစ်ကားပဲဖြစ်ဖြစ်၊ သီချင်း MTV တစ်ပုဒ်ပဲဖြစ်ဖြစ်၊ အရင်ဆုံးပရိသတ်တွေက မင်းသား မင်းသမီးကိုပဲ မြင်ကြတယ်။ ဒါရိုက်တာဆိုတာ Second ပေါ့ ဒုတိယနေရာက မြင်ကြတယ်။ အဲဒီအပေါ် Feeling လေးဆိုရင်ရော။

ဖြေ - အဲဒီအပေါ် Feeling ကတော့ ဘယ်လိုမှတော့မရှိဘူးဗျ။ အဓိက,ကတော့ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခုကို ကျွန်တော့်အလုပ်ကကျတော့ လူတွေအားလုံးနဲ့ ပတ်သက်နေတယ်။ သရုပ်ဆောင်တာ ကောင်းလိုက်တာ ၊ မင်းသားလေးငိုလိုက်တာ မင်းသမီးလေးကအရမ်းချစ်ဖို့ကောင်းတာပဲ။  ပြီးတော့ သူသရုပ်ဆောင်လိုက်တာ ဘယ်လိုလေး Lighting တွေက မိုက်တယ်နော်။ ဘယ်လိုပဲပြောပြော အားလုံးက ကျွန်တော့်ရင်ထဲ လာထိတယ်။ အားလုံးကကိုယ့်ရဲ့လက်တွေခြေတွေလိုမျိုးပဲ။ အားလုံးက ကိုယ်နဲ့ပတ်သက်ပြီးတော့မှ ဖြစ်လာတယ်။ ကိုယ့် ညွှန်ကြားမှုအောက်မှာ ဖြစ်လာတဲ့ဟာတွေဆိုတော့ ဘယ်သူ့ကိုပဲပြောပြော အကုန်လုံးက ကိုယ်နဲ့တိုက်ရိုက် ပတ်သက်နေတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူတယ် ပီတိဖြစ်တယ်။ အဲဒီလိုမျိုးပဲ တစ်ခုခုလိုအပ်ချက် ပြောတယ်ဆိုရင်တော့ ဒါက ဒါရိုက်တာဆီ တန်းရောက်တာပေါ့။

မေး - အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သီချင်း MTV တွေက ရိုက်ချက်တွေလည်း ကောင်းလာတယ် ။ နည်းပညာတွေလည်း မြင့်လာတယ်။ ဒါပေမယ့် ကမ္ဘာကျော်အဆိုတော်တွေရဲ့ သီချင်း MTV တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာတွေများကွာခြားဦးမယ်လို့ထင်လဲဗျ။

ဖြေ - ကွာခြားချက်တွေကတော့ အများကြီးပဲဗျ။ အိုင်ဒီယာ Brain Strong ပိုင်းမှာရော အကုန်လုံးက သူတို့ဘက်မှာ ကျွန်တော်ကြည့်လိုက်လို့ရှိရင် ဒီကြော်ငြာတွေမှာဆိုလို့ရှိရင်တော့ International အဆင့်သွားနေရတယ် ရိုက်နေရတယ်။ Brand တွေ ကိုယ်တိုင်ကလည်း နိုင်ငံတကာ Brand တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အလုပ်လုပ်ရတဲ့အခါမှာ ပိုပြီးတော့မှ သူတို့ဘက်က လုပ်ချင်တဲ့ Strategy တွေကို ပိုပြီးတော့မှ လေ့လာဖြစ်တယ်။ အဲဒီအခါမှာ Music Video ကကျတော့ ဒီ Local ပိုင်းမှာပဲ ရိုက်ဖြစ်တာများတဲ့ အတွက် အဲဒီနှစ်ခုရဲ့ ကွာခြားချက်ကို ပိုပြီးတော့ သတိထားမိခဲ့တယ်။ အဓိက,ကတော့ ကျွန်တော်တို့ ဟိုမှာဆိုလို့ရှိရင်တော့ ကြော်ငြာတွေရိုက်ရင် Market ကဘာလဲ ပြီးရင် လုပ်ပြတဲ့ရည်ရွယ်ချက်ကဘာလဲ။ ဥပမာ ကြည့်တဲ့အကြည့်ကအစ ဘာကြောင့်သူက အဲဒီလိုကြည့်တာလဲ။ ဘယ်လောက်ထိ အဲဒီလိုမျိုး ဘယ် Market ကိုပစ်ချင်တာလဲ။ ဘယ် Market ကိုထိချင်လို့လဲ။ ပြီးတဲ့အခါ ဒီလိုအကြည့်က နောက်ပိုင်းမှာ ဘယ်လိုပြန်ချိတ်တာလဲ။ အကုန်လုံးအစအဆုံးကို Detail သွားတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အချိန်လည်းပေးသလိုမျိုး အဲဒီအချိန်မှာအသုံးချဖို့အတွက် ကုန်ကျစရိတ်တွေ ပြီးတော့ရိုက်ကွင်းပေါ်မှာ ဘယ်လောက်ပဲ ဖြစ်ဖြစ်ပေါ့နော် လိုချင်တဲ့ဟာကို ချပြဖို့ ကုန်ကျစားရိတ်တွေအားလုံးကို ချပြပေးတယ်။ အဲဒီတော့ နိဂုံးချုပ်မယ်ဆိုရင် ဒီလို International သွားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဘက်က Idea ပိုင်းရော ပြီးတော့လုပ်ဖို့စနစ် ပိုပြီးတော့ကျဖို့ ပြီးတော့ငွေကြေးကုန်ကျမှုပိုင်းရော အကုန်လုံး လိုအပ်နေပါသေးတယ်။ အဲဒီအတွက် ဒီအပိုင်းတွေကို ကျွန်တော်တို့ ဖြည့်ဆည်းနိုင်မှသာလျှင် ပိုကောင်းတဲ့ နိုင်ငံတကာအဆင့်မီ အနုပညာအလုပ်တွေပိုပြီးတော့လုပ်နိုင်မှာပါ။

မေး - နောက်တစ်ခုကတော့ လူငယ်တစ်ယောက်အနေနဲ့ အချစ်အပေါ်ခံယူထားတဲ့ ခံယူချက်လေးလည်း သိချင်ပါတယ်ဗျ။

ဖြေ - ကျွန်တော့်အနေနဲ့ကတော့ အမျိုးမျိုးခံစားရတဲ့လူတစ်ယောက် ဖြစ်နေတဲ့အတွက် တစ်ခါတစ်လေကျရင် အလိုလိုနေရင်း အရမ်းကို ချစ်တတ်လာတယ်။ တစ်ခါတစ်လေကျရင်လည်း အသည်းကွဲသီချင်းတွေ ဆက်တိုက်ရိုက်တာတွေ များလာတဲ့အခါမျိုးမှာ အလိုလိုနေရင်း ဝမ်းနည်းလာတယ်။ ငါဘာလို့မချစ်တာလဲ ၊ မချစ်တာလဲ အလိုလိုနေရင်း ဘာပြဿနာမှမရှိဘူး တစ်ယောက်တည်း Drama တွေဖြစ်ပြီးတော့မှ ကြေကွဲနေတယ်။ အမျိုးမျိုးပဲ။ ကျွန်တော့်အနေနဲ့က ပြောမယ်ဆိုရင် ကျွန်တော့်အလုပ်အနေနဲ့ကရော စိတ်အနေနဲ့ကရော စိတ်ကသိပ်ပုံမှန်ထားလို့မရတဲ့ အနေအထားမှာရှိတယ်။ အဲဒီတော့ ကျွန်တော် စိတ်ကအမျိုးမျိုး ပြောင်းလဲပြီးမှ လုပ်ယူရတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ခံစားချက်ကတော့ အမျိုးမျိုးပြောင်းလဲနေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အချစ်ဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုရှိဖို့က အရမ်းအရေးကြီးတယ် ထင်ပါတယ်။ နားလည်မှုရယ် ယုံကြည်မှုရယ် ရှိနေမှသာလျှင် အခက်အခဲတွေရှိနေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်မယ်လို့ကျွန်တော် ယုံကြည်ပါတယ်။ အဓိက,ကတော့ အဲဒါမှသာလျှင် Relationship တစ်ခုကပိုပြီးတော့မှ Strong ဖြစ်သလိုမျိုး ချစ်ခင်မှုကလည်း ပိုပြီးတော့ ကြီးထွားလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး - မြန်မာနိုင်ငံက ဒါရိုက်တာဖြစ်ချင်တဲ့လူငယ်တွေအတွက် အကြံဉာဏ်စကားလေးလည်း ပြောပေးပါဦးဗျ။

ဖြေ - အဓိက,ကတော့ ဒါရိုက်တာရယ်လို့မဟုတ်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့အပိုင်းကို လူငယ်တွေအကုန်လုံးက ဖြစ်လာနိုင်တဲ့ အနေအထားတွေက အကုန်ရှိပါတယ်။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာသာ ကိုယ့်ဘာသာအရင်ဆုံး သိမယ်ဆိုလို့ရှိရင် ဖြစ်ဖို့အတွက် လမ်းစတွေအများကြီးရှိပါတယ်။ ဒီ အခွင့်အရေးတွေက အမြဲတမ်းက လည်ပတ်နေတယ်။ လာနေတယ်။ အဲဒီအခါမှာ အခွင့်အရေးလာတဲ့အချိန်မှာ ကိုယ်ကဖမ်းဆုပ်နိုင်ဖို့ အရေးကြီးတယ်ဗျ။ ဖမ်းဆုပ်နိုင်ဖို့အတွက်က ကိုယ်ကိုယ်တိုင်က ဖမ်းဆုပ်နိုင်ဖို့အတွက် အင်အားတစ်ခုက ရှိနေဖို့လိုပါတယ်။ အဲဒီအတွက် ပြီးတော့ ကိုယ်ဘာကို ဝါသနာပါလဲ၊ ကိုယ်တကယ်ဘာဖြစ်ချင်တာလဲ အဲဒီဟာကို မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကို ခဏမေ့ထားပါ။ ဒါကို ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာကိုပဲ ကျွန်တော်ကတော့ စဉ်းစားစေချင်ပါတယ်။ အဓိက,ကတော့ တကယ်ဖြစ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် အချိန်ကိုမစောင့်ဘဲနဲ့ ခံယူချက်သာ ပြင်းထန်မယ်ဆိုရင် လူတိုင်းက ဖြစ်ချင်တဲ့ဆန္ဒကို ဖြစ်အောင် လုပ်နိုင်ကြပါတယ်။ ဒါကလူတိုင်းပါပဲဗျ။

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ရဲ့ အစီအစဉ်လေးမှာ ပါဝင်ကူညီပေးတဲ့ ကိုအောင်မြတ်ကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ဗျ။ ဒီ့ထက် အများကြီး အများကြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ဗျ။

အပိုင်း(၁)အား ဖတ်ရန်-http://www.mizzimaburmese.com/article/25691

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly