အရှုံးပေါ်နေတဲ့ လျှပ်စစ်ဌာန လက်ရှိ မီတာခနှုန်းထားအား ပြန်လည်သုံးသပ်နေ

အရှုံးပေါ်နေတဲ့ လျှပ်စစ်ဌာန လက်ရှိ မီတာခနှုန်းထားအား ပြန်လည်သုံးသပ်နေ
ဖယောင်းတိုင်မီးဖြင့် အိမ်စာလုပ်နေသည့် ကျောင်းသားတစ်ဦး (ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ လျှပ်စစ်ကဏ္ဍသည် ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်များပြီး လက်ရှိတွင် အရှုံးပေါ်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောဆိုလိုက်သည်။

“ဓာတ်အားဝယ်ဈေးတွေက တော်တော်လေး ကြီးပါတယ်။ ကြီးတဲ့အတွက် ကျွန်တော်တို့ဌာနက တောက်လျှောက် အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ရှုံးတဲ့အတွက် ဒါတွေကို ကာမိအောင်လုပ်ဖို့ လိုလာပြီဆိုတာက ဘာဖြစ်လို့လည်းဆိုရင် ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတွေ သူတို့ ဈေးတက်ပြီးရောင်းတယ်။ ကျွန်တော်တို့က ဝယ်တယ်။ ဝယ်ပြီး ဈေးလျှော့ပြီးရောင်းတယ်ဆိုရင် ကျွန်တော်တို့ဌာနက ရေရှည်ရပ်တည်ဖို့ ခက်သွားမယ်လေ” ဟု ဦးထိန်လွင်က ဧပြီလ ၆ရက်တွင် ပြောသည်။

ထိုသို့ အရှုံးပေါ်နေသည့်အတွက် မီတာခနှုန်းထားအား တိုးမြင့်ကောက်မည်၊ မကောက်မည်ကို ဦးထိန်လွင်က အတိအကျ ပြောဆိုခဲ့ခြင်းမရှိသော်လည်း ပြန်လည်သုံးသပ်နေသည်ဟု ဆိုသည်။

“ပြည်သူလည်း မထိခိုက်အောင်၊ ကျွန်တော်တို့ဌာနလည်း အရှုံးသက်သာအောင်၊ အကောင်းဆုံးအခြေအနေကို တွက်ချက်နေတာပါ” ဟု အစိုးရ၏ တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးထိန်လွင်က ပြောသည်။

တွက်ချက်ပြီးပါကလည်း လွှတ်တော်ရှိ ကော်မတီများ၊ တိုင်းနှင့်ပြည်နယ်အစိုးရများနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးြ့ပီး ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ ချပြသွားမည်ဟု ဦးထိန်လွင်က ဆိုသည်။

“ပြည်သူသုံးတာကတော့ အတတ်နိုင်ဆုံး၊ အနည်းဆုံးဈေးနဲ့ ပေးရမယ်။ စီးပွားရေးလုပ်ငန်းရှင်ကျတော့ အရှုံးကာမိတဲ့ ဈေးနှုန်းဖြစ်ရမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အိမ်သုံးမီတာ ယူနစ် ၁၀၀အထိ သုံးစွဲသူများသည် တစ်ယူနစ်လျှင် ၃၅ ကျပ် ကျသင့်ပြီး
၁၀၁ မှ ယူနစ် ၂၀၀ အထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်၊ ၂၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ပေးဆောင်ရသည်။

စက်မှုလုပ်ငန်းသုံးမီတာများအတွက် ယူနစ် ၅၀၀ အထိသုံးစွဲပါက တစ်ယူနစ်လျှင်
၇၅ ကျပ် ကျသင့်ကာ ၅၀၁ မှ ၁၀,၀၀၀ ယူနစ်အထိ ကျပ် ၁၀၀၊ ၁၀,၀၀၁ မှ ၅၀,၀၀၀ ယူနစ် အထိ
၁၂၅ ကျပ်၊ ၅၀,၀၀၁ မှ ၂၀၀,၀၀၀ ယူနစ်အထိ ကျပ် ၁၅၀ ပေးဆောင်ရသည်။

 ၂၀၀,၀၀၁ မှ ယူနစ် ၃၀၀,၀၀၀ အထိ သုံးစွဲပါက ၁၂၅ ကျပ်နှင့် ၃၀၀,၀၀၀ အထက်သုံးစွဲပါက တစ်ယူနစ်လျှင်
ကျပ် ၁၀၀ သာ ပေးဆောင်ရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၃၃၃ရွာအား လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဦးထိန်လွင်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သို့သော် မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၃၇ရာခိုင်နှုန်းကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သေးပြီး ကျန် ၆၃ရာခိုင်နှုန်းမှာမူ လျှပ်စစ်မီး မရရှိသေးပေ။ မြန်မာနိုင်ငံတွင် အိမ်ထောင်စု စုစုပေါင်း ၁၀ဒဿမ ၈သန်း ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly