အလုပ်သမားအခွင့်အရေးဆိုင်ရာနစ်နာမှုများအတွက် ဂွတ်မောနင်းကုမ္ပဏီ စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်

အလုပ်သမားအခွင့်အရေးဆိုင်ရာနစ်နာမှုများအတွက် ဂွတ်မောနင်းကုမ္ပဏီ စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်

ရန်ကုန် ဧပြီ ၆ ။             ။ အလုပ်သမားအခွင့်အရေးဆိုင်ရာ နစ်နာမှုများအတွက် ဂွတ်မောနင်းကုမ္ပဏီ စက်ရုံအလုပ်သမားများက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဧပြီလ ၆ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အလုပ်ထုတ်ခံရသည့်အလုပ်သမားများ အလုပ်ပြန်လည်ခန့်ထားရန်၊ ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်ဘက်က လိုက်နာရန်အပါအဝင် အလုပ်သမားအခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။

စက်ရုံအလုပ်သမားများ၏ ထိခိုက်နစ်နာမှုများအတွက် ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့က ညှိနှိုင်းဆုံးဖြတ်ပေးခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်ကို ကုမ္ပဏီဘက်က လုံးဝလိုက်နာခဲ့ခြင်းမရှိကြောင်း ဆန္ဒပြအလုပ်သမားများက ဆိုသည်။

၂၀၁၇ မတ်လ ၈ ရက်က အလုပ်သမား ၁၈၄ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ရာတွင် အလုပ်သမားများနှင့် ညှိနှိုင်းမှု မရှိခဲ့ခြင်းသည် အလုပ်ရှင်ဘက်က အလုပ်သမားဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုဇော်လင်းခိုင်က ပြောသည်။ ထို့အပြင် အလုပ်သမားများ၏ ထိခိုက်နစ်နာမှုများအတွက် အစိုးရက အောက်ခြေအထိ
ကွင်းဆင်းဆောင်ရွက်ပေးရန် လိုအပ်သည်ဟု သူက ဆက်ပြောသည်။

“ပြည်သူက တင်မြောက်ထားတဲ့အစိုးရ ဖြစ်တဲ့အတွက် ပြည်သူတွေဘဝကို တစ်အိမ်တက်ဆင်းဖြစ်ဖြစ်၊ အဲဒီလို မဖြစ်နိုင်ရင် လမ်းဘေးမှာ အစုလိုက်အပြံုလိုက် ရောက်နေတဲ့ဘဝတွေကို ဝန်ကြီးတွေအနေနဲ့ ဖြစ်ဖြစ်၊ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖြစ်ဖြစ်၊ သမ္မတကြီးဦးထင်ကျော်ကိုယ်တိုင်ဖြစ်ဖြစ် အားပေးနှစ်သိမ့်ပြီးတော့ ဥပဒေကြောင်းအရ ကျွန်တော်တို့ကိုယ်စား တရားစွဲပေးစေချင်တယ်။” ဟု ကိုဇော်လင်းခိုင်က ပြောသည်။

စက်ရုံအလုပ်သမားများအနေဖြင့် ၎င်းတို့၏တောင်းဆိုမှုများမရမချင်း ထိုင်သပိတ်အနေဖြင့် ဆက်လက်တောင်းဆိုသွားမည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ ကိုမျိုးသန့်ကပြောသည််။

“လောလောဆယ် အလုပ်သမားကောင်စီရဲ့ အဆုံးအဖြတ်ကို စောင့်နေတယ်။ ကျွန်တော်တို့ဘက်က သင်္ကြန်အတွင်းမှာလည်း ထိုင်သပိတ်အနေနဲ့ ဆက်လက်တောင်းဆိုသွားမယ်။ အစိုးရကိုသိစေချင်တာက ကျွန်တော်တို့ အလုပ်သမားတွေ ထိုင်သပိတ်နဲ့တောင်းဆိုနေပေမယ့် စားဝတ်နေရေးမှာ အရမ်းဒုက္ခရောက်နေကြပါတယ်။ အလှူရှင်တွေ ထောက်ပံ့တာနဲ့ ရပ်တည်နေရတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ကူညီစေချင်တယ်။ ကြားဝင် ဆောင်ရွက်ပေးစေချင်တယ်။” ဟု ကိုမျိုးသန့်ကပြောသည်။

အလုပ်သမား (၁၉၃) ဦးကို အလုပ်ထုတ်ခဲ့ခြင်းအတွက် အစိုးရကအရေးယူပေးရန် တောင်းဆိုခဲ့ကြပြီး ယင်းဆန္ဒဖော်ထုတ်ပွဲတွင် အလုပ်သမား ၂၀၀ ဝန်းကျင်ပူးပေါင်းပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly