ပယောဂကုသည်ဟုဆိုကာ ရိုက်နှက်သဖြင့် ကလေးငယ်သုံးဦး သေဆုံးခဲ့သည့်အမှု အမှုစစ်အရာရှိ လာရောက်ထွက်ဆို

ပယောဂကုသည်ဟုဆိုကာ ရိုက်နှက်သဖြင့် ကလေးငယ်သုံးဦး သေဆုံးခဲ့သည့်အမှု အမှုစစ်အရာရှိ လာရောက်ထွက်ဆို

ရန်ကုန်၊ ဧပြီလ ၆ ။            ။ မကောင်းဆိုးဝါးများပူးကပ်နေ၍ ပယောဂကုသသည်ဟုဆိုကာ ရိုက်နှက်သဖြင့် ကလေးငယ် သုံးဦးသေဆုံးခဲ့သည့်အမှုအတွက် တွံတေးမြို့မရဲစခန်းမှူး အမှုစစ်အရာရှိ ဒုတိယရဲမှူးကျော်နိုင်စိုးက တရားလိုပြသက်သေအဖြစ် ဧပြီလ ၆ ရက်က သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် လာရောက်ထွက်ဆိုခဲ့သည်။

“ရဲလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ဆောင်ရွက်ခဲ့တဲ့အရာတွေ၊ သက်ဆိုင်တာအားလုံး ဓာတ်ပုံရိုက်ထားတာတွေ၊ အခင်းဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေအားလုံးကို တရားခွင်ရှေ့မှာပဲ သက်သေခံအဖြစ်ထွက်ဆို ပေးရတာပါ။ တရားခွင်ရှေ့မှာ ထွက်ဆိုထားတာဖြစ်တဲ့အတွက် ထွက်ဆိုတာတွေကို ပြောလို့မရပါဘူးခင်ဗျ”ဟု တွံတေးမြို့မရဲစခန်းမှူး အမှုစစ်အရာရှိ ဒုတိယရဲမှူးကျော်နိုင်စိုးက တရားခွင်တွင် ထွက်ဆိုခဲ့သည့် အခြေ အနေနှင့် ပတ်သက်ပြီး ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဒုတိယရဲမှူးကျော်နိုင်စိုးကို တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုရန် တောင်ပိုင်းခရိုင်တရားရုံးမှ မတ်လ ၁၅ ရက်နှင့် ၂၉ရက်တွင် နှစ်ကြိမ်ထိချိန်းဆိုခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသည့်အတွက် ဧပြီလ ၆ ရက်တွင် သုံးကြိမ်မြောက်ထပ်မံချိန်းဆိုရာ ဒုတိယ ရဲမှူးကျော်နိုင်စိုးက လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပယောဂကုသည်ဟုဆိုကာ ရိုက်နှက်၍ ကလေးငယ်သုံးဦးသေဆုံးခဲ့သည့်အမှုနှင့် ပတ်သက်၍ ဧပြီလ ၂ဝ ရက်ကို ထပ်မံရုံးချိန်းလိုက်ကြောင်းသိရသည်။

“ဒီနေ့ တွံတေးစခန်းမှူးကို စစ်တယ်။ ရုံးချိန်းကိုတော့ ၂ဝ ရက်နေ့ချိန်းလိုက်ပြီ။ စစ်ချက်ယူတာတွေကျတော့ ကျွန်တော်တို့မသိရဘူး”ဟု သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်းခရိုင် မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်မြတ်စိုးက ပြောသည်။

အဆိုပါ ပယောဂကုသည်ဟုဆိုကာ ရိုက်နှက်သဖြင့် ကလေးငယ်များသေဆုံးခဲ့သည့် အမှုအတွက် သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင်တရားရုံး အမှုအမှတ် ရာဇဝတ်ကြီး ရ၆/၂၀၁၆ ဖြင့် ဆရာဝန်အပါအဝင် တရားလိုပြသက်သေ ၁ဝ ဦးကို စစ်ဆေးခဲ့ပြီဖြစ်ပြီး ယင်းအမှုကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ နာကျင်စေမှုတို့ဖြင့် တွံတေးမြို့မရဲစခန်း ပထမသတင်းပေးတိုင်တန်းချက်မှတ်တမ်း (ပ)၆၄၂/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁/၃၂၃ ဖြင့် အမှုစစ်အရာရှိ ဒုတိယရဲမှူးကျော်နိုင်စိုးက တရားလိုအဖြစ် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၉ ရက် ညတွင် ပယောဂဆရာဆိုသူ ထွန်းနိုင်မှ မကောင်းဆိုးဝါးများနှင်ထုတ်သည်ဟုဆိုကာ တွံတေးမြို့နယ် ပသီကုန်းကျေးရွာနေ ကလေးငယ်များအား ကန်ကျောက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ ဖနှောင့်ပေါက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အသက် ၃ နှစ်အရွယ် မောင်နေလင်း(ခ) တစ်တို၊ အသက် ၂ နှစ်အရွယ် မလှနှင်းရွှေနှင့် အသက် ၈ လအရွယ် မယမင်းတို့မှာ သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် မသင်းသင်းစိုးမှာ ဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရသူ အသက် ၃ဝ အရွယ် ထွန်းနိုင်ကို တွံတေးမြို့မရဲစခန်းမှ (ပ)၆၄၂/၁၆၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂၊ ၃၂၅ ၊ ၂၀၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly