မွန်ပြည်နယ် ချောင်းဆုံတံတား နာမည်ပေးသည့်ကိစ္စ ပြန်သုံးသပ်ပေးရန် နိုင်ငံရေးပါတီ ၁၄ ခုကတောင်းဆို

မွန်ပြည်နယ် ချောင်းဆုံတံတား နာမည်ပေးသည့်ကိစ္စ ပြန်သုံးသပ်ပေးရန် နိုင်ငံရေးပါတီ ၁၄ ခုကတောင်းဆို
(ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

ရန်ကုန်၊ ဧပြီ ၆ ။           ။ မွန်ပြည်နယ် ချောင်းဆုံတံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးကို ထိခိုက်စေမည်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် အလေးအနက် ပြန်လည်သုံးသပ်ပေးပါရန် အတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိးပါတီအပါအဝင် ပါတီ ၁၄ က တိုက်တွန်းလိုက်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ၊ အမျိုးသားတိုးတတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ( မြန်မာ) အပါအဝင် ပါတီပေါင်း ၁၄ ခုက ဧပြီ ၅ရက်က ကြေငြာချက်ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က “ဘယ်နာမည်ပေးတာက အရေးမကြီးဘူး။ ဘယ်သူ့နာမည်ပဲပေးပေး ဘာနာမည်ပဲပေးပေး အဓိက,ကတိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲဖို့က အရေးကြီးတယ်။ တိုင်းရင်းသားတွေကြားထဲမှာ နားလည်မှုမလွဲစေချင်ဘူးပေါ့နော်။ ဒေသခံပြည်သူလူထုရဲ့အသံ ကိုနားထောင်ပေးပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုထိခိုင်နိုင်တဲ့ လူမျိုးစုတွေကြားမှာ သံသယတွေကြီးထွားစေမယ့်ကိစ္စမျိုးကို တတ်နိုင်သမျှ ထိန်းကျောင်းဖို့ အစိုးရကို တိုက်တွန်းချင်တာပါပဲ။ အကြံပြုလိုတာပါပဲ" ဟု ပြောဆိုသည်။

အဆိုပါတံတားကို လာမည့် ဧပြီ ၉ရက်တွင် အမည်ပေးရမည်ဖြစ်သည်။ သမ္မတ(ဟောင်း)ဦးသိန်းစိန်လက်ထက်တွင် စတင်အကောင်အထည်ဖော်စဉ်က သံလွင်တံတား (ချောင်းဆုံ)ဟု သတ်မှတ်ခေါ်ဆိုခဲ့ပြီး ဒေသခံများအနေဖြင့် မည်သည့်ပြသာနာမှမရှိခဲ့ကြောင်း
၎င်းက ဆက်လက်ပြောဆိုသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန်အဆိုအား မတ် ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။

တံတားအမည်ပေးရေးကိစ္စနှင့် မတ် ၂တွင် ဒေသခံအင်အား ၃၀၀၀ ကျော်၊ မတ် ၁၉ တွင် ၂၀,၀၀၀ကျော်တို့က သံလွင်တံတား (ချောင်းဆုံ) ဟုသာ သတ်မှတ်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုတင်သွင်းခဲ့သူ မိကွန်ချမ်းက “အစိုးရက ပြည်ထောင်စုဝန်ကြီးက ဆုံးဖြတ်ရမှာလေ။ အဲ့ဒါကလည်း သူတို့ထုတ်ပြန်မှာပေါ့နော်။ ကျွန်မကတော့ မသိဘူးရှင့်။ ပြည်သူ့လွှတ်တော်ကတင်ပြီးသွားပြီလေ။ ဝန်ကြီးဖြေတဲ့အပေါ်မှာလည်း ပြောပြီးပေါ့နော် ထုတ်ပြန်တာက
ဝန်ကြီးဌာနက ထုတ်ပြန်မှာပေါ့ ကျန်တဲ့အပိုင်းက အစိုးရကလုပ်ရမယ့်အပိုင်းတွေလေ" ဟုပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၂၈) အရ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်က ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကိုသာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု အဆိုပါ နိုင်ငံရေး ၁၄ ပါတီ၏ ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးဆိုင်ရာ အဆိုတင်သွင်းခွင့်ရှိသော်လည်း ယင်းအဆိုကို ပြည်ထောင်စုအစိုးရက လိုက်နာဆောင်ရွက်ရန် တာဝန်မရှိပါ ဟူ၍လည်း ထုတ်ပြန်ချက်တွင် ရေးသားချက်အရသိရသည်။

ထို့အပြင် မွန်တိုင်းရင်းသားများဆန္ဒကို နောက်ကွယ်ပြုပြီး ပြည်သူ့လွှတ်တော်ဆုံးဖြတ်ချက်အတိုင်း နာမည်ပေးပါက နောက်ဆက်တွဲပေါ်လာမည့် လူမျိုးရေးမုန်းတီးမှု၊ နာကျည်းမှုများနှင့် ပဋိပက္ခများအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ပူးတွဲသဘောထားကြေငြာချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly