ဒေါက်တာသန်းထွန်းလို သမိုင်းပညာရှင်များ ထွန်းကားပါစေ

ဒေါက်တာသန်းထွန်းလို သမိုင်းပညာရှင်များ ထွန်းကားပါစေ
ဓာတ်ပုံ-အင်တာနက်

ဒီကနေ့ဟာ မြန်မာနို်င်ငံရဲ့ ကမ္ဘာကျော် သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းရဲ့ (၉၄) အကြိမ်မြောက် မွေးနေ့ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ဓါးမိုးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေဟာ ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနင်းအုပ်ချုပ်ခဲ့ကြသလိုပဲ ပညာရှင်များရဲ့ ဂုတ်ပေါ်ကိုလည်း ဓါးဝဲပြီး အုပ်ချုပ်ခဲ့တာပါပဲ။ အဲသလို ဂုတ်ပေါ်ဓါးဝဲပြီး အုပ်ချုပ်တဲ့ အာဏာရှင်အဆက်ဆက်လက်အောက်မှာ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း နေထိုင်ဖြတ်သန်းခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

ဒေါက်တာသန်းထွန်းရေးခဲ့ သုတေသန လုပ်ခဲ့တဲ့ သုတေသနစာတမ်းတွေနဲ့ စာအုပ်တွေလည်း အများကြီးရှိပါတယ်။ သူ့ရဲ့ဟောပြောချက်တွေ တွေ့ဆုံမေးမြန်းခန်းတွေဆိုတာလည်း မှတ်သားစရာ အပြည့်ပါပဲ။ ဒီအထဲက သမိုင်းကို ဘာပြုလို့ သင်ဖို့လိုအပ်သလဲဆိုတဲ့အမေးကိုဖြေခဲ့တဲ့ “သမိုင်းသင်တာ မအအောင်လို့ သင်ကြရတာ” ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့အဆိုအမိန့်ဟာ တိုတိုနဲ့ လိုရင်းကို ထိရောက်တဲ့စကားဖြစ်တဲ့အပြင် လူတိုင်းလူတိုင်းကို သတိပေးနှိုးဆော်ရာလည်း ရောက်လို့ အင်မတန် လူကြိုက်များ ထင်ရှားတဲ့စကား ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်ဝန်းကျင်ကာလအတွင်း ဒီတိုင်းပြည်မှာ သမိုင်းပညာရှင် နှစ်မျိုးနှစ်စား ရှိခဲ့တယ်လို့လည်း လေ့လာသူများက ယူဆကြပါတယ်။ အုပ်စိုးသူ အာဏာရှင်တွေအကြိုက် သမိုင်းရေးဖို့ကြိုးစားသူနဲ့ ဘယ်သူ့မျက်နှာနဲ့ ဘယ်သူ့သြစာကိုမှ မငဲ့ဘဲ သမိုင်းရေးတဲ့ သမိုင်းပညာရှင်ရယ်လို့ နှစ်မျိုးနှစ်စားရှိရာမှာ ဒေါက်တာသန်းထွန်းဟာ ဘယ်သူ့သြစာကိုမှ မခံယူပဲ ဘယ်လိုသြစာကိုမှ မငဲ့ပဲ သမိုင်းအမှန်ကိုပဲ ရဲရဲဝန့်ဝန့် ရေးသားတဲ့ သမိုင်းပညာရှင်ဖြစ်တယ်ဆိုတာ လူတိုင်းသိခဲ့ကြရပါတယ်။

တကယ်တော့ ဒီနိုင်ငံရဲ့ အုပ်စိုးသူအဆက်ဆက်ဟာ သမိုင်းအမှန်ထက် သမိုင်းအမှားတွေကိုသာ တဖက်သပ်ပြုစုဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့အပေါ် ပြည်သူတွေက လေးစားလာရအောင်၊ ကြောက်ရွံ့လာရအောင် သူတို့ရဲ့ ဖေါက်ပြန်မှားယွင်းတဲ့လုပ်ရပ်တွေကို ဖုံးကွယ်ချန်လှပ်ပြီး သူတို့ဂုဏ်ကိုသာ မြှင့်တင်ဖို့ပြုစုတဲ့ သမိုင်းတွေကိုသာ ပြုစုခဲ့ကြ ထုတ်ဝေခဲ့ကြ ပြဌာန်းခဲ့ကြပါတယ်။ သူတို့ရဲ့ ကျေးဇူးခံကျေးဇူးစား သမိုင်းပညာရှင်တွေရဲ့အကူအညီနဲ့ သမိုင်းအမှန်တွေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားခဲ့ကြတာချည်းပါပဲ။

ဒီလို သမိုင်းကို လိမ်ညာလာခဲ့ကြရင်းက သမိုင်းအမှားတွေကို အမှန်အဖြစ် ဖြန့်ချိကြရင်းက ပြည်သူတွေဟာ သမိုင်းအမှားတွေကို အမှန်အဖြစ်ထင်လာစေခဲ့ပါတယ်။ အဲဒီအခါမှာ သမိုင်းအမှန်ကို သိခွင့်မရလို့ စဉ်းစားမှုအမှား၊ ထောက်ခံမှုအမှား၊ အတုယူမှုအမှားနဲ့ ရပ်တည်ချက်အမှားများနဲ့ လုံးခြာလည်ရင်း ကျွန်တော်တို့ပြည်သူများအဖို့ အမှောင်ထုအတွင်း လမ်းပျောက်ကြရပါတယ်။ သမိုင်းအမှန်မသိတဲ့ ဆွံ့အတဲ့ ပြည်သူများ ဖြစ်လာကြရပါတယ်။

သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းဟာ သမိုင်းအမှန်ဖေါ်ထုတ်ဖို့၊ သမိုင်းအမှားတွေ သည့်ထက် တိုးပွားမလာစေဖို့ သူ့နည်းသူ့ဟန်နဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ပညာရှင်ကြီးပါပဲ။ ပြည်သူတွေ အသိညာဏ်ပညာ မတုံးရလေအောင် တနည်းအားဖြင့် မအရလေအောင် အစဉ်တစိုက် ကြိုးပမ်းခဲ့ပါတယ်။ သူဟာ လူတစ်စုသမိုင်းကိုဆန့်ကျင်ပြီး လူထုသမိုင်းကို ဖေါ်ထုတ်ခဲ့တဲ့ ပညာရှင်ကြီးပါပဲ။

ဒီကနေ့ဟာ ပြည်သူတွေ ချစ်ခင်လေးစားတဲ့ ပညာရှင်အချင်းချင်းကလည်း ချစ်ခင်လေးနက်တဲ့ သမိုင်းပညာရှင်ကြီးဒေါက်တာသန်းထွန်းရဲ့ ( ၉၄ ) ကြိမ်မြောက် မွေးနေ့ဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ပြည်သူတွေ သမိုင်းအသိအမြင်တွေမှန်ကန်ကြွယ်ဝပြီး မှန်ကန်တဲ့သမိုင်းကို တနည်းအားဖြင့် ကိုယ့်သမိုင်းကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ပြည်သူများ ဖြစ်လာစေဖို့ဆိုရင် လူထုသမိုင်းဆရာ ဒေါက်တာသန်းထွန်းလို ပညာရှင်များ များစွာပေါ်ပေါက်လာဖို့ အထူးလိုအပ်ကြောင်း  မဇ္စျိမက ဆန္ဒပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly