မွတ်စလင်လူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

မွတ်စလင်လူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

အလွဲသုံးစား ပြုမှုဆက်ဆံသည်ဟု သတင်းများ ပျံ့နှံ့နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဘင်္ဂါလီ မွတ်စလင်လူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း ငြင်းဆန်သည်။

ဘင်္ဂါလီအများစုနေထိုင်သော ရခိုင်ပြည်နယ်က ပြဿနာများအပေါ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနှင့် အထူးအင်တာဗျူးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်နေသည်ဟု သုံးနှုန်းစွပ်စွဲခြင်းက ပြင်းထန်လွန်းကြောင်း ပြောခဲ့သည်။

“လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားတယ်လို့တော့ ကျွန်မ မထင်ပါ။ ဖြစ်ပျက်နေတာတွေအတွက် ခုလို လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းတယ်ဆိုပြီး သုံးနှုန်းတာကတော့ ပြင်းထန်လွန်းတယ်လို့ ကျွန်မထင်ပါတယ်”ဟု ဘီဘီစီ အထူးသတင်းထောက် Fergal Keane အား ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထပ်မံ၍ “ရခိုင်ပြည်နယ်အရေးမှာ ရန်လိုမှုတွေ မြင့်တက်နေတယ်လို့ ကျွန်မထင်ပါတယ်။ မွတ်စလင် အချင်းချင်းလည်း သတ်ဖြတ်နေကြတယ်။ လူမျိုးတုံးသတ်ဖြတ်တာမျိုးတော့ မဟုတ်ဘူး။ ကွဲပြားမှုတွေကနေ ဖြစ်ပွားလာတဲ့ အကြောင်းချင်းရာတွေပဲဖြစ်တယ်။ ကျွန်မတို့က ဒီမတူကွဲပြားမှုတွေကို စေ့စပ်နိုင်ရေး ကြိုးစားနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း လူမျိုးရေးအဓိကရုဏ်းများကြောင့် ဘင်္ဂါလီထောင်ပေါင်းများစွာ နေရပ်ရွှေ့ပြောင်းရကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည်။

ပြီးခဲ့သည့်လများအတွင်းက ရဲစခန်းများတိုက်ခိုက်ခံရ၍ ရဲကိုးဦးသေဆုံးပြီးနောက် ရခိုင်ပြည်နယ်တွင် စစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး လူပေါင်း ခုနစ်သောင်းနီးပါး ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးခဲ့သည်။

အဆိုပါ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှု၌ လူ့အခွင့်အရေး ချိုးဖောက်မှုရှိစည်ဟုဆိုသော စွပ်စွဲချက်များ ရှိရာ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

မြန်မာအစိုးရဘက်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆန်သည်။

အောက်တိုဘာလက ရဲစခန်းများအား တိုက်ခိုက်မှုကို မည်သည့်အတွက်ကြောင့် ကျုးလွန်ကြောင်း မသိရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသော်လည်း မြန်မာနိုင်ငံတွင်
ဆောင်ရွက်နေသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နှောင့်နှေးသွားအောင် ရည်ရွယ်လုပ်ဆောင်ခြင်းဟု ထင်ကြောင်း ပြောသည်။

ထိုပြင် စစ်တပ်က ကြိုက်သလို လုပ်နိုင်ခွင့် ရှိနေသည်ဆိုခြင်းကိုလည်း ၎င်းက ငြင်းဆန်သည်။

“အဓမ္မပြုကျင့်တာတွေ၊ လုယက်ဖျက်ဆီးမှုတွေနဲ့ နှိပ်စက်ညင်းပန်းမှုတွေကို စစ်တပ်က ထင်တိုင်းလုပ်နိုင်ခွင့် မရှိဘူး။ တိုက်ခိုက်မှုတွေတော့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါကလည်း ဖွဲ့စည်းပုံအရပဲ။ စစ်ရေးစစ်ရာက တပ်မတော်ရဲ့ အပိုင်းပဲဖြစ်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly