သီချင်း MTV တွေကို အမိုက်စားဖန်တီးသူ လူငယ်ဒါရိုက်တာ အောင်မြတ် နှင့်တွေ့ဆုံခြင်း အပိုင်း (၁)

.

Mizzima TV ကိုကြည့်ရှု့နေကြတဲ့ ပရိတ်သတ်များအားလုံး မင်္ဂလာပါခင်ဗျာ။

ရုပ်ရှင်တစ်ကား ဒါမှမဟုတ် သီချင်းတစ်ပုဒ်ကို MTV အဖြစ် ဖန်တီးပုံဖော်တဲ့နေရာမှာ ဒါရိုက်တာတွေရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။ အခုဆိုရင် သီချင်း MTV တွေကို ဖန်တီးတဲ့ နေရာမှာ လူငယ်ဒါရိုက်တာတွေလည်း နေရာယူလာကြပါပြီ။ လူငယ်ဒါရိုက်တာတွေ ထဲကမှ သူများနဲ့မတူတဲ့ ပုံစံတွေနဲ့ ဖန်တီးလေ့ရှိတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ လူငယ်ဒါရိုက်တာအောင်မြတ် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျွန်တော်က လူငယ်ဒါရိုက်တာအောင်မြတ် နဲ့တွေ့ဆုံပြီး သူဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။

ကိုအောင်မြတ် မင်္ဂလာပါ။

မင်္ဂလာပါခင်ဗျာ။

မေး - ကိုအောင်မြတ်အနေနဲ့  ဒါရိုက်တာလောကထဲကို စတင်ဝင်ရောက်ဖြစ်ပုံလေး အရင်ဆုံးသိချင်ပါတယ်ဗျ။

ဖြေ - Directing လောကဆိုတော့ အဓိက,ကတော့ အနုပညာလောကထဲ ဝင်ရောက်ဖြစ်ခဲ့တာပေါ့။ ကျွန်တော့်မှာ အသိုင်းအဝိုင်းလည်း မရှိခဲ့ဘူး။ ပြီးတော့ မိဘတွေ အမျိုးတွေထဲမှာလည်း အနုပညာ အသိုင်းအဝိုင်း မရှိတာရယ် ပြီးတဲ့အခါ ကျွန်တော့်ရဲ့ နေတဲ့နေရာက ဒီအသိုင်းအဝိုင်းနဲ့က တော်တော်လေး ဝေးတယ်လို့ပြောလို့ရတယ်။ ကျွန်တော်က အဓိက,က ဝါသနာကတော့ အရမ်းပါတယ်။ ငယ်ငယ်တည်းက ကျောင်းမှာဆိုရင်တောင်မှ ကစားရင် ပန်းချီဆွဲရင်ဆွဲတယ်။ မဆွဲရင် သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းလုပ်တိုင်းကစားတယ်။ ဒါပေမယ့် ဒါရိုက်တာရယ်လို့ လုပ်ရမယ်လို့တော့ ကျွန်တော်တစ်ခါမှ မတွေးထားခဲ့ဘူး။ အိပ်မက်တောင်မမက်ဖူးဘူး။ ပြဇာတ်ဆရာတော့ ဖြစ်ကောင်းဖြစ်လာမယ်ပေါ့။ ကျွန်တော်က ဆယ်တန်းကို တောင်ကြီးမှာ အောင်တယ်။ ၂၀၀၆ မှာအောင်ပြီးတော့ စင်ကာပူ Republic Poly မှာ ကျောင်းနှစ်နှစ် သွားတက်လိုက်တယ်။ ဒီပြန်ရောက်တဲ့အခါမှာ ကျွန်တော် ကိုဘိုစန်းတို့ဆီမှာ Bo Bo Entertainment မှာ Graphic Designer အဖြစ်နဲ့ အလုပ်လုပ်တော့ ဘာတွေလုပ်ရလဲဆိုတော့ ဒီရှိုးပွဲ Billboard ဒီဇိုင်းတွေ၊ Album Cover တွေ အဲဒါတွေကို ဒီဇိုင်းတွေလုပ်ဖြစ်တယ်။ လိုအပ်တယ်ဆိုလည်း ဓါတ်ပုံထွက်ရိုက်ပေါ့။ အဓိကတော့ မီဒီယာနဲ့ ပတ်သက်တဲ့အပိုင်းတွေကို အဓိကအနေနဲ့ လုပ်ဖြစ်တယ်။ နောက်ပိုင်းမှာကျတော့ ကိုနိုင်းဝမ်းကလည်း သူ့ရဲ့ ကမ္ဘာငယ်လေးသီချင်းကို Music Video ရိုက်ချင်တယ်။ အဲဒီတော့ ဘယ်လိုမျိုးလေးတွေ အောင်မြတ် စိတ်ကူးရှိလည်းဆိုတော့ အရမ်းပျော်သွားတာ။ ကိုယ်ကလုပ်ချင်နေတာကိုး။ အဲဒီမှာ စလုပ်ဖြစ်ခဲ့တယ်။ အဲဒီကစပြီးတော့မှ အဓိက,ကတော့ ဒီနောက်ပိုင်းမှာထွက်တဲ့ Music Video Album တော်တော်များများမှာ ဒါရိုက်တာအနေနဲ့ စပြီးတော့ လုပ်ဖြစ်တယ်။ ပြီးတော့ ဒီ Commercial တွေ TV ရုပ်သံအစီအစဉ်တွေ အခုဆိုရင်တော့ ဒီ ၂၀၁၅ မှာ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ထားတယ်။ အနမ်းဝိုင်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို စိန်ဌေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ရိုက်ထားပါတယ်။

မေး - ဒါဆိုရင် အစ်ကို့ရဲ့ ပထမဆုံးလက်ရာလေးဆို ကိုနိုင်းဝမ်းရဲ့ ကမ္ဘာငယ်လေးသီချင်းလို့ ပြောလို့ရတာပေါ့နော်။

ဖြေ - ဟုတ်ပါတယ်ဗျ။

မေး - အဲဒီအချိန်မှာရော အစ်ကို့ရဲ့ ပထမဆုံးရိုက်ကူးရေးဆိုတော့ တွေ့ကြုံရတဲ့ အခက်အခဲတွေဆိုရင် ဘာတွေဖြစ်မလဲဗျ။

ဖြေ - အခက်အခဲကတော့ မျိုးစုံပဲဗျ။ အလိုလိုနေရင်း ကြောက်နေတာ။ အကုန်လုံးကို လူတိုင်းကို ကြောက်နေတာ။ အဓိက,က ကိုယ်ကပြောလိုက်တဲ့ဟာကို သူတို့နားမလည်မှာရယ်။ ပြီးတော့ ကိုယ်ပြောလိုက်တဲ့ Instruction ကို အကုန်လုံးက နားထောင်နေတာဗျာ။ သူတို့ဘာမှမလုပ်သေးဘူး။ ကျွန်တော် ဘာပြောမလဲ။ ကျွန်တော် ဘာဖြစ်ချင်တာလဲ Clear Decision ကျွန်တော်က ပေးနိုင်မှ ဒါကို Follow လုပ်မှာ။ အဲဒီတော့ ကျွန်တော်မပေးနိုင်လို့ တစ်ခုခုလွဲသွားပြီဆိုရင် အကုန်လုံးက Delay ဖြစ်ကုန်မယ်။ အချိန်က နောက်ကျလို့ရှိရင် ပိုက်ဆံကလည်း နောက်ကလိုက်လာမယ်။ ပြီးတော့ သူတို့အိုက်တင်လုပ်ရတာလည်း ဗရုတ်သုတ်ခတွေ ဖြစ်ကုန်မယ်။ မျိုးစုံပဲပေါ့ ဒီကင်မရာတွေ ပြီးတော့ Crew တစ်ယောက်ချင်းဆီကအစ အားလုံးကို Instruction ပေးရမယ်ဆိုတော့ လုံးဝ King of the Set ဆိုတော့ အဲဒီလိုဖြစ်သွားတဲ့အခါ စိုးရိမ်သွားတယ်။ အပြင်မှာ ပြောတာကကျတော့ တိုင်တိုင်ပင်ပင်နဲ့ ကိုယ်လုပ်ချင်တာကို ကိုယ်ပြောတာ အခုဒီဟာကကျတော့ အဖွဲ့အစည်းနဲ့ လူတွေကလည်း အများကြီးပဲ။ အယောက် အစိတ်၊ သုံးဆယ်လောက် ဖြစ်လာတဲ့အခါကျတော့ စိုးရိမ်လာတယ်။ ဒီလူတွေကို ကိုယ်က Manage လုပ်ဖို့အတွက်ကို လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ကိုယ့်ဘာသာ ဝင်လာတယ်။ အဲဒီရက်မှာတော့ ကျွန်တော်လုပ်တော့ လုပ်လိုက်တာပေါ့နော်။  အကောင်းဆုံးလည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြန်ကြည့်လိုက်တဲ့အခါမှာ လိုအပ်ချက်တွေက အများကြီးဗျ။ အားမရဘူး အခုအထိလည်းအဲဒီလိုပါပဲ။ ကိုယ်လုပ်ပြီးလို့ ပြန်ကြည့်လိုက်ရင် ဘယ်တော့မှအားမရသေးဘူး။

မေး - နောက်တစ်ခုကကျတော့ ပရိတ်သတ်တွေလက်ခံတဲ့ MTV တစ်ပုဒ်ဖြစ်ဖို့ ဘယ်အရာက အရေးအကြီးဆုံး ဖြစ်မလဲဗျ။

ဖြေ - အဓိက,ကတော့ ခံစားချက်ပါပဲ။ သီချင်းတစ်ပုဒ်ကို ရိုက်ပေးပါဆိုပြီး ကမ်းလှမ်းလာတဲ့အချိန်မှာ တာဝန်က အရမ်းကြီးသွားတယ်။ ဒီသီချင်းမှာ ဆိုထားတဲ့သူရှိတယ်။ ရေးထားတဲ့သူရှိတယ်။ တစ်ယောက်တည်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ သူတို့ရဲ့ ခံစားချက်တွေ အနုပညာတွေအကုန်လုံး ဒီသီချင်းထဲကိုထည့်ပြီးတော့မှ ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ လာပေးလိုက်တာ။ ပေးတယ်ဆိုတာလည်း ဒါကိုကျွန်တော်က ပရိသတ်ကို အနုပညာတစ်ခုအနေနဲ့ ဖန်တီးပြီးတော့မှ အားလုံးရဲ့အနုပညာကို ချပြလိုက်ရမှာ အဲဒီအခါမှပဲ Music Video ကောင်းတစ်ခု ဖြစ်လာမှာ။ အဲဒီအတွက် ကျွန်တော့်မှာ သီချင်းဖန်တီးတဲ့သူတွေကိုလည်း Respect ရှိရမယ်။ ကိုယ်ဖန်တီးပေးပြီးတဲ့အခါမှာ ထွက်လာမယ့် Result ကိုကြည့်မယ့် ပရိသတ်တွေကိုလည်း Respect ရှိရမယ်။ အဲဒီနှစ်ခုကို ကျွန်တော်က Control လုပ်ရတဲ့သူပါ။ အဲဒီတော့ ကြားထဲကနေ ဒီလူတွေရဲ့ ခံစားချက် ပြီးတော့ ပရိသတ်တွေ ရရှိချင်တဲ့၊ ရနိုင်မယ့်ခံစားချက် အဲဒါကို ကိုယ့်ရဲ့ခံစားချက်နဲ့ပေါင်းစပ်ပြီးတော့မှ မက်ဆေ့ကလည်း ပရိသတ်အတွက် အတုယူ မမှားရလေအောင် မမှားအောင်ဆိုတာထက်ကို ပိုပြီးတော့ကောင်းတဲ့ အတုယူမှုမျိုးကို ဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဖန်တီးရပါတယ်။ ဒီလိုမှသာ ပရိသတ်ကလည်း လက်ခံတယ်။ ဒီဘက်က ဖန်တီးထားတဲ့ အနုပညာရှင်တွေကလည်း သူတို့သီချင်းကို ပိုပြီးတော့မှ ကောင်းတဲ့ Result တစ်ခုကိုရတဲ့အတွက် ကျေနပ်မှုကိုရပါတယ်ဗျ။

မေး - သီချင်းတစ်ပုဒ်ကို ဖန်တီးရတဲ့ခံစားချက်နဲ့ ရုပ်ရှင်တစ်ကားကိုဖန်တီးရတဲ့ ခံစားချက် ဘယ်လိုကွာလဲဗျ။

ဖြေ - ကွာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ဖူးတဲ့ အနုပညာလုပ်ငန်း အချို့မှာဆိုရင် ဒီ Music Video ရှိတယ်။ ပြီးတော့ ကြော်ငြာရှိတယ်။ ပြီးတော့ TV ရုပ်သံ Series ရှိတယ်။ ပြီးတော့ ဒီရုပ်ရှင်ကားကြီးတွေ ရှိတယ်ပေါ့နော်။ အားလုံးအားလုံးက သူ့ပညာရပ်နဲ့သူပဲဗျ။ ဒီဟာကပိုပြီးတော့မှ ခက်သွားတာလည်း မဟုတ်ဘူး။ လွယ်သွားတာလည်း မဟုတ်ဘူး။ ဒီ သီချင်းတစ်ပုဒ်စာဆိုရင်လည်း သုံးမိနစ်စာအချိန် သုံးမိနစ်အချိန်အတောအတွင်းမှာ ကိုယ်က Story တစ်ခုလုံးကြီး ရုပ်ရှင်တစ်ကားစာလောက်ရှိတဲ့ Story လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒါကို ကျွန်တော်တို့က သုံးမိနစ်တည်းနဲ့ ဝင်အောင်ချပြရတယ်။ ကြော်ငြာဆို ပိုဆိုးတယ်။ သုံးဆယ် စက္ကန့်ကနေ တစ်မိနစ်ပဲရှိတယ်။ အဲဒီအတောအတွင်းမှာ ကျွန်တော်တို့ပေးချင်တဲ့ Story တစ်ခုလုံးကို ပရိသတ်က ရသွားအောင်လို့ ကျွန်တော်တို့က ပေးနိုင်အောင် ထည့်ပေးရတယ်။ ရုပ်ရှင်ကားကျတော့လည်း အဲဒီလိုမျိုးပဲ။ ဒီ ၂ နာရီလောက် အတောအတွင်းမှာ ဇာတ်လမ်းတစ်ခုလုံးကို မပျင်းရလေအောင် အရှည်ကြီးဆွဲဆန့်ပြီးတော့မှ လုပ်ရင်လည်း သေချာတယ် ပရိသတ်တွေက ပျင်းသွားမှာ။ အဲဒီအတွက် မပျင်းရအောင် ကျွန်တော်တို့က စဉ်းစားပြီးမှ လုပ်ရပါတယ်။ Shot by Shot ၊ Story by Story ပြီးတော့ ဒိုင်ယာလော့ကအစ အိုက်တင်အဆုံး အကုန်လုံးကို အသေးစိတ်လုပ်ရပါတယ်။ အဲဒီတော့သူ့ရဲ့ အချိန် Duration မတူတဲ့ အနုပညာလုပ်ငန်းတစ်ခုချင်းဆီမှာ မတူညီတဲ့ သူတို့ပညာနဲ့သူတို့ရှိကြတယ်။ ရိုက်ချက်တွေကအစ ကွာတယ်ဗျ။ အဲဒီအတွက် ကျွန်တော် တစ်ခုနဲ့တစ်ခု လုပ်မယ်ဆိုရင် အချိန်ကပေးရတယ်။

မေး - နောက်တစ်ခုက အကိုရိုက်ကူးခဲ့သမျှ MTV တွေထဲမှာ စိတ်တိုင်းအကျဆုံး MTV နဲ့ စိတ်တိုင်းမကျတဲ့ MTV ဆိုရင် ဘယ်ဟာလေးတွေ ဖြစ်မလဲဗျ။

ဖြေ - စိတ်တိုင်းအကျဆုံး မကျဆုံးဆိုတာ အဓိက,ကတော့ MTV တိုင်းနီးပါးပဲဗျ။ မရိုက်ခင်ကတော့ အရမ်းစိတ်တိုင်းကျတယ်။ ရိုက်ပြီးပြီဆိုရင်တော့ သိပ်စိတ်တိုင်းမကျဘူး။ စိတ်ကူးနဲ့ ထွက်လာတဲ့ Result နဲ့က တစ်ထပ်တည်းမကျတဲ့ အချိန်တွေက အများကြီးရှိတယ်။ အဲဒီအခါမှာ ပရိသတ်ကတော့ သိကောင်း သိချင်မှသိမယ်။ လုပ်လိုက်တာ စဉ်းစားထားတာက ဘယ်လောက် ဘယ်လိုအခက်အခဲတွေကြောင့် ဘယ်လိုထွက်လာတယ်ဆိုတာကို သိတာက ကျွန်တော်တို့ပဲရှိတယ်။ အဲဒီတော့ ပရိသတ်တွေက ကြိုက်တယ်၊ ကျေနပ်တယ်ဆိုရင်တောင်မှ တစ်ချို့ ဟာလေးတွေက အားမရဘူး၊ မကျေနပ်ဘူး။ အဲဒီတော့ ဒီ Music Video ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်ရိုက်ပြီးပြီဆိုရင် ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကျေနပ်သလိုတော့ ရှိတယ်။ ဒါပေမယ့် အားမရသေးဘူး။ ထပ်ပြီးတော့မှ ကြိုးစားမယ်ဆိုတဲ့ ခွန်အားတော့ရရှိပါတယ်။

မေး - သီချင်း MTV တစ်ပုဒ်ကို ရိုက်တဲ့အခါမှာရော ရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်နှစ်ရက်လောက် အချိန်ယူလဲ။

ဖြေ - အဲဒီလိုတော့ ပြောလို့တော့မရဘူးဗျ။ သီချင်းပေါ်မူတည်တယ်။ အရင်တုန်းကတော့ ကျွန်တော်က Music Video တစ်ခုကိုပဲ သီးသန့်ရိုက်ခဲ့တဲ့အတွက် တစ်ခါတစ်လေ သီချင်းတွေက မျိုးစုံလာတယ်။ အများကြီးပဲ။ တစ်ခါတစ်လေကျရင် နှစ်ပုဒ်၊ သုံးပုဒ် တစ်ပြိုင်တည်း စဉ်းစားရတာလည်းရှိတယ်။ တစ်ပြိုင်တည်းဆိုတာတော့ ကိုယ်က မစဉ်းစားနိုင်သေးတဲ့အတွက် တဖြည်းဖြည်း နောက်ဆုတ် ဆုတ်ရင်းနဲ့ ပြုံသွားတာမျိုးလည်း ရှိတယ်။ အဲဒါမျိုးတွေကျရင် တော်တော်ရူးချင်တယ်ဗျ။ အသဲကွဲသီချင်းနဲ့ အရမ်းချစ်တယ် ကြိုက်တယ်ဆိုတဲ့သီချင်း၊ ဖြဲမယ်ဆိုတဲ့ သီချင်းနဲ့ အဲဒါတွေ အားလုံးပေါင်းစပ်လိုက်တဲ့အခါမှာ ကိုယ်ကစဉ်းစားရတာ ခေါင်းလေးက တစ်ခေါင်းတည်းဆိုတော့ ရူးချင်ချင် ဖြစ်ဖြစ်သွားတယ်။ အဲဒီလိုမျိုး အခြေအနေတွေကတော့ အများကြီးပါ။

မေး - နောက်တစ်ခုကတော့ အခု MTV တွေကို ဖန်တီးတဲ့နေရာမှာ ပြည်တွင်းက အနုပညာရှင်တွေတင် မဟုတ်တော့ဘူး ပြည်ပက အနုပညာရှင်တွေပါ ပါလာတဲ့အတွက် အစ်ကို့အနေနဲ့ ရိုက်ကူးရေးမှာ ခက်ခဲတဲ့ အပိုင်းလေးတွေရော ရှိသေးလားဗျ။

ဖြေ - သိပ်တော့ အခက်အခဲတော့မရှိပါဘူး။ အခုနောက်ပိုင်းကလည်း Production တော်တော်များများက International Artist တွေလည်း ဒီရောက်လာတယ်။ ကြော်ငြာပိုင်းတွေမှာလည်း အတူတူတွဲလုပ်ရတဲ့အပိုင်းတွေ ရှိတယ်။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုရှိအောင် Communication က ပိုအရေးကြီးသွားတယ်။ ဒီ Communication ကို ပိုကောင်းအောင်လုပ်ဖို့ဆိုတာက ဒီကိုယ့်နိုင်ငံမှာ လုပ်နေတဲ့အခြေအနေ ကိုယ့်ရဲ့ Production က လုပ်နေတဲ့အခြေအနေ၊ နောက် သူ့ကို နားလည်မှုရှိအောင် ကျွန်တော်တို့ Pre Production မှာ စကားတွေအများကြီးပြောရတယ်။ ဥပမာ- မြန်မာနိုင်ငံက သရုပ်ဆောင်ဆိုလို့ရှိရင် ရွှေတိဂုံဘုရားကနေ ဆင်းလာမယ်ဆိုရင် သူက ပုဆိုးဝတ်ရမယ် ဘယ်လို ကော်လံ ဖိနပ် အကုန်လုံးက ပြောစရာမလိုဘူး သိပြီးသား။ အဲဒါဆိုတော့ ကျွန်တော်တို့ တစ်ချို့အပိုင်းလေးတွေမှာတော့ ပိုပြီးတော့မှ အသေးစိပ်ရှင်းပြရတဲ့ အပိုင်းလေးတွေရှိတယ်။ ကျွန်တော်တို့ရိုက်မှာ ဘယ် Location အဲဒါဆို ပုံတွေနဲ့ သေချာရှင်းပြပေးတယ်။ ဘယ်လို Setting နဲ့လုပ်မယ် ဘယ်ခေတ်ကိုသွားမယ်၊ ဘယ်လိုအဝတ်အစား၊ ဘယ်လို mood ဘယ်လို Hair Style, Make Up အစအဆုံး အားလုံးကို Detail ပြောပေးလိုက်ရင် သူတို့က အကုန်လုံးက လူတိုင်းကတော့ စိတ်ဝင်စားကြတယ် လုပ်နိုင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုးလေးတွေ Detail လုပ်တဲ့အခါမှာ ကိုယ်ဖြစ်ချင်တဲ့ဟာနဲ့ တစ်ထပ်တည်းနီးပါး ပိုကျတဲ့အတွက် လုပ်ရတာလည်း ပိုအဆင်ပြေသလိုမျိုး ရှုတင်ရောက်မှ ပိုပြောရတာ နောက်အခက်အခဲတွေက အများကြီးနည်းသွားပါတယ်။

မေး - အစ်ကိုက အခုလည်း ရုပ်ရှင်တွေလည်း ရိုက်လာပြီဆိုတော့ ဘယ်တော့လောက်များ အကယ်ဒမီမှန်းလို့ရမလဲဗျ။

ဖြေ - အကယ်ဒမီဆိုတာကတော့ လူတိုင်းလိုချင်တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဝေးနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်တဲ့ Result တစ်ခုတောင် ပရိသတ်က မကြည့်ရသေးဘူးလေ။ အဲဒီတော့ ကိုယ့် အနုပညာတစ်ခုခုက ပိတ်ကားပြင်မှာ ကြည့်ပြီးတော့မှ ပရိသတ်ရဲ့ Result ကိုနားထောင်ပြီးမှသာလျှင် ရင်ခုန်ဖို့ နှလုံးခုန်လာမယ် ထင်တယ်ဗျ။

မေး - နောက်တစ်ခုက ဒီနှစ်မှာဆိုရင် နိုင်ငံခြားက ဒါရိုက်တာတွေနဲ့ ရိုက်တဲ့ကားတွေကို အကယ်ဒမီ မပေးဘူးဆိုတော့ အဲဒီအပေါ်အစ်ကို့ရဲ့ အမြင်လေးလည်းသိချင်ပါတယ်။

ဖြေ - ဒါကတော့ သူတို့ရဲ့ Rules အရရော ပြီးတော့ ဒါအားလုံးအတွက် Fair ဖြစ်မယ်လို့ သူတို့ ယူဆထားပြီးတော့မှ စီစဉ်ထားတဲ့ စနစ်တစ်ခုဖြစ်တဲ့အတွက်၊ နောက်ပြီးတော့ ကျွန်တော့်အတွက်ကတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဒီလိုမျိုး နိုင်ငံတကာ Production တွေ၊ နောက် International Artist တွေနဲ့ အလုပ်လုပ်ရတဲ့အတွက် ကိုယ်ကိုယ်တိုင်ကလည်း ဗဟုသုတတွေ အများကြီးရပါတယ်။ ပြီးတော့ နောက်တစ်ချက်က ကျွန်တော့်လိုအပ်ချက်တွေကို ကျွန်တော် ပိုမြင်လာတယ်။ တကယ်ကောင်းချင်တယ်ဆိုရင် ငါတို့ဘယ်အပိုင်းတွေ ထပ်ပြီးတော့ Upgrade လုပ်သင့်လဲ? ဘယ်အပိုင်းတွေ ငါတို့ လိုအပ်နေသေးလဲ? ဆိုတာတွေ ပိုပြီးတော့ မြင်လာပါတယ်။ အဲဒီအတွက်ကတော့ ဒီအကယ်ဒမီဆိုတာကတော့ တစ်ပိုင်းပေါ့ ကျွန်တော်တို့အတွက်ကတော့ အပြင်က Production တွေ လာတဲ့အတွက် သင်ယူစရာတွေက အများကြီးရှိလာသလို ကိုယ့်ကိုယ်ကိုလည်းပိုပြီးကြိုးစားရမယ့် ခွန်အားတွေလည်း အများကြီးဖြစ်လာပါတယ်ဗျ။

ဟုတ်ကဲ့ပါ။ အခုဆိုရင်တော့ ဒါရိုက်တာအောင်မြတ် နဲ့တွေ့ဆုံပြီး ဒါရိုက်တာလောက,က အတွေ့အကြုံတွေနဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပထမပိုင်းအနေနဲ့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Mizzima TV ပရိတ်သတ်တစ်ယောက်ချင်းဆီကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။