မြို့မအလှပြယာဉ်အား လှပခိုင်ခံ့စေရန် သံဖရိန်များဖြင့် တည်ဆောက်သွားမည်

မြို့မအလှပြယာဉ်အား လှပခိုင်ခံ့စေရန် သံဖရိန်များဖြင့် တည်ဆောက်သွားမည်

မန္တလေး၊ ဧပြီ ၅ ။           ။ မန္တလေးတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ရောက်တိုင်း အလှပြယာဉ်ထွက်ခဲ့သည့် မြို့မအပျော်တမ်းတူရိယာအသင်းသည် ယခုနှစ်တွင် ယာဉ်ကို ပိုမိုလှပခိုင်ခံ့သည့် သံဖရိန်များဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

အလှပြယာဉ်တည်ဆောက်ခြင်းကို (၂၀၁၇)ခုနှစ် ဧပြီ(၁)ရက်မှ စတင်၍ သံဖရိန်များ တည်ဆောက်နေခြင်းဖြစ်ပြီး ဧပြီဒုတိယအပတ်တွင် ပုံဖော်ထားသည့် အထပ်သားများ၊ ဖောင်းကြွများကပ်၍ ပန်းချီပညာဖြင့် ဆေးခြယ်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

''အရင်နှစ် လက်သမားတွေနဲ့ သစ်သားတွေနဲ့ အလှပြယာဉ်ကို တည်ဆောက်ခဲ့တယ်။ ဒီနှစ်မှာ သံဖရိန်တွေနဲ့ လုပ်ထားတယ်။ နှစ်ရှည်ခိုင်ခံ့အောင်လို့ပါ။ အလေးချိန်က သိပ်မကွာပါဘူး။ သစ်သားနဲ့တုန်းက သံနဲ့ရိုက်ရင် လွယ်ကူပေမယ့် သံဖရိန်ပေါ်မှာ အထပ်သားကပ်တာ ဖောင်းကြွကပ်တာတွေကို မူလီနဲ့ ကပ်ရတာဆိုတော့ နည်းနည်းတော့ ခက်ပါတယ်။ ထင်သလိုတော့မရနိုင်ဘူး။ အကောင်ဆုံးဖြစ်အောင် လုပ်သွားမှာပါ'' ဟု မြို့မ အပျော်တမ်း တူရိယာအသင်း ပန်းချီပညာရှင် ဦးတင်အောင်က ပြောသည်။

''ငွေငန်းဆိုတာ ရေပျော်သတ္တဝါဆိုတော့ ရေလှိုင်းကို အသာပေးပြီး ငန်းပျံသန်းနေတဲ့ ပုံစံကို လုပ်သွားမှာပါ။ အဲဒီအောက်မှာ ကြာကန်ပုံစံပေါ်အောင် ကြာပွင့်ထည့်သွင်းထားမှာပါ။ အရင်နှစ်ကလို ဆေးကို ရိုးရိုးမသုတ်ဘဲ အမြင်ဆန်းအောင် ရုပ်ကြွပုံစံဖြစ်အောင် ခေတ်မှီအောင် ဆေးခြယ်သွားမှာပါ'' ဟု မြို့မ အပျော်တမ်းတူရိယာအသင်း ပန်းချီပညာရှင် ဦးတင်အောင်က ပြောသည်။

ယခုနှစ် မြို့မအလှပြယာဉ်တွင် LED မီးများအစား သင်္ကြန်ကားအလှကို ပိုမို ပေါ်လွင်စေသော အဖြူရောင် အကြည် မီးလုံးတစ်မျိုးတည်းဖြင့် မီးအလှဆင်သွားမည်ဖြစ်ပြီး မြို့မ အလှပြယာဉ်အရှည် (၃၆)ပေရှိ အလှပြယာဉ်ပေါ်တွင် အမြင့်(၈)ပေ၊ အလျား(၁၀)ပေရှိပြီး ပျံသန်းနေသည့် ပုံစံ ငွေငန်းရုပ်ကို ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly