SSPP က ဝတပ် UWSA နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည်၊ UNFC တပ်ပေါင်းစုနှင့်လည်း ဆက်လက်ဆောင်ရွက်မည်

SSPP က ဝတပ် UWSA နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည်၊ UNFC တပ်ပေါင်းစုနှင့်လည်း ဆက်လက်ဆောင်ရွက်မည်

ချင်းမိုင် ။                ။ ရှမ်းပြည်နယ်တောင်ပိုင်းတိုးတက်ရေးပါတီ (SSPP/SSA)က ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သလို၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့်လည်း တပ်ပေါင်းစုနှင့်လည်း ဆက်လက် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း SSPP/SSA မှ ဗိုလ်ချုပ် စိုင်းထူးက ပြောသည်။

SSPP/SSA အနေဖြင့် ဝ ၏ ငြိမ်းချမ်ေးရးလမ်းစဉ်တွင်လည်းကောင်း၊ UNFC ၏ အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း ပူးပေါင်းလုပ်ဆောင်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် ဆွေးနွေးသွားမည်ဟု ဗိုလ်ချုပ်စိုင်းထူးက ဧပြီလ ၄ ရက်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

“ဝ သဘောထားက အန်စီအေမှာ ဆွေးနွေးရေးက နှောင့်နှေးတယ်။ အကောင်အထည်မဖော်သေးဘူး။ ဝ ကလည်း အနှစ် ၂၀ ကျော်ထဲမှာ တိုက်ပွဲတခါမှ မဖြစ်ဘူး။ သူတို့အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစာချုပ်နိုင်ဖို့ အန်စီအေကို မဖြတ်ဘဲ ချုပ်ဆိုနိုင်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတာဖြစ်တယ်။ အခုနိုင်ငံတော် အစိုးရကလည်း တံခါးဖွင့်ထားတယ်။ ကျနော်တို့ မူလရည်ရွယ်ချက်တော့ UNFC အဖွဲ့ဝင်အနေနဲ့ပဲသွားမယ်”ဟု ၎င်းက ပြောသည်။

၎င်းကဆက်လက်၍ “UNFC ဖျက်ပြီးမှ ကျနော်တို့ ဝ ကို လာပေါင်းတယ်လို့ မပြောဘူး။ ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်နဲ့ ဆွေးနွေးနိုင်ရေးအတွက်ကို နည်းလမ်းဝိုင်းရှာရအောင် အဲလိုပြောထားတယ်။ ပြီးတော့ ကျနော်တို့ လက်တွဲနိုင်တဲ့အကြောင်း ဆန္ဒရှိတယ်”ဟု သူက ဆက်ပြောသည်။

သို့သော် ဝ ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီတွင် SSPP ကိုယ်စားလှယ်များကို ထည့်သွင်းရန် အမည်စာရင်း ပေးပို့ထားခြင်း မရှိသေးကြောင်း သူက ပြောသည်။

SSPP/SSA သည် NCA လက်မှတ်ရေးထိုး၊ မထိုး အဖြေမပေးနိုင်သေးကြောင်းနှင့် သင်္ကြန်အပြီး ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင် ဗဟိုကော်မတီအသစ်များ   ပြန်လည်ရွေးချယ်ခြင်း၊ ပေါ်လစီများ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်စိုင်းထူးက ပြောသည်။

“လက်မှတ်ထိုးဖို့က UNFC သဘောထားပဲ ဖြစ်တယ်။ တောင်းဆိုချက် အကုန်လုံးက အာမခံချက် ရှိပါ့မလား။ မပြေလည်ရင် ထပ်ညှိဖို့ ရှိတယ်။ အချိန်က အဖြေပေးမယ်။ SSPP လက်မှတ်ထိုးဖို့က ကျနော် အဖြေမပေးနိုင်ဘူး။ ပြောဖို့စောသေးတယ်”ဟု ဟု ၎င်းက ပြောသည်။

SSPP/SSA က ပန်ဆန်း ကြေငြာချက်ထွက်ပေါ်လာပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေး၊ မထိုး သတင်းများ ထွက်ပေါ်ခဲ့သော်လည်း DPN နှင့်အတူ တင်ပြထားသည့် အချက် ၉ ချက်ကို အစိုးရနှင့် ဆက််လက် ညှိနှိုင်းနေသည်ဟု သူက ပြောသည်။

ဧပြီလ ၂ ရက်က DPN အဖွဲ့၏ အစည်းအဝေးအပြီး ဧပြီလ ၃ရက် နှင့် ၄ရက်တွင် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags