မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်၊ ဘဏ်ခွဲများနှင့် အေတီအမ်ကတ်များ အသုံးပြုမှု တွင်ကျယ်လာနိုင်

မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်၊ ဘဏ်ခွဲများနှင့် အေတီအမ်ကတ်များ အသုံးပြုမှု တွင်ကျယ်လာနိုင်

ဇူလိုင် ၂၉ ရက် ။        ။ မေလနှောင်းပိုင်းက မြန်မာနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကဘဏ် ကမ္ဘောဇသည် ချမ်းသာကြွယ်ဝသည့် ငွေအပ်နှံသူများအတွက် အကြွေးဝယ်ကတ်များကို ပဏာမအနေဖြင့် စတင်ထုတ်ပေးခဲ့သည်။

စံနှုန်းပြု စီမံကိန်းတစ်ခုအရ အကြွေးကန့်သတ်မှုကို ကျပ် သုံးသိန်း (ကန် ၂၄၁ ဒေါ်လာခန့်) သတ်မှတ်ထားသည်။ ကမ္ဘောဇဘဏ်သည် ပထမပတ်အတွင်း၌ပင် အကြွေးဝယ်ကတ် လျှောက်ထားသူ ၆၀၀ လက်ခံရရှိခဲ့သည်။

"အားကောင်းတဲ့ ဖောက်သည်တွေရဲ့ သုံးစွဲမှုက ဖောက်သည် တစ်ဦးချင်းစီအတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးတက်လာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ပထမနှစ်မှာ ကတ် ၅,၀၀၀ အထိ ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။" ဟု ဘဏ်ကတ်နှင့် အီလက်ထရောနစ် ငွေပေးချေမှုဋ္ဌာန အကြီးအကဲ အာရှစ် ကေ ရှာရ်မား က ပြောသည်။

မြန်မာနိုင်ငံဗဟိုဘဏ်သည် ၎င်း၏ ဖောက်သည်များအနေနှင့် ယခင်ကထက် ဈေးဝယ်ရာတွင် ပိုမိုအဆင်ပြေစေရန် အကြွေးဝယ်ကတ် ထုတ်ပေးခြင်းအား ပိတ်ပင်ထားမှုကို မေလအစောပိုင်း၌ ဖယ်ရှားပေး ခဲ့သည်။ ယင်းကဲ့သို့ပိတ်ပင်ခဲ့မှုမှာ ၂၀၀၃ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်မှုထားခဲ့မှုတစ်ခုဖြစ်သည်။

အကြွေးဝယ်ကတ်များမှာ မြန်မာ၏ ဘဏ္ဍာရေး အခြေခံအဆောက်အအုံ တိုးတက်နေပြီဆိုသည့် အထောက်အထား တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ဘဏ်များ၏ ကွန်ပြူတာစနစ်မှာ နှေးကွေးလှသဖြင့် အရောင်းအဝယ်ကိစ္စများတွင် ငွေသားဖြင့်သာ ရေတွက်သုံးစွဲနေရခြင်းကို ယခု ပလတ်စတစ်ကတ်များ အစားထိုးအသုံးပြုခြင်းဖြင့် တော်လှန်ရေးတရပ် အသွင်ဆောင်နေသည်။

"ကျွန်တော်အများကြီးဝယ်ယူတဲ့အခါ ကားနှစ်စီးလောက်နဲ့ငွေစက္ကူထုတ်တွေ သယ်ရပါတယ်။ ဒါကြောင့် အဲဒီအစား ကတ်တစ်ခုပဲ သယ်သွားချင်ပါတယ်။" ဟု ရတနာရောင်းဝယ်သူ ကိုကျော်သောင်းကပြော သည်။

ကတ်များသည်မြန်မာ့စီးပွားရေးတိုးတက်လာနေသည်ဆိုသည့် သင်္ကေတတစ်ခုလည်းဖြစ်သည်။ မတ်လက ပြည်တွင်း ဘဏ်အပ်ငွေမှာ ကျပ်ငွေ ၂၂ ထရီလီယံ ရှိလာရာ လွန်ခဲ့သည့် သုံးနှစ်အတွင်းလေးဆ ပိုလာသည်။ ကမ္ဘောဇနှင့် အခြားပြည်တွင်းဘဏ်များမှာ ယခုအခါ ငွေစက္ကူများ စုပုံနေမှုကို ဖြေရှင်းရေးတွင် ပိုမိုယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

ကမ္ဘောဇဘဏ်သည် နိုင်ငံ၏အကြီးမားဆုံး ဘဏ်ကွန်ရက်ကြီးဖြစ်စေရန် ဆုံးဖြတ်ထားသည်ဟု ဘဏ်၏ အကြီးတန်း ဦးဆောင်ညွှန်မှူး ဦးညိုမြင့်က ပြောသည်။

အကြမ်းဖျင်းအားဖြင့် ပြည်တွင်းဘဏ်စာရင်းအားလုံး၏ ၄၀ရာခိုင်နှုန်းမှာ ကမ္ဘာဇဘဏ်တွင်ရှိသည်။ ယင်းဘဏ်သည် ဘဏ်ခွဲများ၊ အေတီအမ်ကတ်များ မြင့်တင်ခြင်းဖြင့် ငွေစာရင်းဖွင့်သူ ပိုများလာစေရန် ကြိုးပမ်းမည်ဟု ဆိုသည်။

ကမ္ဘာဇဘဏ်သည် နိုင်ငံတွင်း အကြမ်းဖျင်းအားဖြင့် ဘဏ်ခွဲပေါင်း ၃၅၀ ရှိပြီး လွန်ခဲ့သည့်သုံးနှစ်အတွင်း ၅ ဆ တိုးလာခဲ့ သည်။ ယင်းဘဏ်က လစဉ် ဘဏ်ခွဲ ၃ ခုမှ ၅ခုထိ ဖွင့်သွားဦၤးမည်ဆိုသည်။

ထို့အပြင် အေတီအမ်စက် ၅၀၀ ရှိသော ယင်းဘဏ်သည် ၂၀၁၆ခုနှစ်တွင် နှစ်ဆအထိ တိုးရန်လည်း စီစဉ်ထားသည်။ ယင်းဘဏ်သည် အေတီအမ်စနစ်ကို ၂၀၁၂ခုနှစ်တွင် စတင်ခဲ့သည်။

ဗြိတိသျှဘဏ္ဍာရေးဂျာနယ် Euromoney ၏ဖော်ပြချက်အရ မတ်လက ကမ္ဘာဇဘဏ်၏ စုစုပေါင်းပိုင်ဆိုင်မှုတန်ဘိုးမှာ ယခင်တစ်နှစ်ကထက် ၄၃ရာခိုင်နှုန်း တိုးလာခဲ့ပြီး၊ ကျပ် ခြောက်ထရီလီယံ သို့ရောက်ရှိ ခဲ့သည်။ အမြတ်ငွေမှာလည်း ၁၃ ရာခိုင်နှုန်း တိုးလာကာ ကျပ်ငွေ ၇၀ ဘီလျံအထိ ဖြစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှာ ယခုနှစ်ကုန်တွင် ဖွင့်လစ်မည်ဟု မျှော်လင့်ရသည့် ရန်ုကုန် ငွေအရောင်းအဝယ်ဈေးကွက်တွင် စာရင်းပေါက်ရန် လုပ်ဆောင်မည်ဟု လူသိရှင်ကြားကြေ ညာသည့် ပထမဆုံး မြန်မာစီးပွားရေးလုပ်ငန်းဖြစ်လာသည်။ ထိုဘဏ်မှာ လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများ၏ အဆက်အသွယ် အချက်အလက် များကို စုစည်းနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင် ရန် ကြိုးစားနေသည်။ ထိုဘဏ်မှာ ဂျပန်နိုင်ငံ၏ ဒိုင်ဝါ အာမခံအုပ်စုနှင့်လည်း အကြံဉာဏ်ရယူရေး စာချုပ်ချုပ်ထားသည်။  

အခြားဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဘဏ် (Aya Bank) ကလည်း ကားချေးငွေနှင့် ကားအာမခံ ဝန်ဆောင်မှုများကို မြှင့်တင်လုပ်ဆောင်လျှက်ရှိပြီး ဘဏ်ဥက္ကဌ ဦးဇော်ဇော် က အခြားဘဏ်များ မပေးနိုင် သည့် ဝန်ဆောင်မှုများကို ပေးနိုင်ရန် ကြိုးစားနေသည်။

ပြည်တွင်းဘဏ်များကိုသာ မြန်မာစီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးမှုချေးငွေ ထုတ်ပေးခွင့် ပြုနေသေးရာ မြန်မာ့စီးပွားရေးမှာ ပြည်တွင်းဘဏ္ဍာရေးဝန်ဆောင်မှုများပေါ်တွင်သာ မှီခိုနေရသေးသဖြင့် ဖော်ပြပါ အပြောင်းအလဲများမှာ အရေးကြီးပါသည်။

ယင်းပြောင်းလဲမှုများသည် စီးပွားရေးဖွံဖြိုးမှုအတွက် ပိတ်ဆို့ကျပ်တည်း နေစေခြင်းထက် ဖွံ့ဖြိုးရေး အတွက် ဘဏ်များအနေဖြင့် အမှန်တကယ် အားပေးလိုသည်ကို ဖော်ပြနေပါသည်။

Ref; Nikkei

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags