သတ်မှတ်စည်းကမ်းနှင့် မညီ၍ ဖျက်သိမ်းခဲ့ရသည့် SkyNet မဏ္ဍပ် ပြန်ဆောက်ခွင့်ပြု

သတ်မှတ်စည်းကမ်းနှင့် မညီ၍ ဖျက်သိမ်းခဲ့ရသည့် SkyNet မဏ္ဍပ် ပြန်ဆောက်ခွင့်ပြု
လသာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ Sky Net မဏ္ဍပ်တွင် ၂၀၁၅ ခုနှစ်  ဧပြီ ၁၄ရက် ညနေက အနုပညာရှင်များစွာ သီဆိုဖျော်ဖြေနေပုံအား တွေ့ရစဉ်။

ရန်ကုန်၊ ဧပြီ ၅ ။                ။ သတ်မှတ်စည်းကမ်းနှင့် မညီ၍ ဖျက်သိမ်းခဲ့ရသည့်ရန်ကုန်မြို့၊  လသာမြို့နယ်က SkyNet မဏ္ဍပ်ကို ယမန်နေ့က (ဧပြီ ၅) ပြန်ဆောက်ခွင့်ပြုလိုက်ပြီဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ ဒုဌာနမှူး ဦးစိုးသိန်းအောင်က မဇ္စျိမသို့ ပြောသည်။

“ ခွင့်ပြုချက်ရသွားပါပြီ ပြန်ပြင်ဆောက်ရမှာပေါ့။ မဏ္ဍပ်ကြံခိုင်ရေးက သပ်သပ်စစ်လိမ့်မယ်လေ။ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့အညီဆောက်ရမှာပေါ့။ မနေ့ကခွင့်ပြုလိုက်တာ။ သူတို့ကခွင့်ပြုချက်လည်းမရှိဘူး သံငြမ်းတွေသုံးပြီးဆောက်လို့ဖျက်ရတာ “ ဟု၄င်းကပြောဆိုသည်။

SkyNet မဏ္ဍပ်တည်ဆောက် ရာတွင် သံပိုက်လုံးများ (သံငြမ်း) ဖြင့်တည်ဆောက်သည်ဟု စိစစ်တွေ့ရှိရသည့်အတွက် ပြန်ဖျက်ရန် ညွှန်ကြားရခြင်းဖြစ် ကြောင်း သိရသည်။

စည်းကမ်းချက်များထဲတွင် H Beam၊I Beam များကိုသာ အသုံးပြုရမည်ဖြစ်ပြီး သံပိုက်၊ သံငြိမ်းများဖြင့် မဆောက်လုပ်ရန်သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

SkyNet သင်္ကြန်မဏ္ဍပ်သည် သတ်မှတ်ထားသည့် သင်္ကြန်မဏ္ဍပ် စံချိန်စံနူန်းနှင့် မညီသဖြင့် ပြန်ဖျက်ခိုင်းခဲ့ကြောင်း လသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဖြစ်သူ ဦးကျော်မင်းဟန်က မဇ္စျိမသို့ မတ်လ နောက်ဆုံးအပတ်ကဖြေကြားထားသည်။

ယခုနှစ်သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများအနေဖြင့် လိုက်နာရမည့် စည်ကမ်းချက် ၄၅ ချက် သတ်မှတ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခုနှစ် သင်္ကြန်အတွက် မတ်လနောက်ဆုံးအပတ်ထိ မဏ္ဍပ်အကြီး ၂၂ ခုခွင့်ပြုထားပြီး ယနေ့ ဧပြီ ၅ ရက်နေ့စရင်းအရ  အကြီးအလတ်စုစုပေါင်း ၈၀ ခွင့်ပြုထားပြီးကြောင်းမြို့တော်စည်ပင်မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly