အရည်ပျော်သွားသော ဘဝတစ်ခု

05 April 2017
အရည်ပျော်သွားသော ဘဝတစ်ခု

အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ လောင်မီးလို့ခေါ်တဲ့ အက်ဆစ်နဲ့ အပက်ခံခဲ့ရသူ အမျိုးသမီးငယ်လေးတစ်ဦးအကြောင်းပါ။

ဒီအက်ဆစ်ဒဏ်ကြောင့် အမျိုးသမီးငယ်ရဲ့ မျက်လုံးတစ်ဖက် နားတစ်ဖက် မျက်နှာတစ်ခြမ်းနဲ့ ခန္ဓာကိုယ်တစ်ခြမ်းရဲ့အရေပြားတွေဟာ အရည်ပျော်ပြီး ပျက်စီးသွားခဲ့ရပါတယ်။ လူသားတစ်ဦးအနေနဲ့ မခံစားနိုင်လောက်အောင် နာကျင်ခံစားခဲ့ရတဲ့ သူ့ရဲ့အကြောင်း သူကိုယ်တိုင်ပြောပြချက်တွေနဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်။

“ညီမတို့မိသားစုက ငယ်ငယ်ကတည်းက သံဖြူဇရပ်မှာပဲ နေလာခဲ့တာပါ။ အမေတို့ကတော့ ရွာကနေပြီးတော့ ပြောင်းလာခဲ့ကြတာပေါ့။ သိတတ်တဲ့အရွယ်ကတည်းက ပြောင်းလာပြီးတော့ အရွယ်ရောက်တဲ့အခါမှာ အိမ်ထောင်တွေကျတယ်။ ညီမတို့ မောင်နှမသုံးယောက်လုံးကိုလည်း သံဖြူဇရပ်မှာပဲ မွေးဖွားခဲ့တာပါ။

အရင်တုန်းက ညီမတို့က ရာဘာလုပ်တာဆိုတော့ စားဖို့သောက်ဖို့ကတော့ အဆင်ပြေပါတယ်။ အမေဆိုလို့ရှိရင် ဒီနှစ် ညီမဘွဲ့ရပြီဆိုလို့ရှိရင် အလုပ်ရပြီဆိုရင် ပိုပြီးတော့ အဆင်ပြေပြီလို့ စဉ်းစားထားတာ။ ဒါပေမယ့် အခုလိုဖြစ်သွားတော့ အလှူရှင်မပေါ်ခင်တုန်းကဆိုရင် ညီမတို့အတွက် အခက်အခဲတွေဖြစ်တယ်။ မိုးတွင်းဆိုရင် ရာဘာကလည်း ခြစ်လို့မရတော့ ဘာမှအလုပ်မရှိဘူးပေါ့။ မနှစ်က အမက ဘွဲ့ယူတော့ အိမ်ကလည်း ပျော်နေကြတာပေါ့နော်။ ဒီတစ်ခါဘွဲ့ယူလို့ရှိရင် တစ်အိမ်လုံး သွားကြမယ်ပေါ့။ အမအကြီးဆုံးက ဘွဲ့ယူတုန်းက အဝေးကနေပဲ ယူထားကြတာဆိုတော့ ဘယ်သူမှလည်း မသွားလိုက်ရဘူး။ ညီမအလှည့်ကျရင်တော့ တစ်အိမ်သားလုံး သွားကြမယ်ဆိုပြီးတော့ စိတ်ကူးထားကြတာပါ။

မေလ ၂၂ ရက်နေ့ အဲဒီနေ့က မနက်ပိုင်း မိုးတွေအရမ်းရွာနေတယ်။ အရမ်းလည်းအေးတယ်။ အရမ်းအေးတော့ ညီမကလည်း ဘယ်လိုဖြစ်လို့လည်းမသိဘူး ပြန်ချင်နေတာပေါ့။ နေမကောင်းဖြစ်ချင်နေလို့ မန်နေဂျာကို ပြောပြီးတော့ ပြန်ရင်ကောင်းမလားပေါ့။ အရမ်းလည်းအေးနေတယ်လေ။ ညီမက အအေးကို သိပ်မခံနိုင်ဘူး။ ဒါပေမယ့် မပြန်တော့ပါဘူးလေ ညနေလည်းရောက်နေပြီ အိမ်ပြန်ချိန်လည်း ရောက်တော့မယ်ဆိုပြီးတော့ မပြန်ဘဲ အလုပ်ပဲ ဆက်လုပ်နေလိုက်တယ်။

အိမ်ပြန်တော့ နောက်ကနေ ဆိုင်ကယ်တစ်စီး လိုက်လာတာတွေ့တယ်။ လူကလည်းပြတ်တယ်။ အဲဒီအချိန်က ဒါပေမယ့် ကိုယ့်လိုပဲ ခရီးသွားနေတဲ့သူတွေပဲဆိုပြီးတော့ သတိမထားလိုက်မိဘူး။ အဖေနဲ့ စကားပြောရင်းနဲ့ ဆက်သွားနေတာ အလုပ်ခွင်ကို မကျော်သေးဘူး စက်ရုံနားလည်းရောက်တော့ အရည်တစ်မျိုးက ရင်ဘက်ထဲကိုဝင်လာတာ အဲဒါနဲ့ သင်္ကြန်လည်းမဟုတ်ပဲနဲ့ ဘယ်သူရေနဲ့ပက်တာလဲပေါ့။

အဲလိုမျိုးဖြစ်တော့ ချက်ခြင်းတော့မနာသေးဘူး။ အကျႌကလည်း အထူဝတ်ထားတာလေ အဲဒါနဲ့ ပြန်လှည့်ကြည့်လိုက်တော့ ကြည့်ရမလားဆိုပြီးတော့ မျက်နှာကိုပြန်ပက်တာ၊ လက်တွေမှာဆိုရင် သွေးတွေ ချက်ခြင်းထွက်တာ၊ သူပက်လိုက်တဲ့အရှိန်နဲ့ အဖေ့ကျောကိုလည်းထိကုန်တယ်။ အဲလိုမျိုးဖြစ်တော့ အဖေက သူ့နောက်ကို ချက်ခြင်းလိုက်တယ်။ သူ့နောက်ကိုလိုက်တော့ သူ လှည့်ကြည့်တယ် ညီမကတော့ အဲဒီအချိန်မှာ ကြည့်လို့လည်းမရတော့ဘူး။ ဆေးရုံရှေ့ကိုရောက်တော့ ညီမကလည်းနာနေတာ အဲတော့ အဖေက သူ့နောက်ကို ဆက်မလိုက်တော့ပဲနဲ့ ညီမကို ဆေးရုံထဲကိုခေါ်သွားတယ်။

ဆေးရုံကို စစရောက်ချင်းမှာ ဆရာမတွေလည်း ပျာယာခတ်ကုန်တယ်။ အကုန်လုံး ဘယ်သူမှလည်း ဘာမှမလုပ်တတ်တော့ဘူး။ ဆရာမတွေက ကိုင်မယ်လုပ်တော့ ဆရာမတစ်ယောက်က လှမ်းအော်လိုက်တယ် “သွားမကိုင်နဲ့တဲ့ နင့်လက်အိတ်ပေါက်သွားမယ်”တဲ့။ ကိုယ်ကလည်း အဲဒီအချိန်မှာ စိတ်ထဲတော့ မကောင်းဖြစ်သွားတယ် သတိကလည်း တစ်ချက်တစ်ချက်လွတ်နေတယ်။ ငါဒီလောက်နာနေတာကို ငါ့ကိုမကိုင်ပါလားဆိုပြီးတော့ စိတ်ထဲတော့မကောင်းဘူး။

ဒါပေမယ့် အဲဒီအချိန်မှာ ဆရာမတစ်ယောက်က ဒီလိုဖြစ်လို့ရှိရင် ရေလောင်းရတယ်လို့ပြောတယ်။ ရေလောင်းတဲ့အချိန်မှာ ပထမတစ်ခါက တော်တော်ကိုနာတယ်။ ညီမတို့ဆီမှာတော့ အက်ဆစ်ကို လောင်မီးလို့ခေါ်တာပေါ့။ အဲဒါကို ရေရောလိုက်တာနဲ့ သူက အစများသလိုဖြစ်သွားလို့လားမသိဘူး တအားနာတယ်။ အဲဒီမှာ ညီမတော်တော်ကို အော်လိုက်ရတယ်။ ဆရာမကိုမေးလိုက်တယ် ဆရာမ သမီးမျက်နှာပျက်သွားပြီလားလို့ မေးလိုက်တယ်။

 အဲဒီအချိန်မှာ အမေက ဝင်လာတယ်။ သူ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး ဖြစ်နေတယ်။ အမေ့မှာက သွေးတိုးကလည်းရှိတယ်။ အဲဒီအချိန်မှာ အမေ့အတွက်လည်း စိတ်ပူမိတယ်။ အမေ လဲကျသွားမလားဆိုပြီးတော့ စိတ်ပူနေမိတယ်။ အမတွေဆိုရင် ညီမကို တွေ့တွေ့ချင်း ငိုကြတယ်။ ဘယ်နားက နာတယ်ဆိုတာကို ပြောမပြတတ်ဘူး တစ်ကိုုယ်လုံးက အငွေ့တွေတောင်ထွက်တယ်ဆိုတော့ ခံစားရတဲ့ နာကျင်မှုက မပြောပြတတ်အောင်ကို နာနေတယ်။ အဲဒီအတွက် ဖော်ပြဖို့ကို စကားလုံးလည်း မရှာတတ်ဘူး။

အက်ဆစ်နဲ့ စပက်တော့လည်း နာတယ် နာပြီးတော့လည်း သူက ပြီးမသွားဘူး။ ထပ်ခါထပ်ခါ ခွဲစိတ်ရတဲ့အတွက် တစ်ခါခွဲစိတ်တိုင်းလည်း နာကျင်မှုက ပြောပြလို့မတတ်ဘူးလေ။ တကယ်လို့ သူက ထောင်ကျမယ်ဆိုရင်လည်း ငါးနှစ်ခြောက်နှစ်လောက်ပဲ ထောင်ကျမယ်ဆိုရင် ညီမအတွက်ကတော့ အဆင်မပြေဘူးထင်တယ်။ သူလွတ်လာမယ်ဆိုရင်လည်း ညီမကို တစ်ခုခုလုပ်ဦးမလားဆိုပြီးတော့ စဉ်းစားမိတယ်။

 ပြီးတော့ ညီမက ငါးနှစ်ထဲနဲ့လည်း ဒီဒဏ်ရာတွေက ပျောက်မှာလားပေါ့နော်။ ကိုယ်တောင်ရောဂါကုလို့မပြီးသေးဘူး သူက ထွက်လာပြီးတော့ ကိုယ့်ကို ခြိမ်းခြောက်နေမယ်ဆိုရင် ဒီဒဏ်ရာတွေအတွက် စိတ်ညစ်နေရတာကတစ်ခုရယ် သူက ခြိမ်းခြောက်လို့ စိတ်ညစ်ရတာရယ် အဲဒါတွေကို ပေါင်းပြီးတော့ ညီမကြာကြာမနေနိုင်ဘူးတော့ထင်တယ်။

တချို့ သေချာမသိတဲ့သူတွေကတော့ အမျိုးမျိုးပြောကြပါတယ်။ စစ သိကြတဲ့သူတွေကတော့ ဒီကောင်မလေးက သူ့ကို ဘာသွားပြောလဲမှမသိတာကို လုပ်မှာပေါ့တဲ့ ဘာညာ ပြောကြတယ်။ တချို့လူတွေကကျတော့လည်း မိန်းမတွေက သစ္စာမရှိလို့ ဘာဖြစ်လို့ဆိုပြီးတော့ ပြောကြတယ်။ အမျိုးမျိုးပြောကြပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်း ကိုယ်ပဲသိတယ်လေ။ အမေကလည်းပြောတယ် သူများပြောတိုင်းကို နားထဲမထည့်နဲ့တဲ့။

ဧည့်သည်တွေဘာတွေလာရင်လည်း ညီမက ထွက်မတွေ့ဘူး ထပ်ခါထပ်ခါ ခေါ်တော့ ညီမက အားနာပြီးတော့ ထွက်တွေ့လို့ရှိရင် နင့်မျက်နှာကြီးက ပျက်သွားတယ်နော် အဲလိုမျိုးပြောကြတော့ ကိုယ်က စိတ်မကောင်းဖြစ်တာပေါ့။ အဲဒါကြောင့်မို့ ဘယ်သူ့ကိုမှ ထွက်မတွေ့ချင်ဘူး။ နေရတာကတော့ အဆင်မပြေဘူး အိမ်မှာလည်းအဆင်မပြေဘူး ခရီးတစ်ခုသွားတော့မယ်ဆိုရင်လည်း စိတ်ညစ်ရတယ်။ မျက်နှာတွေဘာတွေ အုပ်ပြီးတော့ထွက်တော့ တချို့ဘာ ဘာလဲဆိုပြီးတော့ ကြည့်ကြတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ်လေ မအုပ်ထားရင် အခြေအနေက ပိုပြီးတော့ဆိုးတယ် အုပ်ထားတော့လည်း ဘာဖြစ်လို့အုပ်ထားတာလည်းဆိုပြီးမေးကြတာပေါ့။”

မဇ္စျိမ

အခုလို ရုပ်ဆင်းပျက်ရလောက်အောင် ဖြစ်ခဲ့ရပေမယ့်လည်း သူ့ရဲ့နိဂုံးချုပ်ပြောစကားထဲက သူ့စိတ်ဓါတ်ကို သိလိုက်ရတဲ့အခါ အံ့သြလေးစားမိပါသေးတယ်။

“ရည်မှန်းချက်တွေလည်း ဘာမှမရှိတော့ပါဘူး။ မရှိတော့ဘူးဆိုတာက ပျက်သွားတာပေါ့။ ဒါပေမယ့် ညီမကတော့ အားမလျော့ပါဘူး။ တစ်ခုခုတော့ လုပ်မှာပါ။ မျက်လုံးကလည်း နည်းနည်း သက်သာလာပြီဆိုရင်တော့ ညီမ တစ်ခုခုလုပ်ဖို့ စဉ်းစားထားပါတယ်။ စိတ်ပျက်သွားတာမျိုးတော့ မရှိပါဘူး။ ငါ တစ်နေ့နေ့ ကောင်းရမှာပဲလို့ တွေးထားပါတယ်။ အမေတို့ကလည်း အားပေးပါတယ်။ ကုနေတာပဲ ပျောက်မှာပဲဆိုတော့ အဲသလိုမျိုးအားပေးနေတော့ စိတ်မပျက်ပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ဒီလိုမျိုးကိစ္စက ပုနး်ကွယ်နေလို့ မသင့်ဘူးလို့ ဆုံးဖြတ်ပြီးကတည်းက အားတင်းထားပြီးသားပါ။ ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly