သမ္မတ ဦးသိန်းစိန် မည်သည့်နေရာ ၀င်ပြိုင်မည်ကို ပြည်ခိုင်ဖြိုး မသိရသေး

သမ္မတ ဦးသိန်းစိန် မည်သည့်နေရာ ၀င်ပြိုင်မည်ကို ပြည်ခိုင်ဖြိုး မသိရသေး

မန္တလေး၊ ဇူလိုင် ၂၉ ရက် ။       ။ သမ္မတကြီးဦးသိန်းစိန်က ယခုနှစ် နိုဝင်ဘာရွေးကောက်ပွဲ၌ မည်သည့်မဲဆန္ဒနယ်မှ ဝင်ရောက်ပြိုင်မည်ကို အဆိုပြုထားခြင်း မရှိသေးဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီ ဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောသည်။

"ဦးသိန်းစိန်က ဘယ်နေရာတွင် ဝင်ပါမည်လို့ ပြောမထားတဲ့အတွက် ကျွန်တော်တို့က အဲဒါတော့ မပြောတတ်ဘူး။" ဟု ဦးဇော်မြင့်ဖေကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအား တာဝန်ပေးအပ်သည့် အခမ်းအနားအပြီး မီဒီယာများအား ယင်းသို့ ပြောခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ သမ္မရာထူးအတွက် လျာထားရန်မှာလည်း အချိန်စောသေးသည်ဟုဆိုသည်။ "စောပါသေးတယ်။ အရေးကြီးတာက ပါတီ အောင်နိုင်ဖို့ပဲ။ ပါတီကအောင်နိုင်လို့ရှိရင် ဗဟိုကော်မတီ အစည်းအဝေးခေါ်မယ်။ ဗဟိုကော်မတီအစည်းအဝေးမှာ ဒါက ဆုံးဖြတ်မှာ။" ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအရွေးခံရန် တပ်မတော်အငြိမ်းစားများ၏ ကမ်လှမ်းမှုများ ရှိသော်လည်း သက်ဆိုင်ရာမြို့နယ်နှင့် ပါတီအောက်ခြေအဖွဲ့အစည်းက လက်မခံလျင် မဖြစ်နိုင်ဟု ဦးဇော်မြင့်ဖေ ကပြောသည်။

"တပ်ကတော့ ကျွန်တော်တို့ကို ပြည်ခိုင်ဖြိုးကနေပြီးတော့ သူတို့ဝင်ချင်ပါတယ်ဆိုပြီးတော့ Offer လုပ်ထား တယ်။ ကျွန်တော်တို့က တစ်ချို့ဟာတွေ လက်ခံထားတယ်။ သက်ဆိုင်ရာမြို့နယ် နဲ့အောက်ခြေ အဖွဲ့အစည်းက လက်မခံဘူးဆိုရင် ကျွန်တော်တို့က ဘာမှလုပ်မရဘူး။ ကျွန်တော်တို့ တပ်ကိုလည်း အကြောင်းပြန်ပြီးတော့ ညှိယူတာရှိပါတယ်။ ညှိနေတော့ ယတိပြတ်ပြောလို့ ခက်ပါတယ်။" ဟု ၎င်းက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly