၂၀၁၇ မန္တလေးသင်္ကြန်တွင် မျက်နှာဖုံးစွပ်လည်ပတ်ခြင်းများ ခွင့်မပြု

၂၀၁၇ မန္တလေးသင်္ကြန်တွင် မျက်နှာဖုံးစွပ်လည်ပတ်ခြင်းများ ခွင့်မပြု

မန္တလေး၊ ဧပြီ ၄ ။                ။ မန္တလေးမြို့တွင် သင်္ကြန်ကာလ၌ မျက်နှာဖုံးစွပ် မောင်းနှင်ခြင်း၊ သွားလာခြင်း နှင့် အသံဆူညံ့စွာ ပြုလုပ်မောင်းနှင်ခြင်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

''မြန်မာ့ရိုးရာ မဟာသင်္ကြန်မှာ မျက်နှာဖုံးစွပ် မောင်းနှင်တဲ့ လူတွေကိုလည်း ခွင့်ပြုပေးသွားမှာမဟုတ်ပါဘူး။ လုံခြံုရေးအတွက်ပါ။ ယာဉ်မတော်တဆမှုဖြစ်လို့ လူမမှတ်မိဘဲ ထွက်ပြေးသွားတာရှိသလို တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဖြစ်ပွားပြီး ထွက်ပြေးသွားတာတွေ ရှိလာနိုင်တယ်၊ လုယက်မှုဖြစ်စဉ်တွေမှာ မျက်နှာဖုံးနဲ့ဖြစ်နေလို မမှတ်မိတာတွေ ဖြစ်လာနိုင်တဲ့အတွက် ယာဉ်မောင်းနှင်တဲ့အခါ၊ သွားလာတဲ့အခါမှ မျက်နှာဖုံးစွပ် သွားလာခြင်းကို ခွင့်ပြုမှာမဟုတ်ပါဘူး၊ ကြေညာချက်လည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်'' ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

သင်္ကြန်ကာလအတွင်း အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ တုတ်၊ ဓား လက်နက်များ ဝှက်သိမ်းကိုင်ဆောင်ခြင်း၊ ကာမရာဂကို နိုးထစေသော ဆေးများရောင်းခြင်းခြင်း နှင့် ဝယ်ယူသုံးစွဲခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် ဝတ်စားဆင်ယင်ခြင်း၊ ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း စသည့်အချက်များအား သင်္ကြန်ကာလအတွင်း မှုခင်းများမဖြစ်စေရန် ပြည်သူများအနေဖြင့် သတိပြု ရှောင်ကြဉ်ကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေးနှိုးဆော်ထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သင်္ကြန်ကာလအတွင်း (၂၀၁၆)ခုနှစ်က ယာဉ်တိုက်မှုပေါင်း(၄၅)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ(၆၃)ဦး၊ သေဆုံးသူ(၁၅)ဦးရှိခဲ့ပြီး ဆုံးရှံုးမှုတန်ဖိုး ကျပ်(၁၅၅၀၀၀၀) ဆုံးရှုံးခဲ့သည်။

သင်္ကြန်ကာလအတွင်း (၂၀၁၇)ခုနှစ် ဧပြီ(၁၃)ရက် မှ (၁၆)ရက်အတွင်း နေ့စဉ် နံနက်(၇)နာရီ မှ ည(၁၂)နာရီထိ မန္တလေးကျံုးပတ်လည်ရှိ လမ်းများဖြစ်သည့် (၆၆)လမ်း (၂၆လမ်း မှ ၁၂လမ်းအထိ) တောင်မှ မြောက်သို့ တစ်လမ်းမောင်း၊ (၁၂)လမ်း (၆၆လမ်း နှင့် လမ်း(၈၀)အထိ) အေ့ရှ မှ အနောက်သို့ တစ်လမ်းမောင်း၊ လမ်း(၈၀) (၁၂လမ်း မှ (၂၆)လမ်းအထိ) မြောက်မှ တောင်သို့ တစ်လမ်းမောင်း၊ (၂၆)လမ်း (၇၈လမ်းမှ လမ်း၈၀အထိ) နှစ်လမ်းမောင်း၊ (၂၆)လမ်း (၆၆လမ်းမှ ရ၈လမ်းအထိ) ယာဉ်လုံးဝမဝင်ရ ဟု သတ်မှတ်ကြေညာထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly