မှတ်ပုံမတင်သည့် Telenor ဆင်းမ်ကတ်များ ဝန်ဆောင်မှုယာယီရပ်ဆိုင်း၊ ဇွန် ၃၀မတိုင်မီ မှတ်ပုံတင်ပါက ဝန်ဆောင်မှုပုံမှန်ရရှိမည်

မှတ်ပုံမတင်သည့် Telenor ဆင်းမ်ကတ်များ ဝန်ဆောင်မှုယာယီရပ်ဆိုင်း၊ ဇွန် ၃၀မတိုင်မီ မှတ်ပုံတင်ပါက ဝန်ဆောင်မှုပုံမှန်ရရှိမည်

ရန်ကုန်၊ ဧပြီ ၄ ။          ။ မတ်လ ၃၁ရက်နေ့ အထိ မှတ်ပုံတင်ထားခြင်းမရှိသော Telenor ဆင်းကတ်များကို သုံးလကြာ မိုဘိုင်းဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းထားသွာမည်ဖြစ်ပြီး ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ မှတ်ပုံမတင်ပါက ၀န်ဆောင်များ အပြီးတိုင် ရပ်စဲခံရမည်ဟု Telenor Myanmar က သတင်းထုတ်ပြန်ထားသည်။

ယာယီရပ်ဆိုင်းကာလအတွင်း ရပ်ဆိုင်းခံထားရသော ဆင်းကတ်များမှာ အဝင်ဖုန်းလက်ခံခြင်း၊ စာတိုလက်ခံခြင်းနှင့် ဆင်းကတ်မှတ်ပံတင်သည့် ဝက်ဘ်ဆိုက်(http://ecaf.telenor.com.mm ) နှင့် My Telenor app အသုံးပြုရန်မှ အပ မည်သည့် ဝန်ဆောင်မှုကိုမှ ရရှိသုံးစွဲနိုင်မည်မဟုတ်ကြောင်း သိရသည်။

“ယာယီကာလ ကုန်ဆုံးသွားရင် မှတ်ပုံမတင်ထားတဲ့ ဆင်းကတ်တွေကို အပြီးတိုင် ပိတ်သိမ်းသွားမှာဖြစ်လို့ ဆင်းကတ် မှတ်ပုံတင်ဖို့ ကျန်ရှိနေသေးတဲ့ တယ်လီနောသုံးစွဲသူတွေကို အမြန်ဆုံး မှတ်ပုံတင်ထားကြဖို့ အလေးအနက် တိုက်တွန်း လိုက်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin E Myrthong က ပြောသည်။

၎င်းက ဆက်လက်၍ ဆင်းကတ်များမှတ်ပုံတင်ထားခြင်း၏ အကျိုးကျေးဇူးကိုလည်း “သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းကနေ တစ်ဆင့် ဆောင်ရွက်နိုင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို လုံခြံုစိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးတာ ဒါမှမဟုတ် ဝန်ဆောင်မှုဆိုင်ရာ ပြဿနာတွေရှိလာရင် ဖြေရှင်းနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်”ဟု ရှင်းပြသည်။

တယ်လီနော သုံးစွဲသူများသည် နိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲပေါင်း ၈၆ ဘဏ်၊ ဆင်းကတ် အရောင်းဆိုင်ပေါင်း ၄၂,၀၀၀ ကျော်၊ တယ်လီနော showroom ၉၀ ခန့်နှင့် တယ်လီနော အလင်းအိမ်စင်တာများ၏ မြို့နယ်ပေါင်း ၅၂ မြို့နယ်ရှိ ဆင်းကတ် မှတ်ပုံတင် သင်တန်း များတွင်လည်း မိမိတို့ ဆင်းကတ်များကို သွားရောက် မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

Facebook (https://www.facebook.com/TelenorMyanmar/)၊ Viber (၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၅၇ အထိ၊ ၀၉၇၉၀၁၃၄၇၃၈၊ ၀၉၇၉၀၂၈၅၄၆၆၊ ၀၉၇၉၀၂၈၅၄၇၀ မှ ၅၄၇၂ အထိ၊ ၀၉၇၉၀၂၈၅၄၇၄၊ ၀၉၇၉၀၂၈၅၄၇၇၊ ၀၉၇၉၀၂၈၅၄၇၈၊ ၀၉၇၉၀၂၈၅၄၈၀ မှ ၅၄၈၃ အထိ၊ ၀၉၇၉၀၂၈၅၄၈၅ မှ ၅၄၈၈ အထိ၊ ၀၉၇၉၀၂၈၅၄၉၀) နှင့် အီးမေးလ် ([email protected]) တို့တွင်လည်း မှတ်ပုံတင်နိုင်ကြောင်းသိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ပဏီများအားလုံးကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက် မတိုင်မီ သုံးစွဲသူများ၏ ဆင်းကတ် များအားလုံး မှတ်ပုံတင်ထားရန် ၂၀၁၆ ခုနှစ်ကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly