ကေအိုင်အိုအပါအဝင် UNFC အဖွဲ့များ NCAလမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးမှုဆက်သွားရန် UNFC အရေးပေါ်အစည်းအဝေး၌ သဘောတူ

ကေအိုင်အိုအပါအဝင် UNFC အဖွဲ့များ NCAလမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးမှုဆက်သွားရန် UNFC အရေးပေါ်အစည်းအဝေး၌ သဘောတူ

ချင်းမိုင်၊ ဧပြီ ၃ ။               ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အရ အစိုးရနှင့် နိုင်ငံရေး ဆက်လက်ဆွေးနွေးသွားရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၃ ရက်၌ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ မိုုင်ဂျာယန် အစည်းအဝေးမှ ချမှတ်ခဲ့သော ပင်လုံစာတမ်း၊ လုံခြံုရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူများ၊ ဖက်ဒရယ်အခြေခံမှုများ စသည့်ကိစ္စများအပေါ် အခြေခံမူများ ချမှတ်နိုင်ရန် ဆွေးနွေးသုံးသပ်ခဲ့ပြီး ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့သည်ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက   ပြောသည်။

“နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ ဆိုတဲ့ကိစ္စမှာလည်း ကျနော်တို့ ဆက်လက် သုံးသပ်ခဲ့ကြတယ်။ UNFC ရဲ့ တလျှောက်လုံး ဆွေးနွေးလာတဲ့ NCA လိုင်းကိုပေါ့လေ။ အဲဒါကို ဆက်လျှောက်သွားဖို့ သဘောတူ နားလည်မှုတော့ရပါတယ်။ အဲဒါကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု သူက သတင်းထောက်များကို ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ(SSPP)တို့ UNFC မှ နုတ်ထွက်ရန် သဘောထားရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ အစည်းအဝေးတွင် ၎င်းတို့ နုတ်ထွက်ရေး ထည့်သွင်းဆွေးနွေးခြင်းမရှိဘဲ NCA လမ်းကြောင်းအတိုင်း ဆက်သွားရန် ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

ပန်ဆန်းအစည်းအဝေးတွင် သဘောတူ ချမှတ်ခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ဝ ပြည်သွေး စည်းညီညွတ်ရေး ပါတီ(UWSA)တို့က NCA အတိုင်းဆက်လက်မသွားဘဲ   နိုင်ငံရေးလမ်းကြောင်းအတိုင်းသွားရန် ပြောဆိုမှုနှင့် မကြာမီ အစိုးရဘက်မှ ၂၁ ရာစုပင်လုံ ညီလာခံ ဆက်လက်လုပ်ဆောင်ရန် ပြောဆိုလာမှုများနှင့် DPN နှင့် ငြိမ်းချမ်းရေး   ကော်မရှင်တို့အကြား ဆွေးနွေးမှုများအခြေအနေများကို ပြန်လည် သုံးသပ်ရန် ယခုကဲ့သို့ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဧပြီလ ၂ ရက်နေ့က နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ် (DNP)က အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆွေးနွေးခဲ့သော အ ချက် ၉ ချက်နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းဆီမှ သဘောထားများကို ရယူရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပြီး ယနေ့တွင် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ ပြန်လည် တင်ပြမည် ဖြစ်သည်။

DPN နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ နောက်ဆုံး တွေ့ဆုံဆွေးနွေးမှုတွင် အချက် ၉ ချက်ထဲမှ တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်ရေးအစား အားလုံးပါဝင်နိုင်ရေး ဆက်လက် ကြိုးပမ်းသွားရန် ဝေါဟာရများ ပြင်ဆင်မှုများ ရှိသည်ဟု နိုင်ဟံသာက ပြောသည်။

“နည်းနည်းပြောင်းလဲတဲ့ဟာက အားလုံးပါဝင်ရေးမှာတချို့အဖွဲ့က မပါနိုင်သေးတဲ့ အနေအထားမျိုးတွေ ပြောလာတော့ ဒို့ကလည်း အားလုံးပါဝင်ရေး ပြောလို့ မရတော့ဘူး။ အဲတော့ အခုက ဘယ်လို ပြောင်းလဲလာလဲဆိုတော့ နှစ်ဖက် ဥပမာ အပစ်ရပ်ပြီးရင် အားလုံးပါဝင်နိုင်ရေးကို ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတဲ့ကိစ္စ အဲဒီလို ပြောင်းလဲလာတာရှိတယ်။ ဒါက အတည်ဖြစ်သေးတာမဟုတ်ဘူး။ မူအရ သဘောတူထားတာကို ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်မယ်”ဟု သူက ပြောသည်။

UNFC အနေဖြင့် အားလုံးပါဝင်ရေးမူကို ကိုင်စွဲထားသော်လည်း ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့် ရက္ခိုင်တပ်မတော် (AA)တို့က မြောက်ပိုင်း မဟာမိတ်အင်အားစုများနှင့် ပူးတွဲ၍ NCA အရ မသွားတော့ကြောင်း ပြောဆိုမှုများရှိလာသဖြင့် UNFC ကလည်း အားလုံး ပါဝင်ရေးကို ကိုယ်စွဲ၍ မရတော့သည့် အနေအထားရှိနေခြင်း ဖြစ်သည်ဟု နိုင်ဟံသာက ရှင်းပြသည်။

“အားလုံးပါဝင်ရေးဆိုတဲ့ဟာက အရင်က ဒို့တောင်းဆိုခဲ့တဲ့ဟာ အခုက အေအေတို့၊ ကိုးကန့်တို့၊ ပလောင်တို့က သူတို့က မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ပူးတွဲပြီးတော့ အန်စီအေ လိုင်းကို မလိုက်တော့ဘူးလို့ ပြောလာပြီဆိုတော့ ဒို့က အားလုံးပါဝင်ရေးကို ဟစ်အော်နေလို့ မရတော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်ပါတယ်”

ထို့ပြင် သုံးပွင့်ဆိုင်ကိစ္စကိုလည်း နိုင်ငံရေးဆွေးနွေးမူဘောင်တွင် ဆက်လက်ဆွေးနွေးရန်၊ JMC တွင် နို်င်ငံတကာ အင်အားစုများပါဝင်နိုင်ရေးတွင် ကုလသမဂ္ဂ ကိုယ်စားလှယ်အား သင့်တော်သလို ထည့်သွင်းသွားရန် မူအားဖြင့် သဘောတူညီမှုများ ရရှိထားသည်ဟု သူက ပြောသည်။

ဧပြီ ၃ရက် အစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ( SSPP/SSA)၊ မွန်ပြည် သစ်ပါတီ( NMSP)၊ ကရက်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU)နှင့် ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့မှ ကိုယ်စားလှယ်များ တက်ရောက်နေကာ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ နိုင်ဟန်သာနှင့် အတွင်းရေးမှူး ခူဦးရယ်တို့ အပါအဝင် အဖွဲ့ဝင် ၂၀ ခန့် တက်ရောက် ဆွေးနွေးနေသည်။

ဧပြီလ ၄ ရက်တွင်လည်း NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် DPN နှင့် အစိုးရတို့ နှစ်ဖက်မူအားဖြင့် သဘောတူညီချက်များအပေါ် ဆက်လက် သုံးသပ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags