အစိုးရမှ ငွေထုတ်ချေးပေးသည့် SMEs လုပ်ငန်းများ အောင်မြင်မှုရှိသည်ဟု ၀န်ကြီးဆို

အစိုးရမှ ငွေထုတ်ချေးပေးသည့် SMEs လုပ်ငန်းများ အောင်မြင်မှုရှိသည်ဟု ၀န်ကြီးဆို

ရန်ကုန် ၊ ဧပြီ ၃ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ချေးငွေများ ပေးအပ်လျက်ရှိနေပြီး အဆိုပါလုပ်ငန်းများ   အောင်မြင်မှုရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ပြောဆိုလိုက်သည်။

"လုပ်ငန်းတွေဟာ လုပ်ငန်းလိုအပ်ချက်နဲ့ ချေးငွေအဆိုပြုပါအစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသဖြင့် အောင်မြင်မှုရှိကြောင်း ဖြေကြားပါတယ်" ဟု ဒေါ်နီလာကျော်က လွှတ်တော်၌ ဖြေဆိုခဲ့သည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့တွင် ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ မေးခွန်းဖြစ်သည့် "ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SMEs လုပ်ငန်းများအောင်မြင်မှု ရှိ/မရှိ နှင့် ရာခိုင်နှုန်း မည်မျှတိုးတက်လာသည်ကို သိရှိလိုကြောင်း" မေးမြန်းမှုကို ၀န်ကြီးဖြစ်သူ ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ချေးငွေများ ပေးအပ်ရာတွင် "ချေးငွေ ကျပ်သိန်းပေါင်း ၁၂၀၅၀ ကို SMIDP ဘဏ်မှ ပေးအပ်ခဲ့ပါတယ်။ CGI စနစ်ဖြင့် CB ဘဏ်မှ ၂၆၂.၅ သန်းနှင့် ကမ္ဘောဇဘဏ်မှ ၁၄၅ သန်း တို့ကို ချေးငွေပေးအပ်ခဲ့ပါတယ်။ JICA ချေးငွေအနေဖြင့် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ် ၊ မြန်မာရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့မှ  ကျပ်သန်းပေါင်း ၂၂၀၈၁.၆၈ သန်းအား SMEs လုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးခဲ့ပါတယ်" ဟု ဒေါ်နီလာကျော်က လွှတ်တော်၌ ထည့်သွင်းဖြေဆိုခဲ့သည်။

"အစိုးရသစ်တက်လာတဲ့အခါမှာ အမေရိကန်တို့ ဒိန်းမတ်တို့ ဂျပန်တို့ကနေပြီး SMEs တွေအတွက်ပေးတယ်။ မေးခွန်း မေးတာက အစိုးရသစ်ကိုပေးတဲ့ဟာကို ကျကျနန လုပ်ဖို့အတွက် ရည်ရွယ်ပြီး မေးတာပါ။ အရင်ပြီးခဲ့တဲ့ဟာတွေပြီးသွားပြီ။ အဲ့ဒါတွေလိုက်ကြည့်တဲ့အခါမှာလည်း ဖွံ့ဖြိုးမှုကို မတွေ့ရဘူး" ဟု ဦးသန်းနိုင်ဦးက လွှတ်တော်အပြီးတွင် မီဒီယာများ၏   မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ထုတ်လုပ်ပြီးပစ္စည်းများကို တင်သွင်းရောင်းချရန် စျေးကွက်မရှိခြင်း၊ ထုတ်ကုန်များ၏ အရည်အသွေးကို ဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မှုမရှိခြင်း စသည့် အခက်အခဲများ ရှိနေသည်ဟု အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ က ထုတ်ဖော်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly