လူ ၁၅ ဦးသေဆုံးခဲ့သော ကေတီဗီမီးလောင်မှု ၀ါယာကြိုးအပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်

လူ ၁၅ ဦးသေဆုံးခဲ့သော ကေတီဗီမီးလောင်မှု ၀ါယာကြိုးအပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်

မင်းဘူး၊ ဧပြီ ၃ ။               ။ မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့လယ်ရှိ ၂၉လမ်းနှင့် သစ္စာလမ်းထောင့်တွင် ဖွင့်လှစ်ထားသော ရွှေမြတ်မင်းသမီး KTV ဆိုင်တွင် ဧပြီလ ၂ရက်နေ့ ည၁၀နာရီအချိန်ခန့်တွင် လျှပ်စစ်ဝါယာကြိုး မီးအပူလွန်ကဲရာမှာ မီးလောင် မှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

အဆိုပါ မီးလောင်မှုတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ ဒဏ်ရာရရှိထားကာ  ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဖြစ်စဉ်တွင် ၀ါယာကြိုးများမှာ နံရံရေမြှုပ်အကာများအတွင်း ထည့်သွင်းထားခြင်းကြောင့် လောင်ကာစ အခြေအနေတွင် မသိရှိကြကြောင်း သိရှိရသည်။  

“ ကျွန်တော် တို့က ၁၀နာရီ ၈မိနစ်လောက်မှာ သတင်းရတယ်။ မီးလောင်မှုဖြစ်သွားတဲ့ KTVဆိုင်က RC နှစ်ထပ် တိုက်ဖြစ်တယ်။ မီးလောင်ရတာကတော့ လှေကားအောက်မှာရှိတဲ့ မီးမိန်းက အိုဗာဖြစ်ပြီး ၀ါးယားကြိုးအပူလွန် ကဲတာကနေ စလောင်တာဖြစ်တယ်။ ၀ါယာကြိုးတွေက ရေမြှုပ်တွေလုပ်ထားတာဖြစ်တဲ့အတွက် မီးလောင်တာ ကို မသိလိုက်ကြဘူး။ လောင်သွားတာလည်း အပေါ်ထပ်ပဲ လောင်သွားတာဖြစ်တယ်။ တိုက်အပေါ်ထပ်ကနေ အောက်ကိုဆင်းဖို့က အရေးပေါ်သွားလာနိုင်လို့ရတဲ့ လှေကားတွေမရှိဘူး။ လှေကားက တစ်ခုတည်း ရှိတယ်။ အဲ့ဒီလှေကားကို မီးလောင်သွားတာဖြစ်တဲ့အတွက် ထွက်လို့မရဘဲ ပိတ်ပြီးသေသွားတာဖြစ်တယ်။ သေဆုံးသွား တာကတော့ ယောကျ်ားလေး ၁၁ယောက်၊မိန်းကလေး ၄ ယောက်ဖြစ်တယ်။ မိန်းကလေးတစ်ယောက်ကို တော့ မကွေးပြည်သူ့ဆေးရုံကြီးမှာ စိုးရိမ်ရအခြေအနေနဲ့ ဆေးကုသမှုခံယူနေတယ်ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ၂ရက်နေ့၊ ည ၁၀ နာရီဝန်ကျင်ခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီး မီးသတ်ယာဉ် (၇)စီး၊ရေသယ်ယာဉ်(၂)စီး၊ ကမ္ဘောဇဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်(၁) စီးနှင့် မင်းဘူးမြို့နယ်
မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၂)စီးအပါအဝင် ဒေသခံ ပြည်သူများဖြင့် ငြိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

“သေဆုံးသွားသူများထဲတွင် မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်မှ ၆ ဦး ပါဝင်နေကာ ယင်း KTV ဆိုင်တွင် မွေးနေ့ပွဲပြုလုပ်ရန် ရောက်ရှိနေကြပြီး အမျိုးသမီး ၄ ဦးမှာ အလုပ်သမားများဖြစ်ကြောင်း၊ ဆိုင်မှာ လိုင်စင်နှင့် တရားဝင် ဖွင့်ထားကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးတွင် မီးလောင်မှု များ ရှိခဲ့သော်လည်း ယခုကဲ့သို့ လူ ၁၅ ဦးသေဆုံးရသည့် အထိ မီးလောင်မှုမှာ ပထမဆုံးအကြိမ် ဖြစ််ပွားခြင်းဖြစ်ကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုအဆင့်အား Level 1 အဖြစ်သတ်မှတ်ထားကြောင်း၊မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၅၆သိန်း ၂သောင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် KTV ဆိုင်ပိုင်ရှင်အား မကွေးမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၈၅၊ ၃၀၄ တို့ဖြင့် အရေးယူထားကြောင်း ဦးအောင်ဝင်းစိန်က ဆက်လက်ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် လူသေဆုံးရခြင်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ KTV ဆိုင် အားလုံးကို ခွင့်ပြုချက်ချထားပေးသည့်လုပ်ငန်းလိုင်စင်ရှိမရှိ၊ စည်းမျဉ်းစည်းကမ်းအားလိုက်နာ မှုရှိမရှိစစ်ဆေးသွား ဖြစ်ကြောင်း၊လိုက်နာမှုမရှိပါက ပြည်သူလူထုအကျိုးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က ဧပြီလ ၃ ရက်နေ့တွင် မဇ္ဈိမသို့ပြောသည်။

“ ဒီလိုဖြစ်စဉ်မျိုးနောက်ထပ်မဖြစ်ဖို့အတွက် မကွေးတိုင်းဒေသကြီးမှာရှိတဲ့ KTV ဆိုင်အားလုံးကို လုပ်ငန်းလိုင်းစင် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးသွားမှာပါ။ ပြည်သူလူထုအကျိုးကိုကြည့်ပြီး ထိထိရောက်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ၊ ကိုက်ညီမှုမရှိတဲ့ ဆိုင်တွေကိုလည်း ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်သွားမှာပါ၊ KTV အားလုံးကို ပိတ်သိမ်းမယ်၊ မပိတ်သိမ်းဘူးဆိုတာကတော့ အစိုးရ တစ်ရပ်လုံးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်သွားမှာပါ၊အခုမီးလောင်မှုဖြစ်ပွားသွားတဲ့ ဆိုင်ကိုလည်း ဥပဒေ နဲ့အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမှာပါ” ဟု ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly