မဲဆန္ဒနယ်တချို့မှာ NLD ရှုံးရတဲ့ အကြောင်းအရင်း ဦးဝင်းထိန် ဘာပြောသလဲ

မဲဆန္ဒနယ်တချို့မှာ NLD ရှုံးရတဲ့ အကြောင်းအရင်း ဦးဝင်းထိန် ဘာပြောသလဲ
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တိုင်းရင်းသားဒေသအများစုတွင် ရှုံးနိမ့်ရသည့် အခြေအနေနှင့်ပတ်သက်ပြီး NLD ၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများ၏ မေးမြန်းမှုကို ဧပြီလ ၂ရက်က ဖြေကြားခဲ့သည်။

“မနိုင်တဲ့ အကြောင်းအရင်းက Voter turnout လို ့ခေါ်တဲ့ သည် မဲပေးတဲ့ လူတွေလာမဲမပေးတာ။အဲ့ဒါအဓိ််ကပဲ။ ရန်ကုန်လို နေရာမျိုးမှာတောင် ၃၀ရာခိုင်နှုန်းလောက်ပဲ မဲပေးတယ်။ အရင် ၂၀၁၅တုန်းကဆို ၆၀ရာခိုင်နှုန်းကျော်၊ တချို့နေရာ ရ၀ရာခိုင်နှုန်း အဲ့လို လာမဲပေးတာ” ဟု ဦးဝင်းထိန်က ပြောသည်။

ယနေ့ နေ့လည် ၁၂နာရီအထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မဲဆန္ဒနယ် ၃ခုတွင် NLD က ရှုံးနိမ့်နေပြီး ဦးဝင်းထိန်ကမူ မြေပြင်စာရင်းများအရ စုစုပေါင်း ၉နေရာ ရှုံးနိမ့်ခဲ့သည်ဟု ဖွင့်ဟ ပြောဆိုသည်။

“၁၈နေရာမှာ ချောင်းဆုံမြို့နယ်က မနိုင်ဘူး။ အမ်းမြို့နယ်က မနိုင်ဘူး။ ရှမ်းပြည်နယ်က မိုင်းရှူးက သုံးနေရာစလုံး၊ ကျေးသီးက သုံးနေရာစလုံး မနိုင်ဘူး။ ပြီးတော့ ကျိုင်းတုံ မနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်အတွက် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် NLD က ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရန် နောက်ကျမှုကြောင့် ၁၈နေရာတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။

အဆိုပါ ဖရူဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင်မူ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ဦးသဲရယ်က အနိုင်ရရှိကြောင်း ကော်မရှင်က ကြေငြာထားသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင်လည်း ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက အနိုင်ရခဲ့သည်ဟု ကော်မရှင်က ယနေ့နံနက် ၉နာရီတွင် ကြေငြာခဲ့သည်။

အဆိုပါ ချောင်းဆုံမြို့နယ်တွင် NLD ကိုယ်စားလှယ်လောင်း ရှုံးနိမ့်ရသည့်အပေါ် ပြီးခဲ့သည့် လပိုင်းက ပြည်သူ့လွှတ်တော်တွင် ချောင်းဆုံမြို့နယ်ရှိ တံတားအမည်ပေးရေးကိစ္စနှင့်ဆက်စပ်သည်ဟု ယူဆမှုများလည်း ရှိနေသည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး ဦးဝင်းထိန်က “တချို့က တံတားကြောင့်လို့ ပြောတယ်။ တချို့က တံတားကြောင့် မဟုတ်ဘူးလို့ပြောတယ်။ တချို့က မွန်ပါတီရဲ့ အားနည်းချက်လို့ ပြောတယ်။ အဲ့တော့ အန်ကယ်လ်တို့က နားထောင်တာပဲ ရှိသေးတယ်။ သုံးသပ်ချက်တော့ မလုပ်သေးဘူး။ မလုပ်သေးဘူးဆိုတာ ပါဝင်ပတ်သက်တဲ့ သူတွေနဲ့ တွေ့ပြီးတော့မှ အသေးစိတ် ပြောလို့ရမှာ” ဟု ဆိုသည်။

ရှမ်းပြည်နယ်ရှိ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များတွင် NLD ရှုံးနိမ့်ရခြင်းမှာမူ “အဓိကအကြောင်းကတော့ ရှမ်းဘာသာစကား မတတ်တာ၊ သူတို့ဆီမှာ လူဆယ်ယောက်ရှိရင် နှစ်ယောက်လောက်ပဲ မြန်မာလို တတ်တယ်။ ကျန်တဲ့ ရှစ်ယောက်က မရဘူး။ သွားပြီးတော့ နိုင်ငံရေးစည်းရုံးရေးကို မြန်မာလို သွားပြောတော့ ဘယ်သူမှ နားမလည်ဘူး” ဟု ဦးဝင်းထိန်က မှတ်ချက်ပြုသည်။

အဆိုပါ မဲဆန္ဒနယ်များတွင်မူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က အနိုင်ရခဲ့သည်ဟု မြေပြင်စာရင်းများအရ သိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍လည်း “ဒီလိုဖြစ်လာမယ်ဆိုတာ မျှော်မှန်းထားပြီးသား” ဟု ဦးဝင်းထိန်က ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်လည်း NLD က ရှုံးနိမ့်ခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly