အစ္စရေးလူမျိုး ၃ ဦးကို ဓားဖြင့်ထိုးခဲ့သော ပါလက်စတိုင်းအား အသေပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြော

အစ္စရေးလူမျိုး ၃ ဦးကို ဓားဖြင့်ထိုးခဲ့သော ပါလက်စတိုင်းအား အသေပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြော

ဧပြီ ၂ ။             ။ အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းမှ ပါလက်စတိုင်းလူမျိုးတစ်ဦးသည် အစ္စရေးလူမျိုး ၃ဦးကို ဂျေရုစလင်မြို့တော်ဟောင်းတွင် ပြီးခဲ့သော စနေနေ့က ဓားဖြင့်ထိုးခဲ့သောကြောင့် နယ်စပ်အစောင့်များက အသေပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ထိုသံသယရှိရသူသည် လမ်းသွားလမ်းလာ ဂျူးလူမျိုး ၂ ဦးအား ဓားဖြင့်တိုက်ခိုက်ခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး နောက်တွင် နယ်စပ်အစောင့်တစ်ဦးကိုလည်း ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့သောကြောင့် အသေပစ်သတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းသွားလမ်းလာ ၂ ဦးမှာ အသေးစားဒဏ်ရာများ ရရှိခဲ့သော်လည်း တတိယတစ်ဦးမှာမူ ပိုမိုပြင်းထန်သော ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ယခုဖြစ်စဉ်သည် မြို့တော်ဟောင်းသို့ ပင်မဝင်ပေါက်ဖြစ်သော ဒါမာစကတ်ဂိတ်အနီးတွင် ဖြစ်ပွားခဲ့သည့် ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်သည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကလည်း ပါလက်စတိုင်းအမျိုးသမီးတစ်ဦးသည် အစ္စရေးရဲသားများအား ကတ်ကြေးဖြင့် ထိုးသတ်ရန် ကြိုးပမ်းခဲ့မှုကြောင့် အသေပစ်သတ်ခံခဲ့ရသည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂၅၉ဦး၊ အစ္စရေး ၄၀ ဦး၊ အမေရိကန် ၂ ဦး နှင့် ဆူဒန်နိုင်ငံသား ၁ ဦး သေဆုံးခဲ့ရကြောင်း သိရ သည်။

သေဆုံးခဲ့သော ပါလက်စတိုင်းအများစုမှာ ဓားကိုင်ဆောင်ခြင်း၊ သေနတ် သို့မဟုတ် ကားဖြင့်ဝင်ဆောင့် တိုက်ခိုက်ခြင်းများကြောင့် ဖြစ်ကြောင်း အစ္စရေး အာဏာပိုင်များဘက်က ပြောခဲ့သည်။ ကျန်ရှိသော အချို့မှာ ဆန္ဒပြသစဉ်အတွင်း၊ ပဋိပက္ခများအတွင်းနှင့် ဂါဇာကမ်းမြှောင်ဒေသို့ အစ္စရေးတို့ဘက်မှ ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly