အနိုင််ရ မဲဆန္ဒနယ် ၁၁နေရာ ကြေငြာပြီးချိန် NLDက ၈နေရာ အနိုင်ရ

အနိုင််ရ မဲဆန္ဒနယ် ၁၁နေရာ ကြေငြာပြီးချိန် NLDက ၈နေရာ အနိုင်ရ
ကော်မရှင်ဥက္ကဌ ဦးလှသိန်းက အနိုင်ရကိုယ်စားလှယ်အမည်စာရင်း ကြေငြာနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဧပြီ ၁ရက်တွင် စတင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ အနိုင်ရရှိသည့် မဲရလဒ်များကို ယနေ့နေ့လည် ၁၂နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံကြေငြာရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အများစု အနိုင်ရရှိသည်။

မဲဆန္ဒနယ် ၄နေရာကို ထပ်မံကြေငြာလိုက်ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)မှလွှဲ၍ ကျန်သည့် ၃နေရာတွင် NLD က အနိုင်ရကြောင်း ကော်မရှင်ဥက္ကဌ ဦးလှသိန်းက ကြေငြာသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် လစ်လပ် မဲဆန္ဒနယ်(၁၉)နေရာအနက် ပြည်ထောင်စုရွေးကောက်ပွဲကော််မရှင်(UEC)က စုစုပေါင်း ၁၁နေရာ ကြေငြာပြီးဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က (၈) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က (၂)နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီက (၁)နေရာ အနိုင်ရရှိခဲ့သည်။

ယနေ့ နေ့လည် ၁၂နာရီ ကြေငြာချက်အရ ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဦးနေကျော်က ၂၇၃၅၇မဲ၊ အမျိုးသားလွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ်(၆)တွင် ဒေါက်တာမောင်မောင်က ရ၅၂၉၉မဲနှင့် ပဲခူးတိုင်းမဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်စန်းစန်းမြင့်က ရ၁၀၄၂မဲဖြင့် အနိုင်ရရှိသွားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကမူ ကျိုင်းတုံမဲဆန္ဒနယ်အမှတ်(၁)မှ ဦးရှာမွေလရှဲန်က ရ၀၂၆မဲဖြင့် ပြည်နယ်လွှတ်တော်အတွက် အနိုင်ရခဲ့သည်။

နံနက် ၉နာရီ ကြေငြာချက်တွင်မူ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှိုင်သာယာမြို့နယ်တွင် ဦးဝင်းမင်းက ၃၁၃၆၉မဲ၊ မုံရွာမြို့နယ်တွင် ဦးညွှန့်အောင်က ၉၅၉၂၃မဲ၊ ကော့မှူးမြို့နယ်တွင် ဦးကျော်ဆွေဝင်း(ခ) ဦးအာလူးက ၃၈၀၂၈မဲ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဦးမြစိန်က ၁၅၇၅၆မဲ ဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဦးအောင်ကြည်သိန်းက ၁၉၆၆၇မဲ ဖြင့် ပြည်သူ့လွှတ်တော်အတွက် အနိုင်ရရှိသည်။

ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညောင်ရွှေမြို့နယ်တွင် ဦးခင်မောင်ဝင်းက ၁၇၂၀၄မဲ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဦးသဲရယ်က ၃၃၅၁မဲဖြင့် အနိုင်ရရှိသွားသည်။

ကျန်ရှိသည့် မဲဆန္ဒနယ်များ၏ မဲရလဒ်များကိုလည်း ညနေ ၄ နာရီတွင် ဆက်လက်ထုတ်ပြန်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်(၉)နေရာ၊ အမျိုးသားလွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်(၃)နေရာနှင့် ပြည်နယ်လွှတ်တော်များအတွက် လစ်လပ်မဲဆန္ဒနယ်(၇)နေရာ၊ စုစုပေါင်း ၁၉နေရာအား ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly