ကိုလံဘီယာနိုင်ငံ၌ ရွှံ့မြေပြိုကျမှုများကြောင့် လူပေါင်း ၂၀၆ ဦးခန့်သေဆုံးကာ လူနေအိမ်များဆုံးရှုံး

ကိုလံဘီယာနိုင်ငံ၌ ရွှံ့မြေပြိုကျမှုများကြောင့် လူပေါင်း ၂၀၆ ဦးခန့်သေဆုံးကာ လူနေအိမ်များဆုံးရှုံး

 ဧပြီ ၂ ။            ။ ကိုလံဘီယာနိုင်ငံတောင်ပိုင်း၌ ရွှ့ံ့မြေပြိုကျမှုများကြောင့် လူပေါင်း ၂၀၆ဦးခန့် သေဆုံးခဲ့ကာ ရာနှင့်ချီသော သူများလည်း ဒဏ်ရာရရှိခြင်း၊ ပျောက်ဆုံးခြင်းများ   ဖြစ်ပွားနေပြီး   နေအိမ်များလည်း ဆုံးရှုံးခဲ့ကြောင်း အာဏာပိုင် များက ပြီးခဲ့သော စနေနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးမှုများ ဒဏ်ရာရရှိမှုများသည် တောင်အမေရိကားတိုက်ရှိ ပစိဖိတ်ဒေသဘက်ခြမ်းတွင် ရေကြီး မှုများ ဖြစ်ပွားနေခြင်းကြောင့်ဖြစ်ပြီး ပီရူးနှင့် အီကွေဒေါနိုင်ငံတို့တွင်လည်း သေဆုံးသူ အများအပြားရှိနေသည်။

ကိုလံဘီယာအနောက်တောင်ပိုင်းရှိ Mocoa မြို့တွင် ရေများတဟုန်ထိုး စီးဆင်းမှုကြောင့် လူနေအိမ်များ၊ တံတားများ၊ ယာဉ်များနှင့် သစ်ပင်များ မြောပါသွားခဲ့ပြီး အညိုရောင် ရွှ့ံမြေ တစ်ပုံတစ်ခေါင်းကြီးသာ ကျန်ရှိနေခဲ့ ပုံကို အခင်းဖြစ်ပွားရာနေရာမှ စစ်တပ်ကရိုက်ကူးထားသော ဓာတ်ပုံများတွင် တွေ့နေရသည်။

အမေဇုန်မြစ်ဝှမ်းဒေသရှိ လူဦးရေ ၄၀၀၀၀ ခန့်ရှိသော မြို့ကလေးတွင် မိုးများဒလဟော ရွာချမှုကြောင့် သောကြာနေ့ အနှောင်းပိုင်းတွင် ရွွှ့ံမြေပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

“ကျနော်တို့ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ လူ ၂၀၆ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၂၀၂ ယောက်ခန့် ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၂၂၀ ခန့် ပျောက်ဆုံးနေပါတယ်” ဟု ကိုလံဘီယာ ကြက်ခြေနီအဖွဲ့မှ အကြီးအကဲဖြစ်သူ ဆီဆာအူရီနာက ပြောခဲ့သည်။

သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်သည် ပြိုကျမှုဖြစ်ပွားရာ Mocoa မြို့သို့ ပြီးခဲ့သော စနေနေ့တွင် သွားရောက်ခဲ့ပြီး တောအုပ်ထူထပ်သော အဆိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ရန် ရောက်ရှိနေခဲ့သည်။

သူက ပြည်သူ့ကျန်းမာရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီပေးရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကြေညာခဲ့သည်။ ဒါ့အပြင် သူက ကျန်ရစ်သူ မိသားစုများကိုလည်း ၀မ်းနည်းစကား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly