ရွေးကောက်ပွဲရလဒ်များ အချိန်မီ မကြေငြာနိုင်၍ ကော်မရှင်ဥက္ကဌ တောင်းပန်

ရွေးကောက်ပွဲရလဒ်များ အချိန်မီ မကြေငြာနိုင်၍ ကော်မရှင်ဥက္ကဌ တောင်းပန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ကြားဖြတ်ရွေးကောက်ပွဲ၏ မဲရလဒ်အရ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကို ယနေ့ညတွင် ကြေငြာပေးမည်ဟု ကနဦး ကြေငြာထားသော်လည်း မဲစာရင်းပုံစံ(၁၉)အား သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ပြုစုနေဆဲဖြစ်သောကြောင့် မနက်ဖြန် ဧပြီလ ၂ရက်၊ နံနက် ၉နာရီမှသာ စတင်ကြေငြာနိုင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောဆိုလိုက်သည်။

“သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ပုံစံ(၁၉)များ အတည်ပြုပေးပို့ပြီးမှာ တရားဝင် လွှတ်တော်ကိုယ်စားလှယ်အမည်ကို ကြေငြာပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးလှသိန်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ရုံးတွင် ယနေ့ည ၉နာရီက ပြောဆိုသည်။

မဲရလဒ်အရ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယနေ့ည ၉နာရီတွင်တစ်ကြိမ်၊ ည ၁၁နာရီတွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ကြေငြာပေးမည်ဟု ကနဦး စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မကြေငြာသည့်အနေအထားနှင့်ပတ်သက်၍လည်း ဦးလှသိန်းက တောင်းပန်စကား ဆိုသည်။

“ယနေ့ည ၉နာရီမှ ကြေငြာမယ်ဆိုတဲ့ ကိုယ်စားလှယ်လောင်းကို အတည်ပြုကြေငြာဖို့ အခြေအနေမပေးတာကို ကျွန်တော်တို့ တောင်းပန်လိုပါတယ်” ဟု ဦးလှသိန်းက ပြောသည်။

ယနေ့ ဧပြီ ၁ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာအား ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မကျင်းပဖြစ်ခဲ့သည့် ရှမ်းပြည်နယ် ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်တို့တွင်လည်း ယနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ဦးလှသိန်းက ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly