ကော့မှူးတွင် NLD မဲပြတ်နိုင်

ကော့မှူး၊ ဧပြီ ၁ ။  ။ ကော့မှူးမြို့နယ်တွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်ဟု ကော့မှူးတိုင်းဒေသကြီး ၂ လွတ်တော်အမတ် ဦးဇော်မင်းအောင်က မဇ္ဈိမသို့အတည်ပြုသည်။

“မဲစရင်းအားလုံးနီးပါးတော့တက်ပြီ။ ၃၊ ၄ရုံပဲကျန်တော့တယ်။ မဲကတော့အပြတ်နိုင်တယ်။ အဲ့လိုပဲပြောလို့ရတယ်။ အတိအကျတော့မထွက်သေးဘူး မဲပြတ်နိုင်တယ်လို့ပြောလို့ရပါတယ်။ ရာခိုင်နူန်းအရဆိုရင် ကျွန်တော်တို့ခန့်မှန်းတာတော့ ၂၀၁၅ ကထက်မလျော့ဘူး" ဟု ၎င်းကပြောဆိုသည်။ 

အနိုင်ရသည်ဟုဆိုသော်လည်း ကျန်ရှိနေသေးသည့် မဲရုံအချို့ကြောင့် မည်သည်အရေအတွက်ဖြင့်အနိုင်ရရှိသည်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပေ။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးကျော်ဆွေဝင်းရဲ့ ကိုယ်ရေးအရာရှိဖြစ်ပြီး မြို့နယ်ကော်မရှင်ရုံးထဲတွင် ရှိနေသည့် ဦးဖိုးဖြူက “၈၅ ရာခိုင်နူန်းတော့ရှိပါတယ်ခင်ဗျ” ဟု အနိုင်ရရှိသည့် မဲရာခိုင်နူန်းကို ခန့်မှန်းပြောဆိုသည်။ 

သို့သော်လည်း မဲရုံပိတ်သိမ်းသည့် အချိန်ထိ USDP နှင့် NLD တို့မှာ မဲအရေအတွက် မတိမ်းမယိမ်း 
ဖြင့် အကြိတ်အနယ်ဖြစ်ခဲ့ကြတာကိုတွေ့ရှိခဲ့ရသည်။

ကော့မှူးမြို့နယ်တွင် ပြည့်သူ့လွှတ်တော် တစ်နေရာအတွက် ရွေးကောက်ခံလွှတ်တော်အမတ် ၉ ယောက် ရှိနေပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အင်အားကြီးပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အပါအဝင် ဒေသခံပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ကော့မှူးမြို့နယ်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆက်တိုက် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်သည်။
ကော့မှူးမြို့နယ်တွင် မဲရုံ ၁၉၀ ကျော်၊ အိမ်ထောင်စုပေါင်း ၃ သောင်းလောက် နှင့် မဲပေးခွင့်ရှိသူ ၉ သောင်းနီးပါးခန့် ရှိကြောင်း သိရသည်။

''ကျွန်တော် သိရတာကတော့ ၁၉၂ ရွာမှာ ငါးရွာရှုံးတယ်။ ကျန်တာတော့ ကျွန်တော်သေချာမသိသေးဘူးဗျ ။ ကျွန်တော်လည်း ရလဒ်စောင့်နေတာ။ '' ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေဝင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly