ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံခြင်း အပိုင်း (၂)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံခြင်း အပိုင်း (၂)

“ကျွန်တော့်ပါတီကို အမျိုးသားရေးပါတီလို့ ပြောရင် ကျေနပ်တယ်”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံခြင်း

မေး - အန်ကယ်ပြောသွားတဲ့အထဲမှာ ပြည်ခိုင်ဖြိုးသာ အာဏာရခဲ့မယ်ဆိုရင် ပြည်သူလူထုရဲ့ လူမှုဘဝလုံခြံုရေးတွေ တရားဥပဒေစိုးမိုးရေးတွေကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ပြောခဲ့တယ်ဆိုတော့ ကျွန်တော်တစ်ဆက်တည်းမေးချင်တာက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ရှမ်းပြည်(မြောက်ပိုင်း)မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ဒီအခြေအနေတွေကို ပြည်ခိုင်ဖြိုးသာ အာဏာရခဲ့မယ်ဆိုရင် ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဖြေရှင်းမလဲ၊ ဘယ်လိုမျိုး မဟာဗျူဟာတွေနဲ့ ချမှတ်လို့ ရနိုင်မလဲ။

ဖြေ - သာဓက ပေးထားသလိုပဲ။  ရခိုင် Issue ၊ ရှမ်း/မြောက် Issue နော်။ ဒီကိစ္စတွေကို ဖြေရှင်းတဲ့ နေရာမှာ ကျွန်တော်တို့ အမြင်ရှင်းဖို့ လိုမယ်လို့ ထင်တယ်။ ဖြေရှင်းမယ်ဆိုလို့ရှိရင် ပြဿနာ ဘာ့ကြောင့် ဖြစ်သလဲဆိုတာ ဦးစွာနားလည်ဖို့လိုတယ်။ နောက်တစ်ခါ ဒီအပေါ်မှာ ရှု့မြင်သုံးသပ်တဲ့ အခါမှာလည်းပဲ ဘက်စုံထောင့်စုံက ချဉ်းကပ်ဖို့ လိုတယ်။ အဲ့တော့ ရခိုင်ကိစ္စကို ကြည့်လို့ရှိရင် ရခိုင်ကိစ္စက စကတည်းက ဘာ့ကြောင့် ဖြစ်လာသလဲဆိုတဲ့ သမိုင်းကြောင်းဦးစွာ နားလည်ဖို့ လိုပါတယ်။ နောက်တစ်ခုက သမိုင်းကြောင်းကို နားလည်ပြီးတော့ အဲ့ဒီ Issue ကို ကိုင်တွယ်မယ်ဆိုရင် ဘယ်ရှု့ထောင့်က ချဉ်းကပ်မှာလဲ။ ဒီနေ့အစိုးရရဲ့ချဉ်းကပ်ပုံက လူ့အခွင့်အရေး ရှု့ထောင့်က ချဉ်းကပ်နေတာများတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အစဉ်တစိုက် ခံယူထားတာက လူ့အခွင့်အရေး။ လူ့အခွင့်အရေး ဆိုတာသည် တစ်ဦးချင်းရဲ့ အခွင့်အရေး။ တစ်ခါ လူ့အခွင့်အရေးထဲမှာ ဘက်စုံအကျံုးဝင်တယ်။ သူ့ရဲ့လုံခြံုရေး၊ သူ့ရဲ့စားဝတ်နေရေး အဆင်ပြေရေး၊ သူ့အယူအဆတွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေး ဒါတွေလည်း အကျံုးဝင်တယ်။ တစ်ဘက်က နိုင်ငံအနေနဲ့ ပြန်ကြည့်ပြန်တော့ လူတစ်ယောက်ချင်းရဲ့ လူ့အခွင့်အရေးက အရေးကြီးသလား အဲ့ဒီလူတွေ အများကြီး စုပေါင်းထားတဲ့ ပြည်ထောင်စုသားတွေ၊ သူတို့နေထိုင်တဲ့ တိုင်းပြည်က အရေးကြီးသလား။ ကျွန်တော်တို့ အဲ့လိုရှု့မြင်ရလိမ့်မယ်။ ရခိုင်အရေးမှာ ပါတီဥက္ကဋ္ဌအနေနဲ့၊ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ဖိုရမ်တွေမှာလည်း ဒီစကားတွေ ကျွန်တော် ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကိစ္စမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို တွင်တွင်သုံးရင်းနဲ့ နိုင်ငံတော်ရဲ့ အခွင့်အရေး၊ အမျိုးသားအခွင့်အရေးက ကျဆုံးသွားလိမ့်မယ်လို့ ဒီစကား ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ခင်ဗျားတို့ပဲ ပြန်ချင့်ချိန်ကြည့်ပေါ့နော်၊ အဲ့တော့ လူတစ်ယောက်ချင်း တစ်ဦးချင်းရဲ့ ကိစ္စကို ကျွန်တော်တို့ ရှေ့တန်းတင်မလား ။ အဲ့ဒီလူတွေ စုပေါင်းပါဝင်နေတဲ့ ဟောဒီမြန်မာနိုင်ငံကြီးရဲ့ နယ်မြေမဆုံးရှံုးရေး၊ အားလုံးရဲ့ ကိစ္စတွေ အစည်းမပြေရေး စသည်အားဖြင့် ဒီလို Issue ကနေ ချဉ်းကပ်မလား။ အဲ့ဒီလို ကြည့်တတ်ဖို့တွေ လိုလိမ့်မယ်ထင်တယ်။ ကျွန်တော်တို့ အမြင်အရ ပြောလို့ ရှိရင် ရခိုင်ပြည်နယ်အရေးဟာ လူ့အခွင့်အရေးကိစ္စမဟုတ်ဘူး။ အမျိုးသားရေးကိစ္စဖြစ်တယ်။ အမျိုးသား အကျိုးစီးပွား ဖြစ်တယ်။ ကျွန်တော်တို့က  အဲ့လိုမြင်တယ်။ နောက်တစ်ခါ ရှမ်း/မြောက်မှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ တပ်မတော်နဲ့ တခြား လက်နက်ကိုင် အင်အားစုတွေ တိုက်ခိုက်ကြတဲ့ သာမန် ရိုးရိုးလေး တိုက်ခိုက်မှုမျိုးဆိုရင် အဲ့ဒီအပေါ်မှာ ကိုင်တွယ်ပုံဟာ တစ်မျိုးဖြစ်လိမ့်မယ်။ အဲ့လိုမဟုတ်ဘဲနဲ့ အဲ့ဒီမှာ ဖြစ်နေတဲ့ Result က သာမန်အပြစ်မဲ့ပြည်သူတွေကို သွားပြီးတော့ Target ထားပြီးတော့ တိုက်တာမျိုးဆိုရင် အဲ့ဒီအပေါ်မှာ ကိုင်တွယ်မှုက တစ်မျိုးဖြစ်ရလိမ့်မယ်။ ဒီအပေါ်မှာ အစိုးရရဲ့ လက်ခံမှု ယုံကြည်မှု တုံ့ပြန်မှုဟာလည်းပဲ ဒီအပေါ်မှာ ကျွန်တော်တို့က လုပ်ရလိမ့်မယ်။ ရှမ်း/မြောက် မှာဖြစ်နေတဲ့ကိစ္စတွေကို ကြည့်လို့ရှိရင် လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ကြားထဲမှာ တိုက်တာ မဟုတ်ဘဲနဲ့ အပြစ်မဲ့တဲ့လူတွေ ဒုက္ခပေးနေတဲ့ကိစ္စမျိုးတွေ ထင်ထင်ရှားရှား သက်သေသာဓကနဲ့ ရှိပါတယ်။ ရှိတဲ့အတွက် သူ့ရဲ့ကိုင်တွယ်ပုံဟာ တခြားနည်းနဲ့ ချဉ်းကပ်ရလိမ့်မယ်လို့ ကျွန်တော် တင်ပြချင်ပါတယ်။ ဒီအကြောင်းကို ပြောမယ်ဆိုရင်တော့ ဒီအင်တာဗျူး တစ်ခုလုံးဟာ ဒါနဲ့ ပြီးသွားနိုင်တယ်။ ကျွန်တော် ချံု့ပြီး ဖြေချင်တာက ဖြစ်လာတဲ့ Issue ပေါ်မှာ သမိုင်းကြောင်းကို နားလည်ဖို့ လိုပါတယ်။ နောက်တစ်ခါ မိမိရှု့မြင်တဲ့ ရှု့မြင်နည်းဟာ သမာသမတ်ကျဖို့ လိုပါတယ်။ ခွဲခြမ်းစိပ်ဖြာပြီးတော့ တစ်ယောက်ထဲကိစ္စလား၊ အများကိစ္စလား၊ အဲ့ဒီအများပါဝင်နေတဲ့ နိုင်ငံတော်ရဲ့ ကိစ္စလား ဒီလိုမြင်ရင် ကျွန်တော်ထင်တယ် ကိုင်တွယ်ရတာ မှန်တဲ့အဖြေကို တွေ့လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး - နောက်တစ်ခုက ပြည်ခိုင်ဖြိုးပါတီဟာ အမျိုးသားရေးကို အလေးပေးတယ်။ အမျိုးသားရေး ပါတီဖြစ်တယ်ဆိုပြီးတော့မှ ဝေဖန်သံတွေ ထွက်တဲ့အပေါ်မှာရော ဘာများပြောချင်လဲခင်ဗျ။

ဖြေ -  ကြိုက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ တိုင်းပြည်မှာ အရေးကြီးတာ အဲ့ဒီအမျိုးသားရေးဗျ။ ပါတီပေါင်းများစွာ ၉၀ ကျော် လောက်ဖွဲ့စည်းထားတဲ့အထဲမှာ။ ပါတီတော်တော်များများက ဒီနေ့ လူတွေ သဘောကျတဲ့ ဒီမိုကရေစီအမည်တွေ အများကြီး ခံထားတယ်။ ဒီမိုကရေစီက အရေးကြီးတာလား၊ အမျိုးသားရေးက အရေးကြီးတာလားဆိုတာ လူတွေ မေ့များ မေ့နေသလား မသိဘူး။ တစ်ဦးချင်းကိစ္စဆိုလည်း သူ့ကိစ္စက အရေးကြီးတယ်ပေါ့။ အဲ့လူတွေ အများကြီး ပေါင်းထားတဲ့ နိုင်ငံမှာလည်း ဒီလူတွေ စုပေါင်းထားတဲ့ လူတွေရဲ့ အရေးက အရေးကြီးတာပဲ။ အဲ့တာက အမျိုးသားရေးပဲ။ ဆိုတော့ ကျွန်တော်တို့ ပါတီကတော့ ဒီမိုကရေစီ အမည်မခံပေမယ့် ကျွန်တော်က အဲ့ဒီအမျိုးသားရေးကို ထိပ်ဆုံးက တင်ထားတယ်။ အဲ့ဒီအမျိုးသားရေး မူဝါဒဟာလည်း ဘာလဲဆိုတော့ စောစောကပြောတဲ့ အရေး (၃) ပါးပဲ။ ဒီအရေး (၃) ပါးကို ကျွန်တော်တို့ ပါတီက လုံးဝကို ခေါင်းပေါ်တင်ထားတယ်။ ပုခုံးပေါ်တင်ထားတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်ပါတီကို အမျိုးသားရေးပါတီလို့ ပြောရင်။ ကျွန်တော်က ကျေနပ်တယ်။ လက်ခံတယ်။ တစ်နိုင်ငံလုံးတောင်မှ အဲ့လိုဖြစ်စေချင်တာ။ ကျန်တဲ့ပါတီတွေလည်း အမျိုးသားရေးကိုလှည့်ကြည့်ကြပါဦး ၊ ပြည်သူလူထုကလည်း အားလုံးပါဝင်တဲ့ အမျိုးသားအရေးကိစ္စဆိုရင်တော့ ဝိုင်းပြီး လုပ်ကြပါဦးလို့ ဒီလိုတောင် ကျွန်တော်က တောင်းဆိုချင်တာ။ ဒါကြောင့် ခင်ဗျားမေးတဲ့ကိစ္စ ကျွန်တော် ငြင်းစရာမရှိပါဘူး။ ဂုဏ်ယူစွာနဲ့ ကြိုဆိုပါတယ်လို့ပဲ ဖြေပါရစေ။

မေး - ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ နောက်ပိုင်း နည်းနည်းလေး ပြန်သွားရအောင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရ တစ်နှစ်ပြည့်လာပြီပေါ့။ တစ်နှစ်ပြည့်လာတဲ့အခါမှာ ရွေးကောက်ပွဲစဝင်လာစတုန်းကတော့ ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့ ပြောလာတာရှိတယ်။ ဒါပေမယ့် လက်တွေ့မှာကြတော့ တော်တော်လေး ကွာနေတယ်လို့လည်း ပြောလို့ရနေတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာကော အန်ကယ် ဘယ်လိုမျိုးမြင်လဲ။ ဒီတစ်နှစ်တာအတွင်းမှာ သူတို့ဆိုခဲ့တဲ့အတိုင်း တစ်ကယ်ကို ပြောင်းလဲလာပြီလို့ ပါတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ မြင်လား။ ဘာတွေလိုသေးတယ်လို့ တွေ့နေလဲ။

ဖြေ - ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ မဟုတ်ပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ပဲ ပြောပါ့မယ်။ ပြောင်းပါတယ် ပြောင်းတယ်။ ဒါပေမယ့် အပြောင်းအလဲဆိုတဲ့ဟာက ကောင်းသောပြောင်းခြင်း မကောင်းသောပြောင်းခြင်း ဒီလိုတော့ လိုလိမ့်မယ်။ အဲဒီတော့ ယခင်အစိုးရကာလနဲ့ ယခု တစ်နှစ်ပြည့်သွားတဲ့ လက်ရှိအစိုးရကာလမှာ ပြောင်းလဲခြင်းတွေ အများကြီးရှိတာပေါ့။ ကုန်ဈေးနှုန်းတွေတက်တယ်။ အခြေခံစားကုန်တွေ တက်တယ်။ ဒေါ်လာဈေးတွေ တက်တယ်။ စက်သုံးဆီဈေးတွေ တက်တယ်။ ရွှေဈေးတွေ တက်တယ်။ လူတွေ စားဝတ်နေရေး ကြပ်တည်း လာတယ်။ ယခင်အစိုးရကာလတုန်းက ဝန်ထမ်းတွေအတွက် နှစ်စဉ် လစာတွေ နှစ်တိုင်း နှစ်တိုင်း တိုး တိုးပေးခဲ့တယ်။ သောင်းဂဏန်းကနေ သိန်းဂဏန်းတွေဖြစ်လာတယ်။ အခု တစ်နှစ်အတွင်းမှာ လုံးဝတိုးပေးနိုင်ခြင်းမရှိဘူး။ ဒါလည်း အပြောင်းအလဲပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ကာလတုန်းက ကျွန်တော်တို့ သာမန်အရပ်ဖက်အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာတွေ သတ်မှတ်ပေးခဲ့တယ်။ ဒါအခြေအနေက ပြောင်းနေတာ ကုန်ဈေးနှုန်းတက်လာရင် သူ့ကိုလည်းပဲတိုးပေးသင့်တယ်။ ဒါပေမယ့် ဆက်လက်လုပ်ဆောင်ခြင်းမတွေ့ရဘူး။ လုပ်ဆောင်နေခြင်းကိစ္စကို ဆက်မလုပ်ခြင်းသည်လဲ ပြောင်းလဲမှုပဲ။ ကောင်းပြီ လုံခြံုရေးအခြေအနေ၊ရာဇဝတ်မှုတွေတိုးလာတယ်။ အဲဒါပြောင်းလဲတာပဲ။ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေပိုများလာတယ်။ ဒါလည်းပြောင်းလဲတာပဲ။ ပြီးတော့ ရန်ကုန်မြို့တော်ထဲမှာပဲ သွားလာရေးကိစ္စတွေ အရင်ထက်စာရင်ပိုအဆင်ပြေသလား မပြေဘူးလား။ မထသ ကနေ YBS ပြောင်းလိုက်တယ်။ ဒါပြောင်းလဲမှုပဲ။ သို့သော် အဲဒီပြောင်းလဲခြင်းအားလုံးက ကောင်းသောပြောင်းခြင်းလား မကောင်းသောပြောင်းခြင်းလား လူတွေကိုယ့်ဘာသာဆုံးဖြတ်။ ကျွန်တော်က ပါတီဥက္ကဋ္ဌ တစ်ယောက်ဖြစ်နေတော့ အကုန်လုံးကို သွားပြောလို့မရဘူး။ စောစောကလိုပေါ့ ကျွန်တော့်မှာ Ethics ရှိတာပေါ့။ အကုန်လုံးကို လက်ညှိုးထိုးပြီးလည်း မပြောချင်တဲ့အတွက် လူတွေပိုင်းခြားတတ်တဲ့ အသိဉာဏ်တွေ ရှိကြပါတယ်။ သူတို့ စဉ်းစားကြပါလိမ့်မယ်။

မေး-ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ မေးခွန်းတွေပြည့်ပြည့်စုံစုံဖြေပေးတဲ့ အန်ကယ့်ကို ကျေးဇူးတင်ပါတယ်။ ဖြည့်ပြောချင်တာရှိပြောပါခင်ဗျာ။

ဖြေ- ဖြည့်ပြောချင်တာကတော့ အခုပြောသမျှ မေးတဲ့ မေးခွန်းဟာ ကျွန်တော့်ရင်ထဲမှာရှိတဲ့အတိုင်း အမှန်အတိုင်းချပြလိုက်တာပဲ။ အဲဒီတော့ ကျွန်တော်သည် ဒီနေ့ အတိုက်အခါပါတီရဲ့ ပါတီဥက္ကဋ္ဌ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့ပါတီကသွားမယ့် မူဝါဒတွေက ဒီအတိုင်းပဲ။ အဲဒီတော့ ပါတီဥက္ကဋ္ဌ သွားမယ့်လမ်းကြောင်းသည် နောက်တစ်ခုက ရင်ထဲမှာရှိတဲ့ ဥစ္စာသည် ကိုယ့်ရဲ့ ပါတီခေါင်းဆောင်တွေနဲ့ အကျေအလည်ညှိနိုင်းလုပ်ခဲ့တာတွေပဲ။ ကျွန်တော်တို့အကုန်လုံးဟာ ရိုးရိုးသားသား စေတနာထားလုပ်ခဲ့တာတွေချည်းပဲ ဖြစ်တဲ့အတွက် အခုပြောခဲ့သမျှ ကျွန်တော်တို့ရဲ့အမြင် ကျွန်တော်တို့ရဲ့ သဘောထား ပြည်သူလူထုအနေနဲ့ စဉ်းစားပေးပါ။ လက်ခံပါလို့မပြောဘူး။ ယုံကြည်ပါလို့ မပြောဘူး။ ကျွန်တော်ပြည်သူလူထုကို အထင်ကြီးတယ်။ လေးစားတယ်။ လူထုဆုံးဖြတ်ပါ။ လူထု စဉ်းစားပါ။ ဒါပေမယ့် တစ်ချက်မှာချင်တာက ခင်ဗျား စောစောကမေးတဲ့ မေးခွန်းထဲက စကားလုံးတစ်ခုလိုပဲ။ မက်လောက်တဲ့စကားပြောလို့တော့ အလွယ်တကူ မယုံလိုက်ကြပါနဲ့။ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်လူထုကို Message ပေးချင်တယ်ဗျာ။ ကျေးဇူးတင်ပါတယ်။

မဇ္စျိမ ပရိသတ်များခင်ဗျာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော် မျိုးသန့်ပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required