ရှုခင်းအသွယ်သွယ် ထားဝယ်သို့ တစ်ခေါက် အပို်င်း (၁)

01 April 2017
ရှုခင်းအသွယ်သွယ် ထားဝယ်သို့ တစ်ခေါက် အပို်င်း (၁)
 

 မြန်မာနိုင်ငံ မြေပုံပေါ်မှာကြည့်လိုက်ရင် တောင်ဘက်ကို ရှည်မျောမျောလေး ထွက်နေတဲ့နေရာ ကျွန်းစုကျွန်းဆွယ်ပေါင်း ဝန်းရံနေတဲ့နေရာ ရေ သယံဇာတတွေ ကြွယ်ဝနေတဲ့နေရာ သဘာဝအတိုင်း လှပစဲဖြစ်တဲ့ ကမ်းခြေများစွာကို ပိုင်ဆိုင်ထားတဲ့နေရာ ရှေးရှေးကတည်းက ပင်လယ်ဆိပ်ကမ်းအဖြစ် အသုံးပြုခဲ့တဲ့နေရာ တမူထူးခြားတဲ့ ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေ တည်ရှိနေတဲ့နေရာ အဲဒါဟာ တနင်္သာရီတိုင်းဒေသကြီးရဲ့ အချက်အချာနေရာ ထားဝယ်ဒေသ ဖြစ်ပါတယ်။

ထားဝယ်မြို့ကို ရန်ကုန်ကနေ ဦးတည်ပြီးတော့ သွားမယ်ဆိုရင် ကားနဲ့ပဲဖြစ်ဖြစ် လေယာဉ်နဲ့ပဲဖြစ်ဖြစ် သွားနိုင်ပါတယ်။ ပြီးတော့ မော်လမြိုင်ကနေတစ်ဆင့် တအိအိ မောင်းနှင်သွားတဲ့ မီးရထားကိုလည်း စီးသွားနိုင်ပါတယ်။ ကျွန်မတို့ ခရီးသွားအဖွဲ့ကတော့ ကားနဲ့ သွားကြတာဖြစ်ပါတယ်။ ဒီလမ်းကတော့

ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမကြီးပါ။ ဒီလမ်းကြောင်းအတိုင်း သွားမယ်ဆိုရင်တော့ ထားဝယ်ကိုရောက်ဖို့ ၁၂ နာရီလောက် ကားစီးရပါမယ်။ လမ်းတွေက ကောင်းမွန်သလို ကွေ့ကွေ့ကောက်ကောက်နဲ့ အတက်အဆင်းလမ်းတွေကိုလည်း အများကြီး ဖြတ်သွားရပါတယ်။ အဲသလိုနဲ့ ရေးမြိုကို ရောက်ပါပြီ။

 ဒါကတော့ တနသာင်္ရီတိုင်းရဲ့ အစနယ်နိမိတ်လည်း ဖြစ်ပါတယ်။ ဒီမြို့လေးကတော့ ထာဝယ်မြို့အသွားမှာ ခရီးတစ်ထောက် နားကြတဲ့နေရာလေးပါ။ အခုဆိုရင် မွန်ပြည်နယ်ရဲ့ အဆုံးလို့ ပြောလို့ရတဲ့ ရေးမြို့ကို ရောက်နေပါပြီ။ ဒီမှာပဲ နေ့လည်စာကို စားကြမှာပါ။ မနက်လေးနာရီလောက်ကတည်းက ရန်ကုန်ကနေထွက်လာတာ ဒါက လမး်ခရီးရဲ့   လေးပုံသုံးပုံလောက်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ မော်လမြိုင်-မုဒုံ-သဖြူဇရပ် ဒီလမ်းပိုင်းတွေကို ဖြတ်လာပြီးတဲ့အခါမှာတော့ တောင်တက်လမ်းတွေကတော့ စလာပြီပေါ့။ ရှေ့မှာဆိုလို့ရှိရင် မလွှဲတောင်ကို တက်ရမှာဖြစ်ပါတယ်။

မလွှဲတောင်ကတော့ လမ်းခရီးက ကြမ်းတမ်းတယ်၊ နောက်ပြီးတော့ သတိထားပြီးတော့ သွားလာရတဲ့ ဒေသတစ်ခုလို့ ကြားထားပါတယ်။ ရှေ့ဆက်ပြီးတော့ ခရီးက ဘယ်လိုဆက်ရဦးမယ်မသိသေးတော့ ထမင်းစားပြီးတော့ ခရီးဆက်ရမှာပါ။

ရေးမြို့ကနေ ထွက်လာပြီဆိုတာနဲ့ လမ်းတစ်လျှောက် တွေ့ရတဲ့ ရှုခင်းတွေကလည်း တဖြည်းဖြည်းနဲ့ ပြောင်းလာပါတယ်။ ရာဘာပင်တွေ၊ ကွမ်းပင်တွေ၊ ဒါတွေကလည်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ရဲ့ အမှတ်အသားတွေလိုပါပဲ။ လမ်းဘေးဝဲယာမှာလည်း စိမ်းစိုလို့ နေပါတယ်။ အခုချိန်မှာတော့ ကျွန်မတို့စီလာတဲ့ကားလေးဟာ မတ်စောက်ပြီး အကွေ့အကောက်များလှတဲ့တောင်ကို ဖြတ်နေပါပြီ။ ဒီတောင်ဟာ တနင်္သာရီတိုင်းရဲ့ ဝင်ပေါက်လို့ ပြောကြတဲ့ မလွဲတောင်ဆိုတာပါပဲ။ ဒီတောင်ကိုဖြတ်ပြီးရင် တနင်္သာရီနဲ့ မွန်ပြည်နယ်တို့ရဲ့ နယ်စပ်မျဥး်နေရာ ရှိပါတယ်တဲ့။

အခုဆိုရင် မလွဲတောင်ခြေကို ရောက်လာပါပြီ။ တောင်နံရံတွေကိုဖြိုပြီး လမ်းဖောက်ထားတဲ့ မလွဲတောင်ဟာ အရင်က သွားရေးလာရေး ဘယ်လောက်ခက်ခဲကြောင်းကို   ပြနေသလိုပါပဲ။   တောင်ပေါ်ကနေပြီးတော့ ကျနေတဲ့ ရေတွေကလည်း ရေတံခွန်လိုပဲ လှနေလိုက်တာ။ အခုက  မလွဲတောင်ပေါ်ကို ရောက်နေပါပြီ။ တောင်ပေါ်တက်လာတာတော့ မိနစ် ၂၀ လောက်ရှိပြီ   တောင်ပေါ်တက်လာတာ ခရီးတစ်ဝက် ကျိုးပြီလို့တော့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင် Tasty Trip အစီအစဉ် တောင်တက်ခရီးတွေလည်း အများကြီးသွားဖူးပါတယ်။ ဒါပေမယ့် ဒီတောင်တက်လမ်းက ပိုပြီးတော့ အကွေ့အကောက်တွေ ပိုများပါတယ်။ အကွေ့အကောက်တွေလည်း ပိုကြမ်းပါတယ်။ လမ်းက အခုနောက်ပိုင်း ထပ်ချဲ့ထားတာပါ။ ထပ်ချဲ့ထားတာတောင်မှ ကုန်ကားကြီးတွေ ဆင်းလာတဲ့အခါမှာ တော်တော်လေးကို ပွတ်ကာသီကာ ရှောင်ရတိမ်းရတာတွေ ရှိပါတယ်။

လမ်းတစ်လျှောက်မှာဆိုလို့ရှိရင်လည်း တောင်ကျရေတွေဆင်းနေတဲ့ ရေတံခွန်လိုမျိုးဖြစ်နေတဲ့ နေရာလေးတွေကိုလည်း အများကြီး တွေ့ရပါတယ်။ တကယ်တမ်း မိုးကြီးလာပြီဆိုရင်တော့ ဒီတောင်ကျရေတွေဟာ အများကြီးဆင်းလာပြီးတော့ ဒီလမ်းကို ဖုံးသွားတဲ့အခါမှာ သွားရလာရတာ တော်တော်လေးကို ခက်ခဲသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ လမ်းကိုလည်း သေသေချာချာ စနစ်တကျ ခင်းထားပြီးဖြစ်သလို ဘေးမှာလည်း သံဘောင်တွေနဲ့ လမ်းနယ်နိမိတ်ကို ပြထားပြီးဖြစ်တဲ့အတွက် မိုးတွင်းကာလလည်း သွားရင်တော့ အရမ်းကို အန္တရာယ် မများလောက်တော့ဘူးလို့ ထင်ပါတယ်။

ဒါဟာ တနင်္သာရီတိုင်းရဲ့ ဝင်ပေါက်။ လူသိများလှတဲ့ မလွဲတောင် ဒီတောင်ရဲ့ ဟိုဘက်တစ်ခြမ်းမှာတော့ ထားဝယ် မြစ်ဝှမ်းဒေသ ထားဝယ်ကို ရောက်ဖို့ နီးလာပါပြီ။ ထားဝယ်ဒေသကိုတော့ ထားဝယ်ခရိုင်လို့လည်း သိကြပါတယ်။ ဒီခရိုင်ထဲမှာ ရေဖြူမြို့နယ် ထားဝယ်မြို့နယ်၊ သရက်ထားမြို့နယ်နဲ့ လောင်းတော်မြို့နယ်ဆိုပြီးတော့ ပိုင်းခြားထားပါတယ်။

အခုဆိုရင်တော့ မွန်ပြည်နယ်ရဲ့အဆုံး တနင်္သာရီတိုင်းဒေသကြီးရဲ့ အစကို ရောက်နေပါပြီ။ ဒီနေရာက မလွဲတောင်ပေါ်မှာပဲ ရှိနေတာဖြစ်ပါတယ်။ အခုဆိုရင် တနင်္သာရီတိုင်းဒေသကြီးမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုလည်း မြင်နေရပါပြီ။.

ဒါဆိုရင်တော့ တနင်္သာရီတိုင်းထဲကို ဝင်ပါပြီ။

 အခုဆိုရင် ထားဝယ်ကိုရောက်ဖို့အတွက် မိုင် ၈၀ လောက် လိုပါသေးတယ်တဲ့။ ကားနဲ့ဆိုရင်တော့ အချိန် တစ်နာရီခွဲလောက်   မောင်းရဦးမှာပါ။ တောင်တန်းတွေကို ကျော်လာပြီးပြီဆိုတာနဲ့   မြေပြန့်ဆန်တဲ့ မြစ်ဝှမ်းဒေသကို လှမ်းမြင်နေရပါပြီ။ ထန်းပင်တန်းတွေနဲ့ စပါးခင်းတွေကလည်း တမျှော်တခေါ်နဲ့ ဒါဟာ ထားဝယ် မြစ်ဝှမ်းဒေသပါ။

တောင်ပေါ်လမ်းတွေရော မြေပြန့်လမ်းတွေရော အဆင့်ဆင့် ဖြတ်သန်းလာပြီးတဲ့အခါမှာတော့ နောက်ဆုံး ထားဝယ်မြို့ထဲကိုရောက်ပါပြီ။ ထားဝယ်သံဝဲဝဲနဲ့ စကားသံတွေကို စပြီးတော့ ကြားနေရပါပြီ။ ဖော်ရွေလှတဲ့ ဒေသခံတွေရဲ့ အပြံုးချိုချိုကိုလည်း စပြီးတော့ မြင်နေရပါပြီ။ 

ထားဝယ်မြို့ရဲ့ နံနက်ခင်းကတော့ မြူတွေ ဆိုင်းလို့နေပါတယ်။ လမ်းဘေးဝဲယာတစ်လျှောက်ကတော့ လယ်ကွင်းတွေ မနက်စောစော မြူတွေကြား လမ်းလျှောက်ရင်းနဲ့ လတ်ဆတ်တဲ့လေကို ရှုရှိုက်ရတဲ့ အရသာ ......... ဒီမနက်ခင်းစောစောကတော့ ပြောရမယ်ဆိုရင် ဘယ်လိုနေရာဒေသမှာပဲဖြစ်ဖြစ် သာယာလှပတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် နေကတော့ မထွက်သေးပါဘူး ကျနေတဲ့ မြူနှင်းလေးတွေကနေ အခုဆိုရင် လမ်းဘေးမှာရှိတဲ့ မြတ်ပင်လေးတွေဆီမှာ အစက်ကလေးတွေ တွဲလောင်းလေးတွေ ကျနေတာကအစ ချစ်စရာလေးတွေပါ။

ဒီ ထားဝယ်ဒေသမှာ ရောင်နီပျိုးလာရင် နေထွက်လာရင် အရမ်းလှတယ်ဆိုတဲ့ နေရာလေးတစ်နေရာ ရှိပါတယ်။ အဲဒီနေရာလေးက ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ။

ထားဝယ်မြစ်ကတော့ ဓနိတန်းတွေ ပတ်ချာရံလို့ မနက်ခင်း မြူတွေအောင်မှာ ငြိမ်သက်လို့နေပါတယ်။ ထားဝယ်မြစ်ကို ဖြတ်ပြီး ဆောက်ထားတဲ့ ကမျောခင်းတံတားကတော့ ထားဝယ်မြို့ရဲ့ အချက်အခြာနေရာပါတဲ့။ ဒီဒေသကိုရောက်တဲ့သူတိုင်းက ဒီတံတားလေးရှိရာကို လာလယ်ကြပါတယ်။ ပြီးတော့ ကမ်းခြေတွေဆီကို သွားမယ်ဆိုရင်လည်း ဒီတံတားကိုပဲ ဖြတ်သွားကြရတာပါ။

ဒီနေ့နံနက်ခင်းကတော့ မြူတွေအရမ်းကျနေတာဖြစ်တဲ့အတွက် နေထွက်တာကိုတော့ ကောင်းကောင်း မမြင်ရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့   နေလည်း တော်တော်မြင့်နေပြီ   မြူတွေပိတ်နေတယ်ဆိုတော့ မမြင်ရတော့ဘူး။ ဒါပေမယ့်လည်း ဒီကမျောခင်းတံတားပေါ်ကနေ မြင်ရတဲ့ ထားဝယ်မြစ်ရဲ့ အလှအပကတော့ အရမ်းကို သာယာပါတယ်။ ဒါကြောင့်မို့ ထားဝယ်မြို့ရဲ့ နံနက်ခင်းအလှအပကို ခံစားပြီးပြီဖြစ်တဲ့အတွက် အလွန်ကို ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။

  ဆက်လက်ဖော်ပြပါမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly