မဲစာရင်းတွင်ပါသော်လည်း ဆန္ဒမဲပေးရန် သက်သေခံလက်မှတ် မရသူများလည်း မဲပေးနိုင်

မဲစာရင်းတွင်ပါသော်လည်း ဆန္ဒမဲပေးရန် သက်သေခံလက်မှတ် မရသူများလည်း မဲပေးနိုင်

မုံရွာ၊ ဧပြီ ၁ ။            .။ ၂၀၁၇ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်တွင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မအူအုပ်စု၊ မအူကျေးရွာ၊ မဲရုံအမှတ်(၁)နှင့်မြေနဲအုပ်စု၊ မြေနဲကျေးရွာ မဲရုံအမှတ်(၁)တို့တွင် ဆန္ဒမဲပေးခွင့်ရသူများအနေဖြင့် မဲလာရောက်ပေးရာ၌ မဲစာရင်းတွင်ပါပြီး၊ သက်သေခံလက်မှတ် အကြောင်းအမျိုးမျိုးကြောင့်ပါရှိမလာပါကလည်း မဲပေးခွင့်ပြုထားသည်ဟု ၎င်းမဲရုံမှူးများက မဇ္ဈိမကိုပြောသည်။

မြေနဲအုပ်စု၊ မြေနဲကျေးရွာ၊ မဲရုံအမှတ်(၁)မဲရုံးမှူး ဒေါ်ခင်ခင်မော်က "အကြောင်းအမျိုးမျိုးကြောင့် သက်သေခံလက်မှတ်မပါလည်း မဲပေးခွင့်ရှိပါတယ်။ ဒီလို ဘာကြောင့် ခွင့်ပြုရတာလဲဆိုတော့ မဲပေးတဲ့သူတွေ အဆင်ပြေအောင်လို့ပါ။ ပါမလာလို့ ပြန်လွှတ် ပြန်ရှာရင်လည်း အခက်အခဲရှိပါတယ်။ကော်မရှင်နဲ့ညှိပြီး အခုလိုလုပ်ပေးတာပါ။ မဲစာရင်းထဲမှာတော့ ပါရမှာပေါ့။ အဲဒါကိုတော့ စစ်ဆေးရတယ်။ ပါရင် ပေးခွင့်ရပါတယ်။"ဟုပြောသည်။

အဆိုပါမဲရုံများကို နံနက် ၆ နာရီက စတင်ဖွင့်လှစ်ထားသော်လည်း မဲပေးသူအများစုမှာ တောလုပ်ငန်းဝင်နေရသည့် ရာသီဖြစ်သောကြောင့် နံနက် ၁၁ နာရီနောက်ပိုင်းမှသာ လာရောက်မဲပေးကြသူများသည်ဟု မဲရုံမှူး ဒေါ်ခင်ခင်မော်ကဆိုသည်။

မအူအုပ်စု၊ မအူကျေးရွာ မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးခွင့်ရသူ ၂၇၅၉ရှိပြီး၊ ကြိုတင်မဲပေးထားသူ ၅၆ ဦးနှင့် မြေနဲအုပ်စု၊ မြေနဲကျေးရွာ မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးခွင့်ရသူ ၁၆၀၀ဦးရှိပြီး ကြိုတင်မဲပေးထားသူ ရ၁ ဦးရှိကြောင်း မဲရုံမှူးများထံက သိရသည်။

မုံရွာမြို့နယ်တွင် ရပ်ကွက်ပေါင်း(၃၁)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၅၄)အုပ်စု၊ ကျေးရွာပေါင်း (၁၇၁)ရွာ ရှိပြီး မဲရုံပေါင်း(၁၅၉)ရုံ ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

မုံရွာမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ တို့မှ ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly