မန္တလေး ရွှေကျောင်းကို သြဂုတ် ပထမပတ်မှ စတင်ပြီးပြုပြင် ထိန်းသိမ်းခြင်း များဆောင်ရွက်မည်

မန္တလေး ရွှေကျောင်းကို သြဂုတ် ပထမပတ်မှ စတင်ပြီးပြုပြင် ထိန်းသိမ်းခြင်း များဆောင်ရွက်မည်
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္စျိမ)

မန္တလေး၊ ဇူလိုင် ၂၉ ။       ။ မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်း (ရွှေကျောင်းကြီး)ကို ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် သြဂုတ်လ ပထမပတ်မှ စတင်၍ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်သွား မည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ကပြောသည်။

၎င်းက  “ရွှေကျောင်းကြီး အနောက်ဘက်ခြမ်းက တိုင်ဆယ်လုံးကို အရင်ဆုံးအစား ထိုးပြုပြင် သွားမယ်။ တိုင်ကြီးရဲ့အတွင်းပိုင်းမှာ ရေရှည်ကြံ့ခိုင်မှုကို အဟန့်အတားဖြစ်နေနိုင်တဲ့ ခြစားမှုတွေ တွေ့ရှိနေလို့ အစားထိုးပြုပြင်ဖို့လုပ်ရတာပါ။  “ဟု ပြောသည်။

ရွှေကျောင်းကြီး  ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင်စေရန် အမေရိကန် အခြေစိုက် World Monument Funds (WMF) အဖွဲ့မှ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ သုတေသနလုပ်ငန်း ဆောင်ရွက် ခဲ့ရာ ရွှေကျောင်းတော်ကြီးရှိ ကျွန်းသစ်တားတိုင်ကြီးများ အတွင်းပိုင်း၌ ရေရှည်ကြံ့ခိုင်မှုကို အဟန့်အတားဖြစ်စေနိုင်သည့် ခြစားမှုများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးညိုမြင့်ထွန်းက ဆိုသည်။

ဦးညိုမြင့်ထွန်း  “သူတို့သုတေသနလုပ်ခဲ့တဲ့အပိုင်းတွေကို အရင်လုပ်သွားမယ်။အဆောက်အဦးရဲ့ ကြံ့ခိုင်မှုအပိုင်းတွေကိုလည်းလုပ်မယ်။သူတို့စီက ပြုပြင်ထိန်းသိမ်းရေးပညာရှင်အဖွဲ့တွေလည်း သြဂုတ်လ ထဲရောက်လာမယ်။ရောက်မယ့်ရက်ကိုတော့မသိရသေးဘူး။ “ဟု ကပြောသည်။

အဆိုပါရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းမှုများကို အမေရိကန်နိုင်ငံရှိ သံအမတ်ကြီးများ ရန်ပုံငွေထဲမှ ကူညီထောက်ပံံ့ငွေဖြင့် ပြုလုပ်သွားမည်ဟု ဦးညိုမြင့်ထွန်းကဆိုသည်။

ရွှေကျောင်းကြီးအနီး နန်းတော်ရှေ့တွင် နေထိုင်သူ ရှေးဟောင်းသမိုင်းသုတေသီ ဦးအောင်ကျော်မိုး (ပန်းပျိုးလက်) က “ ဒီကျောင်းက မန္တလေးသမိုင်း မြန်မာနိုင်ငံရဲ့သမိုင်းကို ပြောပြနေတယ်။ ဒါကြောင့်ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ပြည်ပက ကူညီလို့ သူတို့စိတ်ကြိုက်လုပ်သွားတာမျိုးမဖြစ်စေချင်ဘူး။  ကိုယ့် ဆီကတာဝန်ရှိသူတွေ အနေနဲ့ မြန်မာ့မူမြန်မာ့ဟန် မပျောက်အောင် ထိန်းသိမ်း လုပ်သွားရမယ်။ “ ဟုပြောသည်။

အဆိုပါရွှေကျောင်းအနီးတွင် အမှတ်တရပစ္စည်းများရောင်းချသောဆိုင်၊ ရှေးဟောင်းပစ္စည်းများ ရောင်းချသောဆိုင်၊ ပန်းချီပြခန်းနှင့် ဓာတ်ပုံဆိုင် စုစုပေါင်း ၁၂ ဆိုင်ရှိသည်။
 
 အဆိုပါကျောင်းရှေ့တွင် အမှတ်တရပစ္စည်းများရောင်းချနေသူ မပိုင်သက်ချို က “ ဒီကျောင်းကြီးက ကျွန်မတို့ ထမင်းအိုးပဲ။ နေ့စဉ် နိုင်ငံခြားသားတွေ ဝင်ထွက်မှုရှိနေတော့ ကျွန်မတို့ အမှတ်တရပ စ္စည်းရောင်းနေရတယ် “ဟုပြောသည်။

ရွှေကျောင်းကြီး၏ အရှေ့ဘက်တွင် သာသနာ့တက္ကသိုလ်၊အနောက်ဘက်တွင် အတုမရှိကျောင်း၊ မြောက်ဘက်တွင် ကျောက်တော်ကြီးဘုရား၊ကုသိုလ်တော်ဘုရားတို့ရှိခြင်းကြောင့် အဆိုပါရွှေကျောင်းကြီး သို့နေ့စဉ် ပြည်တွင်းပြည်ပများ ဝင်ထွက်လေ့လာလျှက်ရှိသည်။

ရွှေကျောင်းကြီး ဂိတ်ပေါက်မှ လက်မှတ်ရောင်းချသူ မနှင်း က “ နေ့စဉ်ကတော့ လူမပြတ်ပါဘူး။ ဥပုဒ်နေ့နဲ့ကျောင်းပိတ်ရက်တွေမှာပိုစည်တယ်။ နိုင်ငံခြားခရီးသွားတွေကတော့ တစ်ရက်ကိုလေးငါးဆယ် လာနေတာပါပဲ “ဟုပြောသည်။

အဆိုပါရွှေကျောင်းကြီးသို့ ဝင်ရောက်လေ့လာမည်ဆိုလျှင် လူကြီး ၅၀၀ ကျပ်၊ ကလေး ၃၀၀ ကျပ်ပေးဆောင်ရသည်။ ရွှေကျောင်ကြီး အနောက်ဘက်ပိုင်းကို တိုင်းများအစားထိုးပြုပြင်နိုင်ရန် ဆောင်ရွက်ထား သည်ကို ဇူလိုင်လ ၂၉ ရက်က တွေ့ရစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly