မန္တလေးမြို့ကြီး အန္တရာယ်နွံထဲ နစ်တော့မှာလား

မန္တလေးမြို့ကြီး အန္တရာယ်နွံထဲ နစ်တော့မှာလား
ဓာတ်ပုံ - စိုင်းနေမျိုးမောင်မောင်(ONE TO ONE) (မတ်လ ၃၀ ရက်နေ့က လည်ပင်းဓါးရှည်ထိုးခံရကာ ဆိုင်ကယ်အလုခံရသူ တစ်ဦး ဆေးရုံသို့ ရောက်ရှိလာပုံ)

ဧပြီ ၁ ။                   ။ ယဉ်ကျေးတဲ့ မန္တလေးဟု လူသိများသော မန္တလေးမြို့တွင် လုယက်မှုများနေ့စဉ်နှင့်အမျှ လတ်တလော  ဖြစ်ပွားလျက်ရှိနေခြင်းကြောင့် မြို့နေလူထုမှာ စိုးရိမ်ထိတ်လန့်မှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။

နေ့ခင်းဘက်ထက် ညပိုင်းများတွင် လုယက်မှုပိုမို ဖြစ်ပွားလျှက်ရှိကာ လုယက်မှုဖြစ်စဉ် ကျူးလွန်သူ အများစုမှာ လွတ်မြောက်နေဆဲဖြစ်သည်။

လုယက်မှုကျူးလွန်သူအများစုသည် ပစ္စည်းလုယူခြင်းသာမက အသက်အန္တရာယ်ပါ ရန်ပြုမူလာခြင်းကြောင့် အသက် ဆုံးရှုံးမှုတစ်ချို့လည်း ဖြစ်ပေါ်လျှက်ရှိသည်။

မတ်လ ၃၀ ရက်နေ့ညပိုင်းကလည်း လူငယ်တစ်စုမှ အုပ်စုဖွဲ့ကာ လည်ပင်းကို ဓါးဖြင့် ထိုး၍ ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူ လူငယ်များကို အမှတ် ၁၀ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။ ထိုသို့ အချိန်နှင့်တပြေးညီ ဖမ်းဆီးရမိမှုများရှိသော်လည်း ဖမ်းဆီးရမိမှု မရှိသေးသည့် လုယက်မှုများကလည်း များစွာကျန်ရှိနေသေးသည်။

ရဲတပ်ဖွဲ့အနေဖြင့် လုယက်မှုများကြိုတင်ကာကွယ်ရေးအတွက် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်နေသာ်လည်း ထိရောက်ဟန့်တားမှုများ ပြုလုပ်နိုင်ခြင်းမရှိသော်လည်း မတ်လ ၂၉ ရက် နေ့တွင် အမှတ် ၄ နယ်မြေရဲစခန်းမှ လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာသူ လူငယ်တစ်ဦးကို စစ်ဆေးရာ ဓါးရှည်တစ်ချောင်းဖြင့် တွေ့ရှိဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ထိုသို့လုယက်မှုများ လျော့နည်းပပျောက်စေရန်အတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် အစီအမံများပြုလုပ်ကာ ညပိုင်းတွင် အုပ်စုဖွဲ့စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း လုယက်မှုများမှာ လျော့နည်းလာခြင်းမရှိဘဲ ပိုမိုများလာခြင်းကြောင့် မြို့ခံများ၏ ဝေဖန်မှုကိုလည်း ခံနေရသည်။

"မထိရောက်နိုင်ဘူး။အမှန်တကယ်ရိုးသားစွာ သွားလာနေတဲ့သူကိုပဲ အလွယ်တကူ စစ်ဆေးလို့ရမယ်။ ဆေးသုံးစွဲနေတဲ့သူ၊ ပြစ်မှုကျူးလွန်မယ့်သူကတော့ ဝေးဝေးက ရှောင်ကြတယ်။ထိရောက်တဲ့ ဟန့်တားနိုင်မှုမရှိဘူးလို့ မြင်တယ်။ သားသမီးတွေ နည်းနည်းမှောင်လို့ အလုပ်က ပြန်မလာရင်ကို စိတ်ကပူနေရပြီ။ ဒါမျိုးက မိဘတိုင်းကြံုနေရပြီ။တစ်နေ့တခြား ပိုဆိုးနေတယ်"ဟု  မြောက်ပြင်   ကြေးသွန်းရပ်တွင် နေထိုင်သည့် အသက် ရ၂ အရွယ် ဦးသိန်းရွှေက ပြောသည်။

မြို့ခံများအနေဖြင့် ထိရောက်သည့် ဟန့်တားမှုများ ပြုလုပ်ပေးစေလိုသော်လည်း ရဲတပ်ဖွဲ့အင်အား နည်းနေသည်ဟု အကြောင်းပြချက်များကြောင့် အကူအညီတောင်းရန် အခက်အခဲများဖြစ်ပေါ်နေပြီး မန္တလေးမြို့လူထုမှာ ကိုယ်ထူ၊ကိုယ်ထစနစ်ဖြင့် လုံခြံုရေးယူသွားကြရန် ဆော်သြနေမှုများလည်း ရှိလာသည်။

မန္တလေးမြို့ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့မှလည်း ရဲတပ်ဖွဲ့အနေဖြင့် လုယက်မှုများ ဖြစ်ပေါ်နေသည့်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သားအသွင်ယူ၍ နှိမ်နင်းပေးရန်၊ ကင်းပုန်းများဝပ်၍ ဖမ်းဆီးပေးရန် ၊ ထိုသို့ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့၏ လိုအပ်သည်များကို ပရဟိတအသင်းများက ပူးပေါင်းကူညီသွားရန် အသင့်ရှိကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် လုယက်သတ်ဖြတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်နှင့်ပတ်သက်၍ ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ရာတွင်လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်၏ ပြန်လည်ဖြေကြားမှုကို အားမရကြောင်း သူက ဆိုသည်။

"နေ့စဉ်ဖြစ်နေတယ်။ ဖြစ်နေလို့ ကြယ်ပွင့်ပြမေးတယ်။ ပြန်ဖြေတဲ့အဖြေက အားမရဘူး"ဟု ဦးမြင့်အောင်မိုးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြံုမှု၊စိတ်အေးချမ်းစွာ သွားလာနိုင်မှုတို့အတွက် ကြိုတင်ကာကွယ်ရေး၊ဖြစ်ပွားတဲ့ပြစ်မှုတွေကိုလည်း စုံစမ်းဖော်ထုတ် တရားစွဲဆိုရေး၊ငြိမ်ဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြံုရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ကို လုပ်ငန်းတာဝန်များ သတ်မှတ်၍ မြို့နယ်ရဲစခန်းနယ်မြေအလိုက် ရပ်ကင်းလှည့်ကင်းဝပ်ကင်းများဖြင့် နေ့စဉ်ဆောင်ရွက်လျှက်ရှိသည်ဟု နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က မတ်လ ၃၀ ရက်ကဆိုခဲ့သည်။

သို့သော်  မြို့လယ်ခေါင်များတွင် လုယက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ကို မတ်လ ၃၁ ရက်၊နံနက် ၁၀ နာရီက လမ်း ၆၀ ၊၃၂လမ်းနှင့်၃၃လမ်းကြားတွင် အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်တွန်းလဲ၍ ပိုက်ဆံအိတ်လုယူသွားရာ အလုခံရသူမှာ ဒဏ်ရာများရရှိပြီး ဆေးရုံတက်ထားရသည်က သက်သေပြလျှက်ရှိသည်။

တိုင်းဒေသကြီးအတွင်း ပြစ်မှုကျူးလွန်မှုများပိုမိုများပြားလာရသည့် အကြောင်းအရင်းများမှာ မှုခင်းဆိုင်ရာအသိပညာ ဗဟုသုတ နည်းပါးခြင်း ၊ အလုပ်အကိုင်ရှားပါးခြင်းကြောင့် အလုပ်လက်မဲ့ များပြားပြီး စီးပွားရေးအဆင်မပြေခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူလူငယ်များ များပြားလာပြီး ငွေကြေး လိုအပ်ချက် များပြားလာခြင်း၊ပြည်ပနိုင်ငံများ၏ အကျင့်ဆိုးများအား အတုယူကာ အုပ်စုဖွဲ့၍ ထင်ပေါ်ကျော်ကြားစေရေး မိုက်ဂုဏ်ပြခြင်း၊  မိမိအဖွဲ့အတွက်ငွေကြေးလိုအပ်ချက်များအား မတရားသောနည်းဖြင့် ရှာဖွေခြင်း လူပြတ်သောနေရာ၊အလင်းရောင်ပြတ်သောနေရာများတွင် ပြစ်မှုအလွယ်တကူ ကျူးလွန်လာရာမှ လူစည်ကားသည့်နေရာများတွင် ထပ်မံကျူးလွန်လာခြင်း၊ အရက်သေစာ သောက်စားမှုပိုမိုများပြားလာပြီး မူးယစ်ပြီးအမှားအမှန် ခွဲခြားဝေဖန်နိုင်မှုမရှိခြင်းကြောင့် ပြစ်မှုကျူးလွန်မှုများ ပိုမိုများပြာလာခြင်းဖြစ်သည်ဟုလည်း နယ်/လုံ ဝန်ကြီး ဗိုလ်မှူးမျိုးမင်းအောင်က ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖြေကြားထားသည်။

မန္တလေးမြို့ပေါ်၌ ဖြစ်ပွားခဲ့သည့် ခိုးဆိုးလုယက်မှုများမှာ ၂၀၁၅ ခုနှစ်တွင် ရ၁ မှုဖြစ်ပွားခဲ့သည့်အနက် ၃၆ မှုကို ၎င်း၂၀၁၆ ခုနှစ်တွင် ၈၇ မှု ဖြစ်ပွားခဲ့သည့်အနက် ၅၂ မှုကို ဖော်ထုတ်နိုင်ခဲ့၍ တရားစွဲတင်ခဲ့နိုင်ကြောင်း သိရသည်။

၂၀၁၇ခုနှစ်တွင် ခိုးဆိုးလုယက်မှုများ ၂၀ မှု ဖြစ်ပွားသည့်အနက် ၁၀ မှုကိုဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၁၆ ဦးကို ဖမ်းဆီး၍ အခြားအမှုများ ကျူးလွန်ပါဝင်ပတ်သက်ခဲ့ခြင်း ရှိ၊ မရှိကို ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လုယက်၊ခိုးဆိုး၊သတ်ဖြတ်နေမှုများလျော့နည်းအောင် ရဲတပ်ဖွဲ့ကို အားကိုးရန်ခက်ခဲရခြင်းမှာ ပြည်သူ ၁၇၀၀ ကို ရဲတပ်ဖွဲ့ဝင် တစ်ဦးက စောင့်ရှောက်နေရကြောင်းသိရသည်။

တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက"ရဲကိုတော့ အားကိုးလို့မရတော့ဘူး။ ကျွန်တော်တို့ ပြည်သူကိုစောင့်ရှောက်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ စဉ်းစားရတော့မယ်"ဟု ပြောသည်။

အောင်မြေသာစံမြို့နယ်၊ အရိပ်မထွက်ဘုရားအနီး ည ၈ နာရီခန့်က ပိုက်ဆံအိတ် အလုခံရသည့် ကျောင်းဆရာမ ဒေါ်အေးအေးဝင်းက"အလုခံရရခြင်းပဲ အမှုသွားဖွင့်ခဲ့တယ်။ ဒါပေမယ့် အကြောင်းမထူးခဲ့ဘူး။ ဝန်ထမ်းအချင်းချင်း ကိုယ်ချင်းစာတဲ့အတွက် သူတို့ပြောခဲ့တာတွေ အကုန်မပြောချင်ဘူး"ဟု အမှတ် ၄ ရဲစခန်းတွင် ကြံုတွေ့ခဲ့ရသည့် အချို့ကို ပြောသည်။

အမှန်တကယ် လုယက်မှုကျူးလွန်ခံရ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တိုင်ကြားသော်လည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးမှု အားနည်းနေခြင်းကြောင့် လုယက်သူများ ပိုမို အတင့်ရဲလာခြင်း ဖြစ်သည်ဟုလည်း ဝေဖန်သူများရှိသည်။

အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကလည်း "ကျံုးဘေး ဆိုင်ကယ်အလုခံရတယ်။ ရဲကင်းကို သွားပြောတော့ စခန်းကိုသွားပါဆိုတော့ အချိန်မီ မိဖို့ဆိုတာဝေးသွားတယ်။ ဘာကြောင့် နှောင့်နှေးနေတယ်ဆိုတာ မသိဘူး"ဟုပြောသည်။

လုယက်မှုကျူးလွန်သူအများစုမှာ ဆယ်ကျော်သက်များဖြစ်နေပြီး မူးယစ်ဆေးသုံးစွဲသည့်သူ အများစု ဖြစ်နေသည်ကိုလည်း တွေ့ရသည်။

မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက"မန္တလေးမြို့မှာဗျာ။ လူငယ်တွေ ဆေးတွေသုံးပြီးတော့ ပျက်စီးချင်တိုင်းပျက်စီးနေတာ။  မြင်ရတာစိတ်မကောင်းဘူး။ ဆေးပြားတွေကလည်း ပေါချင်တိုင်းပေါတာကိုဗျ။ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးဟာ ဒီအစိုးရလက်ထက်မှာ မရှိသေးဘူးဆိုတာ ထင်ဟပ်တာပဲ။ မြို့လူထုကလည်း တထိတ်ထိတ် တလန့်လန့်နဲ့ နေရတယ်။ သွားရင်းလာရင်း၊ ဆိုင်ကယ်စီးရင်း၊ စက်ဘီးစီးရင်းကိုပဲ လမ်းလျှောက်ရင်းကိုပဲ မလုံခြံုဘူး။ ဒါဟာ ဝမ်းနည်းစရာကောင်းပါတယ်။ကျွန်တော်တို့ မဲပေးထားတာ အစိုးရတစ်ရပ်တင်မြောက်ထားတာ ဒီလိုဖြစ်ဖို့မှမဟုတ်ပဲ။ဒါကြောင့် ပြုပြင်သင့်တာ ပြုပြင်ဖို့လိုပြီလို့ မြင်တယ်"ဟု သုံးသပ်ပြောကြားသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးသုံးစွဲလာသည့် လူငယ်များကလည်း တစ်နေ့ထက်၊တစ်နေ့ ပိုမိုများပြားလာသလို ရောင်းဝယ်ဖောက်ကားလာမှုကလည်း ပိုမို အတင့်ရဲလာနေသည်။

ရောင်းဝယ်ဖောက်ကားနေမှုနှင့်သုံးစွဲနေသူများ အများစုခို နားရာ ဇုန်တစ်ခုကလည်း မန္တလေးမြို့အနီးမှာရှိနေသည်။ ထိုနေရာကို တစ်မြို့လုံးက သိသည်။ တစ်မြို့လုံးက သိနေသော်လည်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှာ မတို့ရဲမထိရဲ ဖြစ်နေခြင်းမှာ စဉ်းစားစရာဖြစ်နေသည်။

ထိုသို့ မထိရဲ၊မတို့ရဲဖြစ်နေခြင်းကြောင့်လည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများနှင့် သုံးစွဲနေသူများမှာ ပွဲတော်တမျှ စည်ကားလျက်ရှိသည်။

ထိုနေရာများကို နိုင်နင်းစွာ နှိမ်နင်းခြင်းမရှိသမျှကာလပတ်လုုံး မန္တလေးမြို့သည်လည်း လုယက်မှုများ နေ့စဉ်ကြံုတွေ့ရမည်ဖြစ်သလို စိုးရိမ်ထိတ်လန့်မှုများကလည်း လျော့နည်းသွားမည် မဟုတ်ပေ။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသည့် နေရာကို အတိအကျသိနေသည့် ရဲတပ်ဖွဲ့ဝင်များရှိသည်ဟု ကြားသိရသည်။ သို့သော် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူတို့၏ သြဇာကို မလွန်ဆန်နိုင်ကြောင်းလည်း တွေ့ရသည်။

မြို့ခံများက သတင်းပေးမှုများ ပြုလုပ်ခဲ့သော်လည်း သွားရောက်ဖမ်းဆီးသည့်အခါ ဖမ်းဆီးရမိမှုမရှိဘဲ လာရောက်သုံးစွဲသည့်သူ အချို့သာ မိနေခြင်းမှာ လာရောက်ဖမ်းဆီးမည်ကို ကြိုတင် သတင်းများရရှိနေခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။

အစိုးရသစ်လက်ထက်တွင် မူးယစ်ဆေးပပျောက်အောင် ပြုလုပ်မည်ဟုဆိုသော်လည်း မန္တလေးမြို့တွင် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုက ကြီးထွားနေဆဲဖြစ်သည်။

သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်းများ ပိုမိုသိမည်ထင်သည်။ မူးယစ်ဆေးသုံးစွဲနေခြင်းကြောင့် မိသားစုများစွာ သောကရောက်ခဲ့ရသည်။ ဘဝတွေ ပျက်ခဲ့ရသည်။ နယ်ထိန်းများအနေဖြင့် မြင်တွေ့၊ကြားသိနေကြမည်မှာ မလွဲပေ။

ပြည်သူလူထုအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ ဖမ်းဆီးရမိစေရန် ကူညီချင်သော်လည်း ရဲတပ်ဖွဲ့ကို ယုံကြည်ကိုးစားမှု အားနည်းခြင်းကြောင့် ရေငုံနှုတ်ပိတ်နေရခြင်းများလည်း ရှိသည်ဟု တစ်ချို့က ဆိုသည်။

ရဲတပ်ဖွဲ့မှ တိုင်လို့ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း မကြာခဏပြောဆိုနေခြင်းကြောင့် သတင်းပေးသည့် ပြည်သူလူထုအနေခြင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်းမှုများရှိလာသည်။

ယခုလို လုယက်မှုများ၊မူးယစ်ဆေးဝါးများရောင်းဝယ်ဖေါက်ကားနေခြင်းကို နှိမ်နင်းရန်အတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် အစီအမံများရှိနေမည်မှာ မလွဲနိုင်ပေ။သို့သော် ရဲတပ်ဖွဲ့အနေဖြင့် ၂၄ နာရီ တာဝန်ဆောင်နေရသည်ကိုလည်း မြင်တွေ့နေရသည်။

လက်ရှိ မန္တလေးမြို့အနေအထားသည် လုံခြံုရေးကင်းမဲ့နေသလိုဖြစ်နေပြီး နေ့စဉ် အသက်အန္တရာယ်ပြု လုယက်မှုများဖြစ်ပွားနေခြင်းကြောင့် မြို့လူထုမှာ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ လုံခြံုရေးများ ဆောင်ရွက်သွားကြရန်လည်း စီစဉ်သူတစ်ချို့ရှိလာသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မန္တလေးမြို့လူထုနှင့်တွေ့ဆုံ၍ လုယက်မှုများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် ပါဝင်ကူညီလိုသူများ ရှိပါက ညှိနှိုင်းဆွေးနွေး အကောင်အထည် ဖော်ကြည့်မည်ဆိုလျှင် အဖြေကောင်း တစ်ခု ထွက်ပေါ်လာနိုင်သည်။

ထို့အပြင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသည့်နေရာကို အတည်ပြု၍ ရဲတပ်ဖွဲ့နှင့်တိုင်ပင် ဆွေးနွေးကာ မန္တလေးမြို့ကို မူးယစ်နွံထဲ နစ်မသွားစေရန် လုပ်ဆောင်ရန် လိုအပ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း မူးယစ်ရောင်းဝယ်ဖောက်ကားသူများနှင့် မူးယစ်ဆေးသုံးစွဲနေသူများ လျှော့နည်းပပျောက်စေရန် ထင်သာ၊မြင်သာ အလေးပေး ဆောင်ရွက်သင့်လှပေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly