၂၀၁၇ဟာ တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်ထုတ်နိုင်မယ့် အစနှစ်လို့ ဦးဝင်းထိန် ပြော

၂၀၁၇ဟာ တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်ထုတ်နိုင်မယ့် အစနှစ်လို့ ဦးဝင်းထိန် ပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အစိုးရသက်တမ်း တစ်နှစ်ပြည့်မြောက်သည့် ၂၀၁၇ခုနှစ်သည် တိုင်းပြည်ကို ဆင်းရဲတွင်းမှဆွဲထုတ်နိုင်မည့် အစနှစ် ဖြစ်သည်ဟု NLD၏ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

“ဒီ ၂၀၁၇ ဟာ NLD အစိုးရတာဝန်ယူတာ တစ်နှစ်ပြည့်တဲ့နှစ် ဖြစ်သလို နှစ်အကူးမှာ ဒီနိုင်ငံကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်မယ့် လုပ်ငန်းရဲ့ အစနှစ်လို့ ကျွန်တော်ကတော့ သတ်မှတ်ချင်တယ်” ဟု ဦးဝင်းထိန်က ပြောသည်။

အစိုးရ၏ တစ်နှစ်တာ ဆောင်ရွက်ချက်များအပေါ် မတ်လ ၃၁ရက်ည ၈နာရီသတင်းအပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ယင်းသို့ သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရသက်တမ်း တစ်နှစ်အတွင်းတွင်မူ “မဲပေးလိုက်တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေတွေကိုတော့ ဒီထက် တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်။ ကျွန်တော်လည်း သိတယ်။ ဒေါ်အောင််ဆန်းစုကြည် ကိုယ်တိုင်လည်း ဝန်ခံတယ်။ နောက်တစ်ခုကတော့ ပြည်သူလူထုစားဝတ်နေရေး တိုးတက်လာအောင်လို့ အလုပ်အကိုင်ဖန်တီးမှု ဒီထက်ပိုပြီး ဆောင်ရွက်ဖို့ လိုသေးတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်သည် NLD ဦးဆောင်သည့် အစိုးရက ပထမဆုံးရေးဆွဲထားသည့် ဘတ်ဂျက်ဖြင့် စတင်လည်ပတ်မည့် နှစ်တစ်နှစ်လည်း ဖြစ်သည်။

အစိုးရသက်တမ်းတစ်နှစ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဆက်ဆံရေးမှာ “အဖုအထစ် မရှိ” ဟုလည်း ဦးဝင်းထိန်က ပြောသည်။

“ဒေါ်အောင််ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဆင်ပြေမှ ကျွန်တော်တို့ရည်မှန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်မယ်။ နောက်အနာဂတ်အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မယ်။ နောက် ငြိမ်းချမ်းရေးမှာလည်း အဆင်ချောမယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အစိုးရသက်တမ်း တစ်နှစ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့တွင် အစပိုင်းက အိုးနင်းခွက်နင်း ဖြစ်ခဲ့သော်လည်း “ချုပ်ရမယ်ဆိုရင် ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတွေဟာ အထိုက်အလျောက်တော့ လည်ပတ်မှုရှိနေပြီ” ဟုလည်း ဦးဝင်းထိန်က ပြောသည်။

သို့သော် တရားစီရင်ရေးကဏ္ဍတွင်မူ တိုင်စာ အများအပြား ရရှိခဲ့သလို ချွတ်ယွင်းချက်၊ အားနည်းချက် များစွာ ရှိနေသည်ဟု ဦးဝင်းထိန်က မကြာခန ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၀ရာခိုင်နှုန်းခန့် အနိုင်ရရှိခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly