မိုးများရေကြီးပြီး တစ်နိုင်ငံလုံးတွင် တံတား ၂၁စင်း ကျိုးပြတ်ပျက်စီး၊ ယာယီတံတားများကို အရေးပေါ်ဆောက်လုပ်နေ

မိုးများရေကြီးပြီး တစ်နိုင်ငံလုံးတွင် တံတား ၂၁စင်း ကျိုးပြတ်ပျက်စီး၊ ယာယီတံတားများကို အရေးပေါ်ဆောက်လုပ်နေ
ဇူလိုင် ၂၈ရက်က မိုးသည်းထန်စွာရွာသွန်းပြီနောက် စစ်ကိုင်းတို င်းကောလင်းမြို့နယ်တွင် ရေလှှံျနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ -  ဟောင်ဆာ(ရာမည)

မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် နိုင်ငံအဝှမ်း စုစုပေါင်း တံတား ၂၁စင်း ကျိုးပြတ် ပျက်စီးသွားသည် ဟုဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ဝန်ကြီးဌာနရုံးတွင်ပြလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇူလိုင် ၂၉က ပြောဆိုလိုက်သည်။  

ပျက်စီးသွားသည့် တံတား ၂၁စင်းအနက်  ၁၇စင်းကို ဆက်သွယ်ရေးပြတ်တောက်မှုမရှိအောင် ယာယီတံတားထိုးပေးထားသည်ဟု ဆိုသည်။  

ပြီးခဲ့သည့်လအတွင်းက ရခိုင်ပြည်နယ်တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သလို ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး တံတားများ ကျိုးကျပျက်စီးကာ နေရာအချို့တွင် လူအသေအပျောက်ပင် ရှိခဲ့သည်။

လက်ရှိတွင် တံတားကျိုးပြတ်ပျက်စီးမှုကြောင့် ဆက်သွယ်ရေးပြတ်တောက်သည့် နေရာများမှာ စစ်ကိုင်းတိုင်းရှိ တကောင်း-သသာလမ်းပိုင်းမှ မြတောင်တံတား၊ အင်းတော်-နန်စီအောင်ကြားက ဟဲနုတံတား နဲ့ ရှမ်းပြည်နယ် သီပေါ-နမ္မတူလမ်းပိုင်းရှိ နန့်ပေါင်တံတားတို့ဖြစ်ပြီး နေ့ညအဆိုင်းချကာ သုံးရက်အတွင်း အပြီးသတ်ပြင်ဆင်ပေးမည်ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

ထို့ပြင် ဇူလိုင် ၂၇ရက်က ကျိုးသွားသည့် မကွေးတိုင်း၊ ငဖဲ - စေတုတ္တရာလမ်းပိုင်းရှိ မန်းချောင်းတံတားကိုလည်း အရေးပေါ်ပြင်ဆင်နေသည်ဟု ဆိုသည်။

“ကျွန်တော်တို့  အကောင်းဆုံးကြိုးစားပြီးဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်က သတင်းထောက်များကို ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးများနေသည့်အတွက် လမ်းပိုင်းနှင့် တံတားများကို အရေးပေါ်ပြင်ဆင်နိုင်ရန် လမ်းတံတားဦးစီးဌာနအနေဖြင့် ဒေသအသီးသီးရှိ ဝန်ထမ်းများကို အနီးကပ် စောင့်ကြည့်ရန် ညွှန်ကြားထားသည်ဟုလည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly