အတိုက်ခံကောင်း မလုပ်တတ်ဘူးလို့ ဝေဖန်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အစိုးရ ဘေးကျပ်နံကျပ်ဖြစ်အောင် ဖိမထောင်းဘူးလို့ ပါတီဥက္ကဋ္ဌ တုန့်ပြန်

အတိုက်ခံကောင်း မလုပ်တတ်ဘူးလို့ ဝေဖန်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အစိုးရ ဘေးကျပ်နံကျပ်ဖြစ်အောင် ဖိမထောင်းဘူးလို့ ပါတီဥက္ကဋ္ဌ တုန့်ပြန်

ကြားဖြတ်ရွေးကောက်ပွဲမှာ ဘာတွေများ ပြင်ဆင်နေပြီလဲ။ ပြည်သူလူထုနဲ့ ထိတွေ့တဲ့ အခါမှာ ပြည်သူ့လူထုရဲ့ ပါတီပေါ် သဘောထားတွေက ဘာများ တွေ့မြင်ခဲ့ရလဲ ခင်ဗျ။

ခင်ဗျားမေးတဲ့ အတိုင်းပဲ ပြီးခဲ့တဲ့ ကာလတုန်းက အစိုးရ တာဝန်ယူရတဲ့ ပါတီကြီး ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တကယ် လွတ်လပ်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ်အရ ကျွန်တော်တို့ အာဏာ လက်လွှတ်ခဲ့တယ်။ ပြည်သူလူထုရဲ့ ရွေးချယ်မှုလို့ပဲ ရိုးသားစွာ ကျွန်တော်တို့ လက်ခံလိုက်ပြီးတော့ အာဏာလွှဲပြောင်းရေး နောက်အစိုးရ ဆက်လုပ်ရမယ့် လုပ်ငန်းတွေ ကျွန်တော်တို့ ချမှတ်ထားတဲ့ ဟိုအနှစ် ၃၀ Plan  နှစ်တို နှစ်ရှည် စီမံကိန်းတွေ အဲဒီအတွက် ဘတ်ဂျတ်ရာထားချက်တွေ အကုန်လုံးကို ကျွန်တော်တို့ စနစ်တကျ အေးအေးချမ်းချမ်း  ဒါလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ နောက်အစိုးရဟာ သူ့အရည်အချင်းနဲ့သူ ဆက်ပြီးတော့ ကျွန်တော်တို့ ချမှတ်ထားတဲ့ လမ်းကြောင်းတွေ ကျွန်တော်တို့ တွန်းပို့ချင်တဲ့ ပြည်သူ့လူထုရောက်သင့်တဲ့ ဘဝအခြေနေတွေ ရောက်အောင်ပို့နိုင်လိမ့်မယ်လို့ ယုံကြည်စွာနဲ့ ကျွန်တော်တို့ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲတော့ အခုတစ်နှစ်ပြည့်သွားပြီ။ တစ်နှစ်ပြည့်သွားတဲ့ အခါမှာ မဲဆန္ဒရှင် ပြည်သူလူထုဟာ အစိုးရအသစ်ရဲ့ လုပ်ရည်ကိုင်ရည် ဆောင်ရွက်ချက်တွေကို သူတို့ အကဲဖြတ်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ကိုုယ်တိုင်လည်း ပြည်သူကြားထဲက ပြည်သူတစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့ အတွက် အထူး ပြောစရာတော့ မရှိဘူး။  သို့သော်လည်း ခင်ဗျား မေးသလိုပဲ ကျွန်တော်တို့က အခု အတိုက်ခံပါတီလို့ ဖြစ်လာတယ်။ ဒါတောင်မှပဲ အမြဲတမ်းပြောနေကြ စကားအရ ပြောရရင် ဒီအတိုက်ခံ ဆိုတဲ့ စကားလုံးကို သိပ်မသုံးချင်ဘူး။ အတိုက်အခံလို့ ပြောတာသည် အခုနက ဆန့်ကျင်ဘက် ရန်လိုတဲ့ သဘောကို ဆောင်တယ်လို့ ထင်တယ်။ အဲလို မဟုတ်ဘူး။ ကျွန်တော်တို့က အစိုးရ တာဝန်ယူခဲ့တာ ဖြစ်တဲ့ အတွက် အစိုးရ တစ်ရပ်ဖြစ်လာရင် ဘာလုပ်ရမလဲဆိုတာကို နားလည်တဲ့ သူတွေ ဖြစ်တယ်။

အဲတော့ လက်ရှိအစိုးရသည် သူ့အလုပ်ကိုသူ ဖြောင့်ဖြောင့်တန်းတန်း မှန်မှန်ကန်ကန် ပြည်သူ့လူထု အကျိုး နောက်တစ်ခါ ဒီနိုင်ငံကြီးရဲ့ အကျိုးစီးပွားအတွက် သူတကယ်လုပ်နေတယ်ဆိုရင် ကျွန်တော်တို့ ထောက်ခံမှာပဲ။ အဲဒီဟာကို အတိုက်အခံလုပ်စရာ အကြောင်းမရှိဘူး။ သို့သော် တစ်ဖက်က တစ်ပြိုင်နက်ထဲမှာ အခုနက ကျွန်တော်တင်ပြသလိုပဲ ကျွန်တော်တို့ လွှဲပေးခဲ့တဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေကို သူတကယ် အကောင်အထည်ဖော်နိုင်သလား။ ကျွန်တော်တို့ စေတနာကောင်းနဲ့ ချမှတ်ခဲ့တဲ့ လမ်းကြောင်းတွေ သွေဖယ်သွားပြီလား။ အဲလို အခြေနေမျိုးဆိုရင် ကျွန်တော်တို့ ဝေဖန်ရလိမ့်မယ်။ ထောက်ပြရလိမ့်မယ်။

နောက်တစ်ခုက သူမလုပ်နိုင်ရင် ကျွန်တော်တို့ ပြန်လုပ်ဖို့ သူနဲ့ ပြိုင်ရလိမ့်မယ်။ အခုဒီကြားဖြတ်သည် ကျွန်တော်တို့ ဝင်ပြိုင်တာ ဒီရည်ရွယ်ချက် ပါပါတယ်။ ဒါပေမယ့် တစ်ပြိုင်နက်ထဲမှာ ကျွန်တော်တို့ နားလည်နေတာက အခု အားလုံးပြိုင်မှာမှ ၁၉ နေရာပဲ ရှိတယ်။ ဒီ ၁၉ နေရာပဲ ဖြစ်တဲ့ အတွက်တော့ ၁၉ နေရာလုံး နိုင်သောလည်းပဲ လွှတ်တော်အတွင်း အင်အားချိန်ခွင်နေက ဘယ်လိုမှ ပြောင်းစရာ နေရာ မရှိသေးဘူး။ သို့သော် သေချာတယ်။ အခုလက်ရှိ ပြောဆိုနေတာနဲ့ စာရင်တော့ လွှတ်တော်ထဲမှာ Balanced လုပ်နိုင်တဲ့ အင်အားတွေ ဒါဟာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးနိုင်ရင်လည်း ပေါ်လာလိမ့်မယ်။ ပြည်ခိုင်ဖြိုးမဟုတ်သော အခြားသော NLD မှ အပ ဖြစ်တဲ့ ပါတီတွေ နိုင်လာရင်လည်း ပေါ်လာလိမ့်မယ်။ လွှတ်တော်ကို Balanced လုပ်နိုင်တဲ့ အင်အားတွေ အထိုက်အလျောက် ရှိလာလိမ့်မယ်။

ဒီနေ့ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ရော ပါတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ရော လွှတ်တော်ရဲ့ အင်အားကို ထိန်းကျောင်။နိုင်ဖို့ Balanced လုပ်နိုင်ဖို့ အခြေနေဟာ ဘယ်လိုမှ မရှိပါဘူး။ ဒီအနေထားကို ရသလောက် ကျွန်တော်တို့ မဲတင်းပေးချင်တယ်။ တစ်ချိန်တည်း တစ်ပြိုင်နက်ထဲမှာ ပြည်သူလူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု သူတို့ရဲ့ နိုင်ငံရေးအသိအမြင် ကြွယ်ဝမှု ဒါတွေလည်း ကျွန်တော်တို့က စမ်းသပ်ချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က ပြိုင်ပွဲဝင်ခြင်း ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲ အနိုင်ရဖို့အတွက်လည်း လုပ်သင့် လုပ်ထိုက်တာတွေကို တရားနည်းလမ်းကျစွာ အားလုံးဆောင်ရွက်နေပါတယ်။ အားလုံးပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

ဒါကတော့ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တာပေါ့နော်။ ဒီ ၂၀၂၀ ကျလို့ ရှိရင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မယ်။ အထွေထွေရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာကျတော့ ဒါဟာ သုံးနှစ်ခွဲလောက်ပဲ လိုတော့တယ်။ အဲတော့ ပြည်ခိုင်ဖြိုးအနေနဲ့ ဘာတွေများ ပြင်ဆင်နေပြီလဲ။ ပြည်သူတွေ မက်လောက်တဲ့ စကားတစ်ခွန်းပြောပါဆိုရင် ဘာများ ပြောနိုင်မလဲခင်ဗျ။

ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်။ အဲတော့ နိုင်ငံရေးပါတီ အားလုံးရဲ့ အန္တိမရည်မှန်းချက်က ရွေးကောက်ပွဲနိုင်ဖို့ဗျ။ ဒီစကားတွေ အမြဲတမ်း ဒီတစ်ဖက် ပါတီခေါင်းဆောင်လည်း ပြောတယ်။ ကျွန်တော်လည်း ပြောတယ်။ အဲဒီလို အနိုင်ရမှသာ အစိုးရအဖြစ် ဆောင်ရွက်ခွင့် ရှိမှသာ ကိုယ်လုပ်ချင်တဲ့ လူထုအတွက် တိုင်းပြည်အတွက် အလုပ်တွေက ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်မှာကိုး။ ဆိုတော့ ကျွန်တော်တို့က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အဖြေထွက်လာပြီးတဲ့ အချိန်ကတည်းက မိမိပါတီ ဘာတွေ ပြန်ပြင်ရမလဲဆိုတာ စဉ်းစားပြီ။ တကယ်လည်း ပြင်ဆင်ခဲ့ပါတယ်။ အဲတော့ တစ် ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်မှု လူပုဂ္ဂိုလ်ဆိုင်ရာ ပြင်ဆင်မှု လုပ်တယ်။ ဒါလွန်ခဲ့တဲ့နှစ် သြဂုတ်မှာ ကျွန်တော်တို့ ပါတီအထွေထွေညီလာခံ ပြန်ကျင်းပပြီးတော့ လူပုဂ္ဂိုလ်ဆိုင်ရာ ပြင်ဆင်မှုမှာ ကျွန်တော် ဥက္ကဋ္ဌ ဖြစ်လာတာပဲလေ။ ကျွန်တော်အပါဝင် ပါတီတာဝန်အဆင့်ဆင့်ယူတဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ စနစ်တကျ ပြန်ပြီးတော့ ရွေးခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာ ပါတီရဲ့ လုပ်နည်းလုပ်ဟန်တွေ ပါတီရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေ လိုအပ်တဲ့ အပိုင်းတွေမှာ ကျွန်တော်တို့ ပြန်ပြီးတော့ ပြင်ပါတယ်။ အဲတော့ မူဝဒပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ကျွန်တော်တို့ အများကြီး အကြီးအကျယ် ပြင်စရာ သိပ်မတွေ့ဘူး။

သို့သော် အကုန်လုံး လားဆိုတော့ အချိန် အခြေနေဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် အချိန်ကာလနဲ့ တိုင်းပြည် လတ်တလော ကြံုတွေနေရတဲ့ အခြေနေနဲ့ ပတ်သက်ပြီးတော့ ဒါနဲ့ သက်ဆိုင်တဲ့ အပိုင်းမှာ ကျွန်တော်တို့ အပြောင်းအလဲလေးတွေ လုပ်ပါတယ်။ တကယ်အဓိက ဖြစ်တဲ့ ပါတီရဲ့ မူဝါဒက အမျိုးသားရေးမူဝါဒပဲ အဲဒါ အပြောင်းအလဲ မရှိဘူး။ ဒါဟာ ဘာလဲဆိုရင် အခုနက ကျွန်တော်တို့ အရေးသုံးပါးပဲ။ အရေးသုံးပါးဟာ ကျွန်တော်တို့ပါတီက ချမှတ်ထားတာ မို့လို့ အပြောင်းလဲ ပြုလုပ်ဖို့ မလိုဘူးလို့ ပြောချင်း မဟုတ်ပါ။ ဒါဟာ နိုင်ငံသားအားလုံးနဲ့ တိုက်ရိုက်ကြီး တည့်တည့်ကြီး ဆက်သွယ် ဆက်စပ်နေတဲ့ ကိစ္စဖြစ်လို့ နိုင်ငံသားတစ်ယောက် ဖြစ်လာရင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရင် ခင်ဗျားနိုင်ငံရဲ့ အချုပ်ခြာအာဏာ ဘယ်သူအထိခံမလဲ။  ဒီအတိုင်းပဲ နိုင်ငံသားတွေမှာ ရှိနေတဲ့ တိုင်းရင်းသားတွေ အချင်းချင်း သွေးကွဲတာ ဘယ်သူ အဖြစ်ခံနိုင်မလဲ။ ပြည်ထောင်စု ပြိုကွဲတာ ဘယ်သူအဖြစ်ခံနိုင်မလဲ။ အဲဒီဟာတွေ မဖြစ်အောင် ဒါသည် ကျွန်တော်တို့ပါတီရဲ့ အဓိက ချမှတ်ထားတဲ့ မူဝါဒ။ အဲဒါ အမျိုးသားရေး မူဝါဒလို့လဲ ပြောလို့ ရတယ်။

ဒီအခြေခံ အချက်ကြီးကတော့ ကျွန်တော်တို့ လုံးဝ မပြောင်းဘူး။ အဲဒီအမျိုးသားရေးမူဝါဒကို အကောင်အထည် ဖော်နိုင်မယ့် လုပ်နည်းလုပ်ဟန်တွေ ဒါတွေတော့ အခုနက အချိန်နေ အချိန်အခါအရ အပြောင်းအလဲ ရှိနိုင်ပါတယ်။ တင်ပြရရင်တော့ ကျွန်တော်တို့ လူပြောင်းထားတာ ပီပီ မူဝါဒ အားလုံးဟာ အနိစ္စသဘောတွေ ဖြစ်တဲ့အတွက် ပြောင်းသင့်တဲ့ အချိန်ကျရင် ကျွန်တော်တို့ ပြောင်းမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောင်းလဲခြင်းသည် ကျွန်တော်နိုင်ငံသူ နိုင်ငံသားတွေ အကျိုးစီးပွားနဲ့ တိုက်ရိုက် အချိုးကျစေရမယ်။ ဒီလိုပြောင်းလဲနည်းနဲ့ ပြောင်းလဲပြီးတော့ ဟိုဆောင်ရွက်သွာပါ့မယ်။ အဲဒါဟာ အခုတစ်လျှောက်လည်း လုပ်နေတယ်။ ပြီးမှ ဒါဆိုရင် အခုနက ကျွန်တော်တို့ ပြန်ပြီးတော့ အနိုင်ရဖို့အတွက် လူထုကို ဘာ Message ပေးချင်သလဲ။ လူထုမက်လောက်တဲ့ စကားဘာပြောမလဲ ခင်ဗျား မေးထားတာ ရှိတယ်။

အဲတော့ ဒီနေရာ လူထုမက်လောက်တဲ့ သတင်းစကားဆိုတာကို ကျွန်တော်က Emphasize လုပ်ချင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီပါတီစုံ နိုင်ငံရေးစနစ်တွေ ကျင့်သုံးခဲ့တာ ဟိုကျွန်တော်တို့ ငယ်ငယ်ရွယ်ရွယ် အသိဉာဏ်သိပ်မရှိခင် လွန်ခဲ့တဲ့ ၁၄နှစ် ၄၈ ကနေပြီးတော့ အခုနက ၅၈ နောက်တစ်ခါ ၆၂ ပေ့ါ။ အဲလောက် အတောအတွင်းမှာပဲ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့တာကိုး။ ဒီအချိန်မှာ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေရဲ့ ကြွေးကြော်သံတွေဟာ လူထုကို အများကြီး လွှမး်မိုးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကြွေးကြော်သံတွေ လူထုအကြိုက်လုပ်တဲ့ စကားတွေဟာ တကယ့် တိုင်းပြည်ကို ဘယ်လောက် အကျိုးပြုလဲဆိုတာ ခင်ဗျာ အဲဒီီ ၁၄ နှစ်က သက်သေပဲ။ ကောင်းပြီ ဒီဘက် နောက်ပိုင်းခေတ်တွေမှာ တစ်ပါတီ စနစ်နဲ့ လုပ်တယ်။ တပ်မတော်က တာဝန်ယူခဲ့တယ်။ ကြိုက်ခြင်း မကြိုက်ခြင်း အသာထား ဒီနေ့ ၂၀၁၀ က စပြီးတော့ ပါတီစုံစနစ်ထဲကို ပြန်ရောက်လာတယ်။ ပြန်ရောက်လာတဲ့ အခါမှာ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေရဲ့ ပေးတဲ့ Message တွေ ပေါ်မှာ လူတွေက နားထောင်ရတာ။ နားထောင်ပြီးတော့ အဲဒီပါတီပေါ်မှာ ယုံကြည်ခြင်း မယုံကြည်ခြင်း အထင်သေးခြင်း အထင်ကြီခြင်း အဲဒါတွေ ဖြစ်ခဲ့တာကိုး။

ဖြစ်ခဲ့တော့ နောက်ဆုံး  အခု ၂၀၁၅ရွေးကောက်ပွဲ ပြောင်းလဲချိန်တန်ပြီ ဒီမိုကရေစီရရင် လျှပ်စစ်က အလိုလိုဖြစ်မယ် အစသဖြင့် ဒီလို သွေးဆောင်မှုတွေ ကြွေးကြော်မှုတွေနဲ့ အခုနက အရှုံးအနိုင် အဆုံးအဖြတ်တွေ ပေါ်လာတယ်။ ဒီနေ့ ဘယ်လောက် ဒါတွေ လုပ်နိုင်လဲ။ ဒီတော့ ကျွန်တော် အမြင်မှာ ပြောရရင် ကျွန်တော်သည် တိတ်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီနေ့ ကျွန်တော်ဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်နေပြီ။ ဖြစ်နေတော့ အခုနက ခင်ဗျားပြောတဲ့ လူထုမက်လောက်တဲ့ ကြွေးကြော်သံတို့ လူထုမက်လောက်မယ့် သတင်းစကားတို့ ပြောရင် ကျွန်တော် အဲဒါကို သိပ်မသုံးချင်ဘူး။ ကျွန်တော် လုပ်ချင်တာက ကျွန်တော်တိုင်းပြည် ကျွန်တော့် လူထုအတွက် တကယ် အကျိုးရှိမယ့် သတင်းစကား ကျွန်တော်ပြောချင်တယ်။  အေး အဲဒီသတင်းစကားကို ပြောဖို့ဆိုရင်တော့ လွယ်လွယ်နဲ့ တိုတိုနဲ့ ထိရောက်ဖို့ စကားလုံးဆို တော်တော်ခက်တယ်။ ဒါကြောင့် ကျွန်တော့်မှာ အမြဲတမ်း လွန်ဆွဲနေတဲ့ ဥစ္စာက ကျွန်တော်လူထုကြိုက်မယ့် စကားလုံးကို ဖြတ်ပြောလိုက်ပြီးတော့ စကားလုံးကို ဖြတ်ပြောလိုက်တယ် ဆိုကတည်းက အဲဒီကောင်ရဲ့ ကျစ်လစ်မှုနဲ့ သူ့ကို လို်က်ပြီးတော့ အကောင်အထည်ဖော်ရမှုဟာ တော်တော်လေး တာဝန်ကြီးသွားတယ်။ တာဝန်ကြီးသွားတော့ တကယ်တာဝန်ယူရတဲ့ အချိန်မှာ အဲဒီအတိုင်း မလုပ်နိုင်ရင် ကိုယ့်စကား အဖတ်တင်မှာကိို စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ကျွန်တော်တို့က စကားတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောနေတဲ့ အခါမှာ ရပ်ကွက်ထဲမှာ လူထုကြားထဲမှာ နိုင်ငံရေးဟာသတွေ ပေါ်လာတယ်။ ကျွန်တော်တို့က အတိုက်အခံ မလုပ်တတ်ဘူး။ တစ်ဖက်ကျတာ့ အစိုးရ မလုပ်တတ်ဘူး။ အဲပြဿနာ ပေါ်လာတယ်။ 

ဆိုတော့ ခင်ဗျားမေးခွန်း ပြန်ချုံ့ပေးရရင် ကျွန်တော် လူထုမက်လောက်မယ့် စကားလုံးကို စကားအနေနဲ့တော့ မပြောလိုပါ။ သို့သော် ကျွန်တော်တို့ပါတီ လူထုက တာဝန်ပေးလို့ ရှိရင် စောစောကပြောတဲ့ အမျိုးသားရေးတာဝန် သုံးရပ် လုံးဝ ကျေပွန်စေရမယ်။ နောက် လွန်ခဲ့တဲ့ ငါးနှစ်မှာ လက်တွေ့ လုပ်ခဲ့တဲ့ ပြည်သူလူထုရဲ့ စီးပွားရေး အခြေနေ အဆင်အတန်း အနည်းဆုံး လွန်ခဲ့တဲ့ တစ်နှစ်ပေါ့ဗျာ ဒါပေမယ့် ကျွန်တော်တို့ သက်တမ်းက ငါးနှစ် အဲဒီကာလက ရှိခဲ့တဲ့ စီးပွားရေး အခြေနေ အဆင့်အတန်း ကျွန်တော်တို့ ရောက်အောင် ပြန်ကြိုးစားပေးလို့ ရတယ်။ ဘာကြောင့်လဲ လက်တွေ့ လုပ်ခဲ့တာကိုး။ အဲဒီအချိန်တုန်းက ရခဲ့တဲ့ ပြည်သူလူထုရဲ့ လုံခြံုမှု၊ နိုင်ငံရဲ့ တည်ငြိမ်မှု ကျွန်တော်တို့ လုပ်ပြမယ်။ လုပ်တတ်တယ်။ အနည်းဆုံးသည် အဲဒီ အဆင့်အတန်း ရောက်အောင် ပြန်ပို့ပေးပါ့မယ်။ ကျန်တာဟာ လူထုရဲ့ ရေချိန်တက်လာတာနဲ့ အမျှ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အချိန်ကောင်းတာနဲ့ အမျှ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ဘဝ တစ်ခု တည်ဆောက်ပေးနိုင်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပေးနိုင်ပါတယ်။

တစ်ဆက်တည်းပဲ အခုနက အန်ကယ်ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။ NLD က အစိုးရ မလုပ်တတ်ဘူး။ ပြည်ခိုင်ဖြိုးကျတော့ အတိုက်အခံကောင်း မလုပ်တတ်ဘူးလို့ ဝေဖန်ကြတာတွေ ရှိတယ်။ အဲတော့ ပြည်ခိုင်ဖြိုး အပေါ်မှာရော ဒီလိုမျိုးဝေဖန်တာကို ဘယ်လိုမျိုး တုန့်ပြန်ချင်လဲ။

အဲဒီအထဲမှာ ဒီကိစ္စ ကျွန်တော် အကျယ်တစ်ဝင့် ရှင်းလင်းထားပါတယ်။ ပြောရရင်တော့ ကျွန်တော်တို့သည် ပူပူနွေနွေး အစိုးရ တာဝန်ကို ယူခဲ့တဲ့ သူတွေ အစိုးရတာဝန်ကို ယူခဲ့တဲ့ သူတွေ ဖြစ်တဲ့ အတွက် အစိုးရတစ်ရပ် ဖြစ်လာရင် သူဘာလုပ်ရမလဲ သူ့တာဝန်တွေက ဘာလဲ။ သူ့ဟာ ဘယ်လို Challenge တွေနဲ့ တွေ့ရနိုင်လဲဆိုတာ ကောင်းကောင်းသိပြီးသား ဒါကြောင့်မို့လို့ လက်ရှိ အစိုးရ တာဝန်ယူမယ့် ပုဂ္ဂိုလ်တွေ ဘေးကျပ်နံကျပ် ဖြစ်တဲ့ဟာကိုလည်း ကျွန်တော်တို့က ဖိပြီးတော့ မထောင်းချင်ဘူး။ ကိုယ်ချင်းစာစိတ် ရှိတယ်။ နောက်တစ်ခါ သူလုပ်ရင်း ကိုင်းရင်းနဲ့ အခက်အခဲတွေတယ် ဆိုလို့ ရှိရင်လည်းပဲ အခက်အခဲတွေ့တာကို သွားရောကွာဆိုပြီးတော့ ကျွန်တော်တို့က မြေနိမ့်ရာ အလံမစိုက်ချင်ဘူး။ 

ရှင်းရှင်းပြောရရင် ဒီနေ့ လူတွေပြောနေတယ်။ အစိုးရတာဝန်ယူတာ တစ်နှစ်ပဲ ရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ၆၀ က အမှိုက်ထုပ်ကြီး ဘယ်လိုရှင်းမလဲ။ မနေ့တစ်နေ့ကတောင် ဦးတင်ဦးပြောသွားသေးတယ်။ အဲတော့ အဲဒီ အမှိုက်ထုပ်ကြီး ဘယ်လို ရှင်းမလဲ ဆိုတဲ့ ကိစ္စမှာ တကယ်တမ်းကျတော့ ဒို့တာဝန်ယူရင် ဒါတွေကို တွေ့ရမယ်ဆိုတာ သိသိကြီးနဲ့ ဒီတာဝန်ကို ယူခဲ့တာပဲ။ ဒီတာဝန်ယူပြီးတော့မှ ဒါတွေဟာ အရင်လူကြောင့် ဟိုတုန်းက လူကြောင့်လို့ ပြောသွားရင် မှားလိမ့်မယ်။ နောက်တစ်ခါ အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ အမှိုက်ထုပ်တွေ အားလုံးဟာ ဟိုတုန်းက အစိုးရ လုပ်ခဲ့တဲ့ တရားခံ သူကြီးပဲ မဟုတ်ဘူး။ ဒီနေ့ ရှိနေတဲ့ အဲဒီ အရှုပ်ထုပ်တွေကို လုပ်ခဲ့တဲ့ တရားခံကို သေချာ ခွဲခြမ်း စိတ်ဖြာကြည့် ကိုင်း ခင်ဗျားတို့ ဒီနေ့ စီးပွားရေး ကျပ်တည်းမှု ဖြစ်တယ်။ ဘယ်သူ့ကြောင့်လဲ ယခင်အစိုးရတွေ ပို်က်ဆံ တစ်ပြားမှ မရှိတဲ့ အစိုးရကနေပြီးတော့ ကြံုးရုန်းပြီးတော့ ဒီနေ့တိုင်းပြည်မှာ လက်ညှိုးထိုးပြလို့ အရာတွေ အကုန်လုပ်ခဲ့တာပဲ။ လမ်းပန်းဆက်သွယ်ရေးတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေ၊ သွားလာပို့ဆောင်ရေးတွေ၊ အကုန်လုံး နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်အင်အား တည်ဆောက်ပေးခဲ့တာတွေ အဲဒါ ပိုက်ဆံမရှိဘူး ဒီအစိုးရက ဒီလူတွေ ရက်ပိုင်းအတွင်းမှာ ပြုတ်ကျလိမ့်မယ်လို့ ပြောတဲ့ကြားက လုပ်ပြသွားတဲ့ ကိစ္စတွေ ဖြစ်တယ်။

တစ်ခါ အဲဒီအချိန်မှာပဲ တိုင်းပြည်ရဲ့ စီးပွားရေးကို ဗုံးဖြစ်အောင် လုပ်ဖို့ ကျန်တဲ့ အချိန်မှာ တိုင်းပြည်ကို စီးပွားရေး ပိတ်ဆို့ပေးပါ အဲဒါ အရင်လူတွေ လုပ်ခဲ့တာမှ မဟုတ်ဘဲ။ အရင်တုန်းက အတိုက်ခံလူတွေ လုပ်ခဲ့တာ။ ကောင်းပြီ ဒီနေ့ ကျွန်တော်တို့က အစိုးရမဟုတ်တော့ဘူး အတိုက်အခံ ဖြစ်လာပြီ။ ကျွန်တော်တို့ အဲဒီတုန်းကလို စဉ်းစားကြေးဆိုရင် ဒီနေ့ အဲဒီစကားတွေ ကျယ်ကျယ်လောင်လောင် ပြောမှာပေါ့။ ဒါပေမယ့် ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ ဒီစကားကို ကျွန်တော် လွန်ခဲ့တဲ့ လေးငါးရက်က ဒဂုံအရှေ့မှာလဲ ကျွန်တော် ပြောခဲ့ပြီးပြီ။ ခင်ဗျား လွှတ်တော်ထဲမှာ Sanctions ကို Lifted လုပ်ဖို့ အဆို တင်သွင်းတာ ပြည်ခိုင်ဖြိုး အမတ်ဗျ။

ဒါပေမယ့် အံ့သြဖို့ ကောင်းလောက်အောင် ဒီနေ့ အာဏာရနေတဲ့ အမတ်အများစုက အဲဒါကို ဆွေးနွေးခွင့် မရအောင် လုပ်လိုက်တယ်။ ဘယ်လောက် အံသြဖို့ကောင်းလဲ။ ဒါဆိုရင် ကျွန်တော်တို့က အဲဒီလို ဖြစ်တဲ့အတွက် အရင်အတိုက်ခံ လုပ်နည်းအတိုင်းပဲ ကျွန်တော်တို့ကို တစ်ကမ္ဘာလုံးက ပိတ်ဆို့ပေးပါလို့ အော်ရမှာလား။ ဒီလိုပြောမှ အတိုက်အခံလို့ ပြောမှာလား။ ဒါကြောင့် ကျွန်တော် လွန်ခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ ဖြေခဲ့ပါတယ်  ခင်ဗျာ။ ကျွန်တော်တို့ကို အတိုက်အခံ မလုပ်ဘူးလို့ ပြောရင် ကမ္ဘာပေါ်မှာ အတိုက်ခံလုပ်ခြင်းသည် ဤသို့ ဖြစ်သည်။ ဤမေးခွန်းကို မေးမှ ဤ အလုပ်ကို လုပ်မှလို့ ရေးထားတာ မရှိဘူး။

ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်က ကျွန်တော့် လူမျိုးအတွက် ကောင်းစားရမယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် ကောင်းစားရမယ်။ အဲဒီဟာမျိုးဖြစ်ရင် ပူးပေါင်းဆောင်ရွက်မယ်။ မဖြစ်ရင် ကန့်ကွက်မယ်။ ဒီနေ့ ဒီတိုင်းသွားနေတာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အပေါ်မှာ အခုနကလို ဝေဖန်ခြင်းသည် ဝေဖန်သူရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းက ဒီမိုကရေစီကို သွားနေတာ။ အဲဒီ ဒီမိုကရေစီက ကျွန်တော်တို့ သိတဲ့ ဒီမိုကရေစီလို ပရမ်းပတာ ဒီမိုကရေစီ မဟုတ်ဘူး။ တကယ်ကို စည်းနဲ့ ကမ်းနဲ့ ဒါပေမယ့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ ဒါအရင်စစ်အစိုးရရဲ့ ဝါဒဖြန့်တဲ့ စကားလုံးပဲလို့ ဒီလို အလွယ်တကူ သူတို့ ပြောကြတယ်။ မဟုတ်ဘူး။ ဒီမိုကရေစီဟာ စည်းကမ်းလိုကို လိုတယ်။ အတိုက်အခံဖြစ်လည်းပဲ အတိုက်ခံအလုပ်ကို စည်းကမ်းတကျ လုပ်ရမယ်။ အချက်နဲ့ အလက်နဲ့ ပြောရမယ်။ ကျွန်တော်တို့က အဲလို ခံယူတာ။ ဒါကြောင့်မို့လို့ ကျွန်တော်သည် လူအများသတ်မှတ်တဲ့ အတိုက်အခံ ပါတီ ဥက္ကဋ္ဌ ဖြစ်နေသော်ငြားလည်းပဲ ကျွန်တော် ထိန်းထိန်းသိမ်းသိမ်းပဲ ပြောပါတယ်။ ကောင်းတာလုပ်ရင် ကျွန်တော်ဝိိုင်းပြီးတော့ ကူပါ့မယ်။ ကောင်းတာလုပ်နေတာကို သူအတိုက်အခံမို့လို့ သူအမှတ်မရအောင်လို့ ကျွန်တော်တို့ လုပ်ရန်အကြောင်း မရှိပါ။

ခင်ဗျား လွှတ်တော်မှာ ဒီနေ့ ပြည်ခိုင်ဖြိုးပါတီက တင်တဲ့ အဆိုတွေ မေးခွန်းတွေကို လေ့လာကြည့်ပါ။ တိုင်းပြည်အတွက် ကောင်းတဲ့ဟာတွေကို ရှေ့ရှုပြီး တင်ပေမယ့်  ကျွန်တော်တို့ တင်တဲ့ဟာတွေဟာ အင်အားနဲ့ အကုန်လုံး ပယ်ချတာ အတည်မဖြစ်တာ ဒီလိုတွေ ဖြစ်တာ ဒါက အားလုံးသိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုဆိုရင် ကောင်းတာတွေ တင်လို့ ဒီလိုဖြစ်တယ်ကွာ ဆိုပြီးတော့ ကျွန်တော်တို့က ကျန်တဲ့ မလုပ်သင့်တဲ့ ပြည်သူ့လူထု ဒုက္ခရောက်မယ့်အရာကို အတိုက်ခံမို့လို့ လုပ်ဆိုတာကို ကျွန်တော်တို့က ဘယ်တော့မှ သွားမှာ မဟုတ်ဘူး။ လူတွေ သဘောပေါက်ကြပါစေ။ အဲဒီအချိန်ကျရင်တော့ ကျွန်တော်တို့က အဲဒီလို လုပ်ပြီးတော့မှ ကိုယ်အာဏာရမယ့် လမ်းကြောင်း မလုပ်သင့်တဲ့ လမ်းကြောင်းလို့ ယူဆတဲ့ အတွက် အတိုက်အခံအလုပ်ကို တကယ် စည်းနဲ့ကမ်းနဲ့ အချက်နဲ့ အလက်နဲ့ အိန္ဒြေရရ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အစိုးရလုပ်တတ်ခြင်း မလုပ်တတ်ခြင်း ကျွန်တော်တို့ ပြောစရာအကြောင်းမရှိဘူး လူတွေ သူတို့ဘာသာ သူတို့ ဝေဖန်တာ။ 

(ဆက်လက် ဖေါ်ပြပါမည်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags