လက်ကျန်ပွဲစဉ်များတွင် ခြေစွမ်း ပိုမိုကောင်းမွန်လာမည်ဟု ယူ-၁၆ အသင်း နည်းပြပြော

လက်ကျန်ပွဲစဉ်များတွင် ခြေစွမ်း ပိုမိုကောင်းမွန်လာမည်ဟု ယူ-၁၆ အသင်း နည်းပြပြော
မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ အကြိတ်အနယ်ကစားစဉ်။ (ဓာတ်ပုံ - MFF)

ဇူလိုင် ၂၉၊ ရန်ကုန် ။      ။ ၂၀၁၅ အာဆီယံချန်ပီယံရှစ် ယူ-၁၆ ဘောလုံးပြိုင်ပွဲ ဝင်ပြိုင်နေသော မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ပွဲဦးထွက်တွင် စင်ကာပူအသင်းကို အနိုင်ရခဲ့ပြီး လာမည့် လက်ကျန်ပွဲစဉ်များတွင်လည်း ခြေစွမ်း ပိုမိုကောင်းမွန်လာမည်ဟု မြန်မာ ယူ-၁၆ အသင်းနည်းပြ အဲရစ်ဝီလျံက ပြောခဲ့သည်။

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု(ခ)တွင် သြစတြေးလျ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသော မြန်မာ ယူ-၁၆ အသင်းသည် ပွဲဦးထွက်တွင် စင်ကာပူအသင်း ကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

' နောက်လာမယ့် အုပ်စု (၃) ပွဲမှာ ကစားပုံ ဒီထက်ပိုကောင်းလာနိုင် ပါဦးမယ်။ ဖိလစ်ပိုင်နဲ့ ပွဲမတိုင်ခင် ရတဲ့ အချိန် (၃) ရက် အတွင်း ကျွန်တော်တို့ အကောင်းဆုံး လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်သွားမှာပါ'ဟု နည်းပြ အဲရစ်ဝီလျံက ပြောသည်။

မြန်မာ အသင်းသည် လာမည့် သြဂုတ် ၁ ရက်တွင် ဖိလစ်ပိုင်အသင်း၊ သြဂုတ် ၃ ရက်တွင် သြစတြေးလျအသင်း၊ သြဂုတ် ၅ ရက် တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ ဇူလိုင် ၂၈ ရက်က ကစားခဲ့သော အုပ်စု(ခ)၏ အခြားပွဲစဉ်တစ်ပွဲ တွင် အိမ်ရှင်ကမ္ဘောဒီးယားအသင်းက ဖိလစ်ပိုင်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ထို့ကြောင့် အုပ်စု(ခ)တွင် မြန်မာ အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့က တစ်ပွဲ ကစားထားပြီး တစ်ပွဲ အနိုင်ရကာ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိ သည်။ အုပ်စု(က)တွင် လာအို၊ မလေးရှား၊ ဘရူးနိုင်း၊ တီမော၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့ ပါဝင်နေပြီး မလေးရှားအသင်း နှင့် လာအိုအသင်းတို့က ပွဲဦးထွက်တွင် နိုင်ပွဲရရှိထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly