ဧရာဝတီတိုင်းအတွင်း အခြေခံပညာ ကျောင်းဆရာ လိုအပ်ချက် ၃၀၀၀ ကျော်ရှိ

ဧရာဝတီတိုင်းအတွင်း အခြေခံပညာ ကျောင်းဆရာ လိုအပ်ချက် ၃၀၀၀ ကျော်ရှိ

ပုသိမ်၊ ဇူလိုင် ၂၉ ။        ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အခြေခံပညာအဆင့် ကျောင်းဆရာများ လိုအပ်လျှက် ရှိပြီး တစ်တိုင်းလုံး အနေဖြင့်  ဦးရေ ၃၀၀၀ ကျော် လိုအပ်သည်ဟု   ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းအတွင်း မူလတန်းပြ ကျောင်းဆရာများ လိုအပ်ချက်မှာ ၂၀၀၀ ကျော် ဖြစ်ပြီး အထက်တန်းပြဆရာ ၁၀၀၀ ကျော် လိုအပ်သည်ဟုလည်း လူမှုရေးဝန်ကြီးက ဆိုပြီး နေ့စားလပေး ဆရာများ ခေါ်ရန် ပညာရေး ဝန်ကြီးဌာနက ပြောထားခြင်း ရှိသော်လည်း  ညွန်ကြားချက် မလာသေးဟု  ဆိုသည်။

ဒေါ်ခင်စောမူက  “ ဖြည့်နိုင်သလောက် တော့ဖြည့်ထား တယ်။ သင်တန်းဆင်းတွေ လိုသလောက် မဆင်းနိုင်ဘူး၊   ပညာရေးကောလိပ်တွေမှာ အရင် ကျောင်းအိပ်ကျောင်းစားပဲရှိတယ်၊ အခုဆို နေ့ကျောင်းလာတက်တဲ့ သူတွေပါ လက်ခံထားတယ်။ နောက် လေးလငါးလောက်ဆို ဖြည့်ပေး နိုင်မယ်”ဟု  ဆိုသည်။

ခန့်အပ်မည် ဆိုပါက မူလတန်းပြ ဆရာ၊ ဆရာမများ ဦးစွာ ခန့်အပ်မည် ဖြစ်ပြီး ဆရာ၊ ဆရာမများ ရာထူးတိုးခြင်း၊ သက်ပြည့်ပင်စင်သွားခြင်း၊ ကျောင်းအသစ်များ ဆောက်လုပ်လာခြင်းတို့ကြောင့် ဆရာ လိုအပ်ချက် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ဒေါ်ခင်စောမူက  “ဆရာ၊ဆရာမ လိုအပ်ချက်က တိုင်းတစ်ခုလုံးပဲ လိုတော့၊ အပြင်က ဌားလို့ရရင် ဌားတယ်။ ဒေသက မတတ်နိုင်ရင် အုပ်ချုပ်ရေးနဲ့အလှူရှင်တွေ ပေါင်းလုပ်ပေးတယ်”ဟု  ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်တွင် အထက်တန်းကျောင်း ၁၉၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၉၇ ကျောင်း၊ အလယ်တန်းကျောင်း ၁၁၀၊ အလယ်တန်းကျောင်းခွဲ ၆၀၂ ကျောင်း၊ အခြေခံ မူလတန်းကျောင်း ၄၇၃၀၊ အခြေခံမူလတန်းကျောင်းခွဲ ၂၃၃ ကျောင်း ရှိသည်။ တိုင်းအတွင်းတွင် အခြေခံမူလတန်းသင် ဆရာမ ၁၅၀၀၀ ကျော်ရှိကာ  တိုင်းဒေသကြီး တစ်ခုလုံး အနေဖြင့် ဆရာ၊ဆရာမ  ၅၀၀၀၀ ကျော်ရှိသည်။

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်  ပြည်ထောင်စုရန်ပုံငွေမှ  ကျောင်းသစ်ဆောက်လုပ်ခြင်းနှင့် တိုးချဲ့ခြင်း  ၃၂၆ ကျောင်းရှိပြီး၊ ၂၀၁၅-၁၆ တွင် ကျောင်းပေါင်း ၄၉၆ ကျောင်းဆောက်လုပ်၊ တိုးချဲ့ခြင်းပြု လုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly