ဖယ်ရှားခံသမ္မတ ပတ်ဂွန်ဟေးအား ဖမ်းပြီ

ဖယ်ရှားခံသမ္မတ ပတ်ဂွန်ဟေးအား ဖမ်းပြီ

ဆိုးလ်၊ မတ် ၃၁ ။                   ။ ရာထူးက ဖယ်ရှားခံရသည့် တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးအား ဖမ်းဆီးလိုက်ပြီဖြစ်ကာ ဆိုးလ်မြို့နားက အချုပ်စခန်းကို မတ် ၃၁ ရက် အစောပိုင်း၌ ပို့ဆောင်လိုက်သည်။

ပတ်ဂွန်ဟေးအား ရာထူးက ဖယ်ရှားပစ်စေသည့် အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးမှု အရှုပ်တော်ပုံများကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်က အချိန်ကြာမြင့်စွာ အမှုကြားနာပြီးနောက် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ပတ်ဂွန်ဟေးအား လာဘ်ပေးလာဘ်ယူမှု၊ လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားပြုမှု၊ အနိုင်အထက်ပြုမှုနှင့် အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားစေမှုတို့ဖြင့် ဖမ်းဆီးမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။

“အဓိက စွဲချက်တွေ ခိုင်လုံတာကြောင့် ပတ်ဂွန်ဟေးကို ဖမ်းဆီးဖို့ ခိုင်မာလုံလောက်တယ်။ သက်သေတွေ ဖျောက်ဖျက်ခံရမယ့် ဘေးလည်း ရှိနေတာကြောင့် ဖြစ်တယ်။”ဟု တရားရုံးထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရုပ်မြင်သံကြားတွင် တရားရုံးမှ အချုပ်ဆောင်သို့ ခေါ်ဆောင်လာသည့် ပတ်ဂွန်ဟေးက မျက်နှာမကောင်းလှပဲ ရှေ့တူရှုသို့ စိုက်ကြည့်လျက်သာ လိုက်ပါလာသည်ကို မြင်တွေ့ရသည်။

သို့သော် ဆီဒင်ကားအနက်ဖြင့် အချုပ်စခန်းသို့ ပတ်ဂွန်ဟေး ရောက်ရှိစဉ် ဂိတ်ပေါက်များ၌ ၎င်းအား ထောက်ခံသူ ၅၀ နီးပါးက နိုင်ငံတော်အလံများ ဝှေ့ယမ်းကာ ၎င်းအား ပြန်လွှတ်ရေး ကြွေးကြော်ဟစ်အော်ကြသည််။

နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းကြီးများကြား ရေရှည်ခိုင်မာပတ်သက်မှု အမြစ်တွယ်နေသည့် အာရှ၏ စတုတ္ထစီးပွားရေးအကြီးဆုံး တောင်ကိုရီးယားနိုင်ငံတွင် အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးခံရသည့် တတိယမြောက် ခေါင်းဆောင်ဟောင်းတစ်ဦးအဖြစ် အသက် ၆၅ နှစ်ရှိ ပတ်ဂွန်ဟေးက ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly