UNFC အဖွဲ့ဝင်(၅)ဖွဲ့ NCA လက်မှတ်ထိုးမည်

UNFC အဖွဲ့ဝင်(၅)ဖွဲ့ NCA လက်မှတ်ထိုးမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၃၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ အဖွဲ့ဝင် ၅ဖွဲ့အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင််ဆန်းစုကြည်က မတ်လ ၃၀ရက် ညတွင် ပြည်သူများအား သတင်းစကားပါးလိုက်သည်။

UNFC ၏ အဖွဲ့ဝင် (၅)ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ်(WNO)တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးတော့မည်ဟု UNFC ဘက်က ထုတ်ဖော်ပြောကြားလာခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံတော်အစိုးရရဲ့ တစ်နှစ်ပြည့်တဲ့ ဒီကနေ့မှာ ထုတ်ပြန်လာခဲ့တဲ့ ဒီသတင်းဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကောင်းမွန်ဆုံးသော ဆု လက်ဆောင်၊ မင်္ဂလာအရှိဆုံးသော သတင်းကောင်းပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ UNFC အဖွဲ့ဝင်(၅)ဖွဲ့ NCA လက်မှတ်ရေးထိုးမည့်သတင်းအား အစိုးရသက်တမ်းတစ်နှစ်ပြည့်မိန့်ခွန်းပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့ခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သော UNFC ၏ အဖွဲ့ဝင်(၅)ဖွဲ့ကို အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အား ယုံကြည်ပေးသည့်အတွက် အထူးဝမ်းမြောက်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မတို့ အစိုးရအနေနဲ့ နိုင်ငံတော်သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေ မုချရရှိမယ်လိလု့ အခိုင်အမာ ယုံကြည်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ UNFC အဖွဲ့ဝင်(၅)ဖွဲ့အနေဖြင့် NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကလည်း “ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တခဲ့ကြသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်နီများ ပိုမိုလင်းလက် တောက်ပလာခဲ့ပြီ” ဟု သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အရေးကြီးသည့် အချိန်တွင် မလိုလားအပ်သော အဖျက်အမှောင့်များ၊ ငြိမ်းချမ်းရေးပျက်ပြားစေရန် ရည်ရွယ်သော သွေးထိုးလှု့ံဆော်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ညီနောင် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများအနေဖြင့် အထူးဂရုပြုကြပါဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags