ရန်ကုန်၊ မတ် ၃၀ ။ ။ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် ယခုနှစ်အတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ဧရာဝတီတိုင်းဒေသကြီးများက ရေရှားပါးသည့် အပူပိုင်းဒေသ ၁၀ နေရာကို စက်ရေတွင်းများ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မတ်လ (၂၉) ရက်နေ့က မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာတွင် ကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ MPT ၏ ရ တွင်းမြောက် ပေ ၆၀၀ အနက်ရှိ စက်ရေတွင်းကို တူးဖော်လှူဒါန်းပေးခဲ့သည်။ အဆိုပါ စက်ရေတွင်းသည် MPT မှ တူးဖော်ပေးခဲ့သည့် တွင်းများထဲမှ အနက်ဆုံးဖြစ်သည်။
ယခုအစီအစဉ်သည် ရေရှားပါးသော နွေရာသီတွင် ရေအခက်အခဲရှိသည့် နေရာများကို ဦးစားပေးလှူဒါန်းသွားမည့်အစီအစဉ်ဖြစ်သည်ဟု MPT ၏ လက်ထောက်အထွေထွေမန်နေဂျာ ဦးမိုးသူရက ပြောသည်။
မကွေးမြို့မှ (၁၀) မိုင်ခန့်ဝေးသည့် ရွာဟောင်းကန်ကျေးရွာသည် အခြားအပူပိုင်းဒေသကျေးရွာများ နည်းတူ နွေရာသီရောက်ရှိပါက ရေရှားသည့် ဒဏ်ကို ခံရသည့် ရွာတစ်ရွာဖြစ်သည်။ ရွာဟောင်းကန်ကျေးရွာတွင် တောင်သူလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ဝိုင်းမြက ရွာမှာရေပြတ်ပါက ဒုက္ခရောက်ရပုံကို ပြောပြသည်။
“အခက်ခဲကတော့ ဟိုရှေ့ရွာထိပ်မှာ ရေငန်တွင်းကြီးရှိတယ် ။ ကြိုးကြီးနဲ့ ဆွဲနေတုန်း လိမ့်ပြီးတော ပုံးတွေနဲ့ ထစ်နေလို့ ရေတွင်းထဲကျမသေတာ” ဟု တောင်သူ ဒေါ်ဝိုင်းမြက မဇ္ဈိမသို့ ပြောသည်။
ရေရှားပါးသည့် ဒေသများ၏ ရေအခက်ခဲများကို ဖြေရှင်းနိုင်ရန် MPT မှ သိန်းပေါင်း ၂၁၀၀ အသုံးပြုသွားမည် ဖြစ်ပြီး ယခုအစီအစဉ်ကို MPT သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ဟု အမည်ပေးထားသည်။